Skip to main content

ကွမ်းကြောင့်ဖြစ်တဲ့ ပါးစောင်ကင်ဆာ







17.12.2014 နေ့မှာ 39နှစ်အရွယ် ဘုန်းကြီးတစ်ပါး ပါးစောင်က ပေါက်ထွက်နေတဲ့အနာ ကျနော့်ကိုလာပြတယ်၊ မန်းရည်ရယ် သွားရည်ရယ် သွေးရယ် ပြည်ပုပ်တွေရယ် စီးကျလို့ နံဟောင်နေတယ်၊ သေချာကြည့်လိုက်တော့ အဆင့်လွန်နေပြီဖြစ်တဲ့ ပါးစောင်ကင်ဆာ၊ ပေါက်ထွက်နေတာက တစ်နှစ်ကျော်ကြာပြီ၊ အောက်မေးရိုးက ကင်ဆာဆဲလ်တွေပြန့်ပြီးဆွေးလို့ ကျိုးနေပြီ၊ လည်ပင်းမှာလည်း အကျိတ်တွေကခဲလို့၊ ညာဘက်ခြမ်းကိုပါ ပျံ့စပြုနေပြီ၊ ၂၆နှစ်အရွယ်မှာမှကွမ်းစ စားတတ်ခဲ့တာတဲ့။ ဆေးရုံချက်ချင်းတင်၊ ခံတွင်းသန့်စင်အောင် နှာခေါင်းပိုက်ထည့်၊ အနာကိုနေ့စဉ် သန့်ရှင်းရေးလုပ်၊ ပိုးသတ်ဆေးတွေပေးနဲ့ အနံ့အသက်နံဟောင်နေတာတွေ နှစ်ရက်အတွင်း သိသိသာသာ လျော့လာပါတယ်။ တကယ်တော့ ဒီအခြေအနေဟာ နောက်ဆုံးအဆင့်ပါ၊ သေမိန့်စောင့်နေရုံပါပဲ။ အနာဆေးထည့်တိုင်းလည်း သွေးတွေက စီးကျနဲ့ လူနာမပြောနဲ့ ဆေးထည့်ပေးရတဲ့ ဆရာဝန်ကိုယ်တိုင် စိတ်ပျက်အားလျော့လာမိတယ်။ ကျနော်တော်တော်စိတ်ညစ်သွားပါတယ်၊ လွန်ခဲ့တဲ့အပါတ်ကပဲ ကွမ်းစားလို့ဖြစ်တဲ့လျှာကင်ဆာနဲ့ အသက်၂၈နှစ်အရွယ် လူနာတစ်ဦးကို ENT surgeon နဲ့အတူ လည်ပင်းကအကျိတ်တွေထုတ် လျှာတစ်ခြမ်းဖြတ်ထုတ်တဲ့ ခွဲစိတ်မှုကို လုပ်ပေးခဲ့ရပါတယ်၊ ကွမ်းကြောင့်ဖြစ်လိုက်ကြတဲ့ ပါးစောင်ကင်ဆာ လျှာကင်ဆာ သွားဖုံးကင်ဆာ လူနာတွေမနည်းမနောပါ၊ ကွမ်းက ကျနော်တို့ထင်ထားတာထက် အများကြီးဒုက္ခပေးနေပါပြီ၊ ကျနော်တို့ဆေးရုံကို ကွမ်း ဆေးလိပ်တို့ကြောင့်ဖြစ်တဲ့ ကင်ဆာတွေဖြစ်လို့ လာပြကြတဲ့လူနာတွေ မနည်းမနောပါ၊ အများစုမှာ အဆင့်လွန်ကင်ဆာတွေဖြစ်ပြီး ကျနော်တို့ မကယ်တင်နိုင်ခဲ့ပါဘူး။ အရင်က ဒီလောက်ငယ်ငယ်ရွယ်ရွယ်မှာဖြစ်တာ သိပ်မရှိပါဘူး၊ ခုတော့ ကွမ်းပြဿနာက ထင်ထားတာထက်ပိုဆိုးနေပါပြီ၊ ကျနော်လည်း ကွမ်းစားခဲ့ဖူးသလို ကြိုက်လည်းကြိုက်ပါတယ်၊ ကျနော့်မှာ မကျေနပ်ချက်တွေများလာရင် အံကြိတ်ပြီး ကွမ်းဝါးရင်းကနေ ကြိုက်သွားမိတာ၊ နောက်တော့ ငယ်ငယ်ရွယ်ရွယ် ကင်ဆာဖြစ်တာတွေ တွေ့ရလွန်းလို့ မစားရဲတော့ဘူး။ ကျနော့်ရဲ့လုပ်ဖော်ကိုင်ဘက် နောင်တော် မေ့ဆေးဆရာဝန်ကြီးလည်း ကျနော်တို့နဲ့အတူ တွေ့ရများလွန်းတဲ့ ဒီလိုကင်ဆာလူနာတွေကြောင့် ကွမ်းပြတ်သွားပါပြီ။ လမ်းဘေးကွမ်းယာဆိုင်တွေ များလာတဲ့နည်းတူ ခံတွင်းကင်ဆာဖြစ်နှုန်းဟာ ကြောက်ခမန်းလိလိ တက်လာပါတယ်။ လွယ်လွယ်ရ လွယ်လွယ်ဝါးကြပေမယ့် တကယ် ကင်ဆာရောဂါဖြစ်လာတော့ ဆေးကုသစရိတ် မတတ်နိုင်ကြသလို၊ ဆေးကုသစရိတ်တတ်နိုင်ပေမယ့် အဆင့်လွန်ကင်ဆာတွေကို ကုသပေးဖို့ ကျနော်တို့နိုင်ငံအနေနဲ့ ကန့်သတ်ချက်တွေရှိနေသေးတယ်ဆိုတာ ကြုံဖူးသူတိုင်း သိကြမှာပါ။ တကယ်ရောဂါကျွမ်းလာတော့ လူနာတွေ အသက်ဆုံးရှုံးရတယ်၊ မိသားစုဝင်တွေ ဆရာဝန်တွေ သူနာပြုတွေ နာကျင်ကြေကွဲရတယ်။ အဲဒီတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ကွမ်းစားသူတွေရှိရင် စေတနာနဲ့ သတိပေးတားမြစ်ပေးကြပါ၊ မနေနိုင်လို့စားတဲ့သူတွေကိုလည်း လျှော့စားဖို့ ငုံပြီးမထားဖို့ ပြောပေးကြပါ။

