ကမ္ဘာပေါ်ရှိ ကျွန်းတစ်ကျွန်းမှ တစ်ကျွန်း၊ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ နေ့ရော ညပါ ခုနစ်ရက် ဆက်တိုက် ပျံသန်းနိုင်သော ဆိုလာ စွမ်းအင်သုံး လေယာဉ် Solar Impulse 2 ကို ဆွစ်ဇာလန်နိုင်ငံက အောင်မြင်စွာ ထုတ်လုပ်လိုက်ပြီ ဖြစ်ရာ ၂ဝ၁၅ ခုနှစ်တွင် ထူးခြားသော စွန့်စားမှု ရသများဖြင့် ကမ္ဘာအနှံ့ ပျံသန်း ပြ တော့မည်ဖြစ်သည်။
လောင်စာဆီမသုံး၊ လေထုညစ်ညမ်းမှု မဖြစ်စေဘဲ ကမ္ဘာတစ်ပတ် ပျံသန်းမှု အပါအဝင် ကမ္ဘာ့လေကြောင်း သမိုင်း၏ စာမျက်နှာသစ်ကို ထုဆစ်ပုံဖော်ရင်း အဆိုပါ လေယာဉ်သည် စွမ်းအင်ချွေတာရေး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေးအတွက် Clean Technology ၏ ကြီးမားသောစွမ်းပကားကို ပြသတော့မည်ဖြစ်သည်။ မဟာစိန်ခေါ်မှုကြီးတစ်ရပ်ကို ကျော်လွှားကာ တီထွင်ထုတ်လုပ်လိုက်သော ဆိုလာစွမ်းအင်ဖြင့် နေ့ရောညပါပျံသန်းနိုင်သည့် အဆိုပါလေယာဉ်သည် ၂ဝ၁၅ ခုနှစ် အစောပိုင်း ကာလတွင် မြန်မာနိုင်ငံသို့ ရောက်ရှိကာ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ရဟတ်ယာဉ်တစ်စင်း၏ အကူအညီ ဖြင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့ပေါ်တွင် ကြော့ကြော့မော့မော့ လှလှပပပျံသန်းပြမည်ဖြစ်သည့်အပြင် ကျောင်းသားလူငယ်များအပါအဝင် ပြည်သူများကြည့်ရှု လေ့လာနိုင်ရန် မန္တလေးတံတားဦးလေဆိပ်တွင် ညအိပ် ရပ်နားကာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွား မည်ဟု သိရသည်။
အဆိုပါ ဆိုလာစွမ်းအင်သုံးလေယာဉ်ကို မောင်းနှင် မည့်လေယာဉ်မှူးနှစ်ဦးအနက် ပထမတစ်ဦးမှာ စိတ်ရောဂါ အထူးကုဆရာဝန်ဖြစ်ပြီး ကမ္ဘာတစ်ဝန်း မီးပုံးပျံဖြင့် မရပ် မနား ပထမဆုံးပျံသန်းခဲ့သူ ဘာထရန်ပက်ကဒ်ဖြစ်သည်။ နောက်တစ်ဦးမှာ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး စီမံခန့်ခွဲရေး သိပံ္ပဖြင့် ဘွဲ့ရရှိခဲ့သူ၊ ဝါရင့်တိုက်လေယာဉ်မှူးနှင့် ရဟတ် ယာဉ်မှူးဖြစ်သူ အန်ဒရီဘော်ခ်ျဘတ်ဂ် ဖြစ်သည်။ အပြောအဟောကောင်းသူတစ်ဦးအဖြစ် အတွေးအမြင် သစ်ကို ဖော်ဆောင်ခဲ့သူ ဘာထရန်၏မျှော်လင့်ချက်၊ ကျွမ်းကျင်မှုနှင့် အန်ဒရေ၏ စီးပွားရေးတွင် စွန့်ဦး တီထွင်မှုနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ အတွေ့အကြုံက တစ်ဦးနှင့်တစ်ဦး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြစ်နေမည် ဖြစ်သည်။
အဆိုပါလေယာဉ်သည် ၂ဝ၁၅ ခုနှစ် မတ်လတွင် စတင်ပျံသန်းမည်ဟုသိရပြီး ခရီးစဉ်အစမှာ ပင်လယ်ကွေ့ ဒေသဖြစ်ကာ ခရီးစဉ်အဆုံးမှာ တောင်ပိုင်းဥရောပ ဖြစ်သည်။ ပျံသန်းရာလမ်းတစ်လျှောက်တွင် အာရေဗျ ပင်လယ်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ်၊ ပစိဖိတ်သမုဒ္ဒရာ၊ အမေရိကန်ပြည်ထောင်စု၊ အတ္တလန္တိတ်သမုဒ္ဒရာတို့ကို ဖြတ်သန်းသွားမည်ဖြစ်သည်။
သတင်း-ကျော်သဲအိမ်
Myanmaalinn
http://ift.tt/1xK4A5u
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1FVyCXZ
Comments
Post a Comment