Skip to main content

ဦးအံ့မောင်ကို တရားစွဲဆိုခြင်း – မောင်ကျောက်တိုင်



တရားသူကြီးက ““ဘာများမေးချင်သေးလဲ”” ဟု ပြောရာ ဦးအံ့မောင်က ပါလာသော အမှုတွဲကို ကိုင်ထားပြီးနောက် သံဃမဟာ နာယက အဖွဲ့၏ စေခိုင်းချက်အရ တာဝန် ထမ်းဆောင်ရခြင်း သာ ဖြစ်ပါကြောင်း ဖြေရှင်း တင်ပြသည့်အခါ ““အဲဒီချေပချက် ရှင်းလင်းချက်တွေကို ဦးအံ့မောင် အလှည့်ရောက်တဲ့ အခါမှသာ ပြောခွင့် ရှိပါတယ်။ ယခုအခါ မေးခွန်းကိုသာ မေးခွင့်ရှိပါတယ်”” ဟု တရားသူကြီးက ပြောပါသည်။ ဦးအံ့မောင်သည် ရှေ့နေလည်း မဟုတ်သဖြင့် ဘာမေးရမှန်း မသိလို့ ““မမေးတော့ပါဘူး”” ဟု ဖြေဆို လိုက်ပါသည် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ဦးအံ့မောင်သည် ကမ္ဘာအေးကုန်းမြေ၊ ဇမ္ဗူဒီပ ကျောင်းေ ဆာင် အောက်ထပ် (၀ိနိစ္ဆယဌာန)၌ ရုံးလုပ်ငန်းများဖြင့် အလုပ် ရှုပ် နေသည်။ နေ့စဉ်အလုပ်မှာ နံနက် ၆နာ ရီမှစ၍ အစော ဆုံးည ၉ နာရီမှ ရုံးဆင်းရသည်။


သံဃာ့ဝိနိစ္ဆယ ဥပဒေ မပေါ်မီ ၁၉၈၀ ပြည့်နှစ်အထိ ကျောင်းမှု ကန်မှု၊ ပါရာဇိက အမှုပေါင်း ၁၀၀၀ ကျော်နှင့် ချိပ်ပိတ်ကျောင်း ၆၀၀ ကျော်ကို အစအဆုံး ဖြေရှင်း တင်ပြနိုင်ရန် ရေး သားပြုစု နေရသည့်အပြင် ၀န်ထမ်းမှာ လည်း ၅ ယောက်ခန့် သာ ရှိသောကြောင့် အလုပ်များ မနိုင်မနင်း ဖြစ်နေသည်။


၁၉၈၃ ခုနှစ်၊ မတ်လ၊ ည ၈ နာရီခန့်တွင် တိုက်ပုံ အနက်နှင့် လူငယ်လူရွယ် သုံးယောက်တို့ ရောက်ရှိလာကြပြီး ““သူတို့ ကိုးကွယ်သည့် ဘုန်းကြီးမှာ စမ်းချောင်းမြို့နယ် မြသိန်းတန် ဓမ္မာရုံ၌ တရားဟောခွင့် တင်ပြ တောင်းခံ ထားရာ မြို့နယ်သံဃနာယက အဖွဲ့က တရားပွဲကို ပိတ်ထားကြောင်း၊ အကျိုးအကြောင်း စုံစမ်းသည့်အခါ ဦးအံ့မောင်က အပိတ်ခိုင်း၍ တရားပွဲ ပိတ်ထားရသည်ဟု သိရှိပါကြောင်း ထို့ကြောင့် သူတို့ ဘုန်းကြီးကို တရားဟောခွင့် ပြုပါရန် တောင်းခံလာပါသည်။


တရားဟောမည့် ဘုန်းကြီးဘွဲ့ကို ပြောပါဦးဟု မေးသည့်အခါ (မဟာဝိဇ္ဇာဘွဲ့ရ ဘုန်းကြီး ဖြစ်သည်ဟု ပြောပါသည်။…


ဦးအံ့မောင်က ယင်းပုဂ္ဂိုလ်မှာ မန္တလေးတိုင်း၊ သံဃာ့ ၀ိနိစ္ဆယအဖွဲ့၌ စတုတ္ထပါရာဇိက အမှုငြိစွန်းခြင်း ရှိ၊ မရှိကို သာသနာရေး ဦးစီးဌာနမှူးက အယူခံ တက်ထားကြောင်း၊ ပါရာဇိက အမှုဖြင့် စစ်ဆေးနေဆဲ ကာလဖြစ်သော ဘုန်းကြီးများကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က တရားဟောခွင့် မပြုကြောင်း၊ နိုင်ငံတော် သံဃာ့ ၀ိနိစ္ဆယ အဖွဲ့ထံမှ (သုဒ္ဓ) သီလစင်ကြယ်သည်ဟု ဆုံးဖြတ်ချက် ရရှိမှသာ တရားဟောခွင့် ပြုနိုင်ပါကြောင်း၊ ခင်ဗျားတို့ကလည်းဗျာ တရားဟော ဓမ္မကထိက ရှားလွန်းလို့၊ ဒီဘုန်းကြီးမှ ဒီဘုန်းကြီးဆိုပြီး တမ်းတမ်းစွဲ ဖြစ်နေကြတယ်””ဟု ဦးအံ့မောင်က ညည်းညည်းညူညူ ပြောလိုက်သေးသည်။ တိုက်ပုံ အနက်ရောင်နှင့် လူရွယ် ၃ ယောက် ပြန်သွားပြီးနောက် ၇ ရက်၊ တစ်ပတ်ခန့် အကြာတွင် ဦးအံ့မောင်အား အမှုစစ်ဆေးခံရန် ဆင့်ခေါ်စာ ရရှိခဲ့သည်။ သာသနာတော်အား ပုတ်ခတ် စော်ကားသည့်အတွက် စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်း ရပ်ကွက်နေ ဦးအောင်ဆန်းက တရားလို ပြုလုပ်၍ ပြစ်မှုကြီးအမှတ် ၂၉၅(က)ဖြင့် စွဲဆိုလာသဖြင့် မရမ်းကုန်းမြို့နယ် တရားရုံးတော်သို့ လာရောက် အစစ်ခံရန် ဆင့်ခေါ်စာ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။