အခုလူနာဘုန်းကြီးက တပ်ကုန်းနယ်သား၊ လွိုင်ကော်ဘက်က ဘုန်းကြီးကျောင်းမှာသီတင်းသုံးပါတယ်။ ပါးစောင်ကအကျိတ် ပေါက်ထွက်တာတစ်နှစ်ကျော်ပြီ၊ အောက်မေးရိုးလည်းကျိုးနေပြီး အောက်သွားတချို့လည်း ကျွတ်ထွက်နေပါပြီ။ သူ့ရဲ့ကင်ဆာရောဂါရဲ့ ပျံ့နှံ့မှုကို သိချင်လို့ CT Scan ရိုက်ချင်ပေမယ့် CT စက်က ပျက်နေလို့ MRI ပဲ ရိုက်လိုက်ပါတယ်၊ ထင်ထားသလိုပဲ အခြေအနေက မကောင်း! ဒီတိုင်းထားလိုက်ရင်လည်း လပိုင်းခံဖို့တောင်မသေချာ၊ ဗြဟ္မာ့ခေါင်းရွက်ထားရသလို ဖြစ်နေမိတယ်။

ဘုန်းကြီးဆိုတော့ ငွေရေးကြေးရေးအခက်အခဲကလည်းရှိ၊ ဆေးဖိုးတောင်အနိုင်နိုင်ဆိုတော့ တကယ့်ကိုဘေးကြပ်နံကြပ်ကြုံရတယ်။

ဒါပေမယ့် ကျနော့်မှာ မျှော်လင့်ချက်ရေးရေးတော့ရှိတယ်။ အဲဒါက ကင်ဆာအကျိတ်တွေကို ဖယ်ရှားပစ်ဖို့နဲ့ ဟာသွားတဲ့နေရာကို အခြားသောခန္ဒာကိုယ်အစိတ်အပိုင်းတစ်ခုခုနဲ့ အစားထိုးပြုပြင်ခွဲစိတ်ကုသဖို့ပါပဲ။ ဒါပေမယ့် ဒီအခြေအနေမျိုးမှာ အောင်မြင်ဖို့ရာခိုင်နှူံးနည်းပြီး ကုန်ကျစရိတ်ကလည်း များလွန်းတာကြောင့် ချီတုံချတုံ ဖြစ်နေမိတယ်။ နောက်ဆုံးတော့ "ဘုရင့်နောင် ဖောင်ဖျက်"ဆိုသလို အရဲစွန့်ခွဲစိတ်ဖို့ ကျနော်ဆုံးဖြတ်လိုက်တယ်။

