ထွေးဦး(မြန်မာ)တည်ထောင်သူ ဦးခင်မောင်ထွေးက ''ဦးထွေးတို့ ဒီတစ်ခေါက် နိုဝင်ဘာ၂ ရက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာရှိတဲ့ တော်ဝင်အမျိုးသားပြဇာတ်ရုံမှာ မြန်မာနိုင်ငံကိုယ်စားပြုကပြမှာပါ။ မနှစ်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ပွဲပြုလုပ်တော့ သူတို့ကဆက်သွယ်တယ်။ဖွင့်ပွဲမှာ အင်ဒိုနီးရှားသမ္မတတက်ရောက်မယ်။မိတ်ဆက်တဲ့အနေနဲ့ဖျော်ဖြေရမယ်ဆိုတော့ အခွင့်ရတုန်း ကိုယ့်မြန်မာ့ယဉ်ကျေးမှုကို ပြရမယ်ဆိုပြီး ဝမ်းသာသွားတာပေါ့။ဒါပေမယ့်လည်း တကယ်တမ်း လေယာဉ်လက်မှတ်ခက သိန်း ၃ဝ လောက်ကုန်ကျမယ်ဆိုတော့ ဦးထွေးတို့ မတတ်နိုင်တော့ဘူး၊ သူတို့ဘက်ကလည်း လေယာဉ်လက်မှတ်ခပေးတဲ့ထုံးစံလည်းမရှိတော့ နောက်ဆုံးအချိန်ကျမှ မလာဖြစ်တော့ဘူးလို့ ပြောလိုက်ရတယ်။ ''ဒီနှစ်ထိုင်းနိုင်ငံ ဗန်ကောက်မှာလုပ်တော့ သူတို့က ထပ်ဖိတ်တယ်၊ လာစေချင်တယ်။ ဦးထွေးတို့ ခြောက်ယောက်သွားမယ်။ ခါတိုင်း နိုင်ငံခြားပွဲတွေတုန်းက အချိန်ကနည်းနည်းပဲရတော့ ပဒေသာကကွက်လေးတွေပဲ ကပြဖြစ်တယ်။ ခေါင်းစဉ်တွေ ဘာတွေမရှိဘူး။ အခုကမ္ဘာ့ရုပ်သေးပွဲမှာတော့ မြန်မာ့ရုပ်သေးပွဲဆိုတဲ့ ခေါင်းစဉ်နဲ့ ကပြမယ်''။
''ဦးထွေးတို့ မြန်မာပြည်မှာက ဘုရားပွဲရက်တွေဆို ရုပ်သေးပွဲတွေကို တစ်ညလုံး ကပြဖျော်ဖြေကြတာလေ။အဲလိုကပြတဲ့ ထုံးစံလေး တွေသိအောင်ပြချင်တယ်၊ အချိန်တစ်နာရီပဲရတော့ အချိန်တိုအတွင်းဝင်အောင် ပဒေသာကကွက်တွေအပြင် သောတ္ထိတေနသမ္ဘူလ ဇာတ်တော်ကြီးတွေကိုပါ ကမယ်။ အဆုံးသတ်ကိုတော့ ဦးရွှေရိုး ဒေါ်မိုးနဲ့ပိတ်လိုက်မယ်။ ၂ဝ၁၂ စင်ကာပူမှာ အောင်မြင်ခဲ့တဲ့ပွဲလို ဆိုင်းအခွံကြီးတွေ၊ တကယ့်အဆိုတော်ကြီးတွေမပါပေမယ့် စနစ်တကျနဲ့ မြန်မာ့ရုပ်သေးဆိုတာ ဒီလိုပါလားဆိုတာ ကမ္ဘာကသိသည်ထက် ပိုသိအောင် မြန်မာ့ရုပ်သေး ကမ္ဘာ့အလယ်ဝင့်ထည်နေအောင် အကောင်းဆုံးကပြခဲ့မယ်''ဟု ပြောကြားခဲ့သည်။