ပထမအဆင့်ခွဲစိတ်ကုသမှုကို နား၊နှာခေါင်း၊လည်ချောင်းအထူးကု ဒေါက်တာကျော်မင်းဦး၊ လက်ထောက်ဆရာဝန် ဒေါက်တာပြည့်ဖြိုးအောင်၊ မေ့ဆေးအထူးကုဆရာဝန်ကြီး ဒေါက်တာသက်လွင်၊ instrument nurse ဒေါ်လှမြတ်သူတို့နဲ့အတူ 24.12.2014ရက်နေ့မှာ ၄နာရီကျော်ကြာ ခက်ခက်ခဲခဲ ပြုလုပ်ကုသိုလ်ယူခဲ့ပါတယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ကျနော့်ရဲ့လက်ထောက်ဆရာဝန်လေး ဒေါက်တာပြည့်ဖြိုးအောင်ဟာ အက်ဆီးဒင့်ဖြစ်ပြီး 28.12.2014ရက်နေ့မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။

အခက်အခဲအမျိုးမျိုးကြားက ဒုတိယအဆင့်ခွဲစိတ်ကုသမှုကို 29.12.2014ရက်နေ့ နံနက်၉နာရီမှာ စတင်ခဲ့ပါတယ်။ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာသက်လွင်၊ ခွဲစိတ်အဖွဲ့မှာ ကျနော်နဲ့အတူ နား၊နှာခေါင်း၊လည်ချောင်းအထူးကု ဒေါက်တာကျော်မင်းဦး၊ လက်ထောက်ဆရာဝန် ဒေါက်တာမေသူခင်၊ Instrument nurseအဖြစ် ဗိုလ်ကြီးအောင်အောင်စံ၊ ဗိုလ်ကြီးနိုင်မင်းထွန်း၊ Running nurseအဖြစ် ဒေါ်လှမြတ်သူ နဲ့ ဒေါ်နော်ရိုစဲလ်ဒါတို့က ပါဝင်ကူညီဆောင်ရွက်ခဲ့ကြပါတယ်။ ဒုတိယအဆင့်ခွဲစိတ်ကုသမှုမှာ ညာဘက်ပေါင်ကနေ 14×30cm အရွယ် အသားစိုင်နှင့်တကွ သွေးကြောများကိုပါ ထုတ်ယူပြီး ပါးစောင်ဟာကွက်နေရာမှာ အစားပြန်ထိုးဖို့ လည်ပင်းမှာရှိတဲ့ သွေးလွှတ်ကြော သွေးပြန်ကြောများနဲ့ ဆက်ပေးခဲ့ပါတယ်။ ဒီလိုခွဲစိတ်မှုမျိုးဟာ ကျွမ်းကျင်မှုမရှိသေးတဲ့ ကျနော့်အတွက် အလွန်ခက်ခဲပင်ပန်းဆင်းရဲသလို့ ခေတ်မီဆေးပစ္စည်းကိရိယာ လိုအပ်ချက်ရှိနေသေးလို့ ကျနော်တို့ အားလုံးအတွက် ကြီးကျယ်တဲ့ စိန်ခေါ်မှုကြီးတစ်ခုပါ။ အရင်က အလားတူ လူနာနှစ်ယောက်ကို ကျနော်တို့ အဖွဲ့ကပဲ ဇမ္ဗူသီရိဆေးရုံကြီးမှာ အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုလူနာဘုန်းကြီးမှာတော့ ကင်ဆာအကျိတ်တွေဟာ ဘယ်ဘက်က လည်ပင်းသွေးပြန်ကြောမကြီး( internal jugular vein)ကို ငုံထားတဲ့အတွက် အဲဒီသွေးပြန်ကြောမကြီးကို ပထမအဆင့်ခွဲစိတ်မှုပြုလုပ်စဉ်မှာ ထုတ်ပစ်ခဲ့ရပါတယ်။ ဒုတိယအဆင့်ခွဲစိတ်မှုအတွက် သွေးလွှတ်ကြောဆက်ရာမှာ အခက်အခဲ သိပ်မရှိနိုင်ပေမယ့် သွေးပြန်ကြောဆက်ရာမှာ အခက်အခဲအကြီးအကျယ်ရှိနိုင်တယ်ဆိုတာ ပထမအဆင့်ခွဲစိတ်မှုပြုလုပ်နေရင်း ကျနော်ကြိုတင်တွက်ဆခဲ့မိပါတယ်။ ကံအားလျော်စွာနဲ့ပဲ ပေါင်ကအသားစိုင်ကို သွေးကြောများနဲ့တကွ အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့သလို လည်ပင်းမှာရှိတဲ့သွေးလွှတ်ကြောသွေးပြန်ကြောတွေနဲ့လည်း အောင်မြင်စွာဆက်ပေးနိုင်ခဲ့ပါတယ်။ ဒုတိယအဆင့်ခွဲစိတ်မှုအတွက် စုစုပေါင်းခွဲစိတ်ချိန် ၇နာရီခွဲ ကြာမြင့်ခဲ့ပါတယ်၊ ကျနော်တို့ ကြိုတင်ခန့်မှန်းခဲ့တာက ကြာချိန် ၁၄နာရီပါ။ ကံအားလျော်စွာနဲ့ အချိန်အများကြီးစောပြီး အောင်မြင်ပြီးမြောက်ခဲ့ပါတယ်။ ကံမကောင်းရင် သွေးထွက်လွန်ပြီးလူနာသေသွားနိုင်သလို သွေးခဲသွားရင်လည်း အစားထိုးထားတဲ့အသားစိုင် ပုပ်သွားမှာဖြစ်ပါတယ်။ အဲလိုပုပ်သွားခဲ့ရင်လည်း လူနာကို မကြာခင်အတွင်း ကျနော်တို့ဆုံးရှူံးရမှာ ဖြစ်ပါတယ်။ မနေ့ကခွဲစိတ်အပြီး အစားထိုးထားတဲ့အသားစိုင်ရဲ့ သွေးလှည့်ပတ်မှုအခြေအနေကို ဒီနေ့ စက်နဲ့စစ်ဆေးကြည့်ရာမှာ ကောင်းမွန်နေတာကို တွေ့ရပါတယ်။ ကျနော်တို့ ရင်တမမနဲ့ ခွဲစိတ်ကုသရင်း ဒီတစ်ကြိမ်လည်း အောင်မြင်ခဲ့ပြီဖြစ်ပါတယ်။

ဒီအောင်မြင်မှုအတွက် ကျနော်တို့ကို သင်ကြားလေ့ကျင့်ပေးခဲ့တဲ့ မိဘ၊ ဆရာသမားများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ခွဲစိတ်ကုသမှုခံယူဖို့ယုံကြည်စွာနဲ့ ခွင့်ပြုပေးခဲ့တဲ့ လူနာများ၊ အဆင့်မြင့်ခွဲစိတ်ကုသမှုများပြုလုပ်နိုင်ရေး အားပေးခဲ့ကြသော အထက်အကြီးအကဲများ၊ ဝိုင်းဝန်းစောင့်ရှောက်ပေးခဲ့ကြတဲ့ ဇမ္ဗူသီရိဆေးရုံကြီးမှ ဆရာဝန်များ၊ သူနာပြုများ၊ သူနာပြုအကူများ၊ သန့်ရှင်းရေးဝန်ထမ်းများ၊ ဓာတ်မှန် ဓာတ်ခွဲမှ ပါရဂူများ ကျွမ်းကျင်ပညာရှင်များ အားလုံကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

ဒီလိုခွဲစိတ်မှုမျိုးဟာ ပြည်ပနိင်ငံများမှာ သိန်းထောင်ချီ ကုန်ကျနိုင်ပြီး အခုအခါမှာတော့ နေပြည်တော် ဇမ္ဗူသီရိဆေးရုံကြီးမှာ သိန်း ၅၀ - ၁၀၀ ဝန်းကျင်နဲ့ ပြုလုပ်နိုင်ပြီဖြစ်ပါကြောင်း ....


Min Zaw Aung

http://ift.tt/1vHJZvP





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1vHJZvR

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...