ရုပ်သေးအနုပညာသည် လူကိုယ်တိုင်အစား အရုပ်ကလေးများကို လှုပ်ရှားကပြသရုပ်ဆောင်စေသည့် ပွဲသဘင်ဖြစ်သည်။ ရုပ်သေးသဘင် ပေါ်ပေါက်လာရခြင်း၏အကြောင်းရင်းမှာ သက်မဲ့အရုပ်ကလေးများကို နည်းအမျိုးမျိုးဖြင့် အသက်ဝင်လှုပ်ရှားအောင် ကြံစည်တီထွင်သည့် မြန်မာ့လက်မှုပညာ၏ ကြိုးပမ်း မှုပင်ဖြစ်သည်။ မြန်မာ့ရုပ်သေးသဘင်သည် ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက အရေးပေးမြှောက်စားခြင်းခံခဲ့ရသည်။ မြန်မာ့ရုပ်သေးသည် သီချင်းသီဆိုမှုအလိုက် ကြိုးဆွဲသူ၊ သီဆိုသူ၊ တီးမှုတ်သူ သုံးဦးတစ်ပြိုင်နက် အကွက်ကျဆီလျော်အောင် ကပြလှုပ်ရှားရသည့်အတွက် နှစ်ကိုယ့်တစ်စိတ်၊ သုံးကိုယ့် တစ်စိတ်ပညာလို့ပင် ခေါ်ဆိုကြသည်။ လက်နှစ်ဖက်သာရှိသည့်လူသည် ဆယ့်ခြောက်ကြိုးမှ ကြိုးပေါင်းခြောက်ဆယ်ရှိသော ရုပ်သေးရုပ်ကို လိုသလိုစည်းဝါးတကျ ခုန်ပျံလှုပ်ရှားစေပြီး သက်ရှိလူကဲ့သို့ ပွဲကြည့်ပရိသတ်ကို ငိုစေ၊ ရယ်စေ၊ မုန်းစေ၊ ချစ်စေအောင် စိတ်ကိုဆွဲဆောင်ခြယ်လှယ်နိုင်စွမ်းဖြင့် လှုပ်ရှားစေနိုင်ခြင်းမှာ ရုပ်သေးအနုပညာ၏ ခက်ခဲလေးနက်မှုများပင်ဖြစ်သည်။
ယနေ့ခေတ်တီထွင်ဆန်းသစ်လာသည့် ခေတ်သစ်ဖျော်ဖြေမှုများနှင့် အနောက်တိုင်းတေးဂီတယဉ်ကျေးမှုများ လွှမ်းမိုးလာမှုများကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာများ မတိမ်ကောမပျောက်ပျက်ရလေအောင်၊ တိုင်းတစ်ပါးယဉ်ကျေးမှု၏ လွှမ်းမိုးခြင်းမခံရလေအောင် နိုင်ငံတော်မှ အမြော်အမြင်ကြီးစွာဖြင့် အဆင့်အတန်းမြင့်မားလှသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ပိုမိုမြတ်နိုးထိန်းသိမ်းရေးအတွက် ၁၉၉ဝ ပြည့်နှစ်မှစပြီး အဆို၊ အက၊ အရေး၊ အတီးပြိုင် ပွဲကြီးများကို နှစ်စဉ်ကျင်းပပေးခဲ့သည်။
မြန်မာ့ယဉ်ကျေးမှုသည် မြန်မာပြည်သူတို့၏ နှလုံးသည်းပွတ်ဖြစ်ပြီး မြန်မာပြည်သူတို့ အလေးအမြတ်ထားအပ်သော ဘိုးဘွားပိုင် အဖိုးမဖြတ်နိုင်သည့် ရတနာအမွေအနှစ်များ ဖြစ်ပေသည်။ ခေတ်လူငယ်များအနေဖြင့်လည်း လက်ဆင့်ကမ်းထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြလျှင် မြန်မာ့ရုပ်သေးပွဲမှသည် မြန်မာ့ယဉ်ကျေးမှုများ ကမ္ဘာ့အလယ်ဝင့်ထည်လှပနေတော့မည်။
သတင်းနှင့်ဓာတ်ပုံ
ခင်ဇာလီ(ကြေးမုံ)
The Mirror Daily
http://ift.tt/1n2DVIZ
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1p8qVcX
Comments
Post a Comment