ဦးအံ့မောင်သည် အစိုးရ ၀န်ထမ်းတစ်ဦး ဖြစ်၍ မည်သည့် အမှုအခင်းကိုမျှ ရင်မဆိုင်ဖူး၊ မတွေ့ကြုံ ဖူးသေးသဖြင့် ထိတ်လန့် တုန်လှုပ်သွားသည်။ ဦးအံ့မောင်နှင့်အတူ ၀ိနည်းဓမ္မက မှုခင်းများ ဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာ နည်းလမ်းများကို အတူတကွ ရေးဆွဲဖက် ဖြစ်သော ဗဟိုတရားရုံး ရှေ့နေကြီး ဦးသိမ်းအောင်က တရားဝင် သဘောထား ပေးထားသည်မှာ ““ဦးအံ့မောင်ကို ဒုတိယ ညွှန်ကြားရေးမှူး (အရာရှိ တစ်ယောက်)အနေနဲ့ စွဲဆိုခြင်း မဟုတ်ကြောင်း၊ ၀န်ထမ်းမဟုတ်သည့် (သာမည) ဦးအံ့မောင်ကို တရား စွဲဆိုခြင်း ဖြစ်၍ တရားစွဲဆိုခွင့် ရှိကြောင်း မရမ်းကုန်းမြို့နယ် တရားရုံးသို့ သဘောထား ပြန်ကြားချက်အရ အမှုဖွင့် စွဲဆိုခဲ့ခြင်း ဖြစ်ပါသည်။


သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် မပေါ်ပေါက်မီက ထိုမဟာဝိဇ္ဇာဘုန်းကြီး ရေးသားပြုစုသည့် စာအုပ်စာများကို ၃ ရက်၊ ၄ ရက်မျှဖြင့် အမြန်ဖတ်ရှုပြီး ခွင့်ပြုချက် ထုတ်ပေးခဲ့သည်။ ယခု သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် ပေါ်ပေါက်လာပြီ ဖြစ်၍ စာပေစိစစ်ရေး တာဝန်ကျ စာစစ်အယ်ဒီတာက ဖတ်ရုံဖြင့် မပြီးသေးဘဲ သံဃ မဟာနာယက အဖွဲ့အစည်းအဝေးသို့ တင်ပြပြီးမှ အစည်းအဝေး မှတ်တမ်း ထွက်ပြီးနောက်မှ စာမူခွင့်ပြုချက် ထုတ်ပေးရခြင်း ဖြစ်၍ ၇ ရက်၊ (၂)ပတ်၊(၃) ပတ်လောက် ကြာသွားခဲ့သည်။ ဒါကိုဘုန်းကြီးက သည်းမခံနိုင်သဖြင့် စာပေစိစစ်ရေး အယ်ဒီတာများသည် ဘုန်းကြီး၏ စာမူများကို တမင်တကာ ကြန့်ကြာစေရန် ပြုလုပ် နေ ပါကြောင်း ပြည်ထဲရေးနှင့် သာသနာရေး ၀န်ကြီးဌာန ၀န်ကြီးဦးစိန်လွင်ထံသို့ တိုင်ကြားခဲ့ပါသည်။ ထိုအခါ စာပေစိစစ်ရေး တာဝန်ကျသူက ယခင်က သံဃာ့အဖွဲ့အစည်းက ဖတ်ရှု စိစစ်ခြင်း မပြုခဲ့သဖြင့် မြန်ဆန်ပါကြောင်း၊ ယခုအခါ သံဃာ့အဖွဲ့အစည်း ဆရာတော်ကြီးများကို တင်ပြ အတည်ပြု နေရပါကြောင်း ပြန်လည် တင်ပြပါသည်။


ဝန်ကြီးက ဒီလိုဆိုရင် ဒီဆရာတော်ရေးတဲ့ စာတွေကို ပြန်ဖတ်ရန် သံဃာ့အဖွဲ့အစည်းသို့ တင်ပြပါဟု ညွှန်ကြား သဖြင့် ထိုပုဂ္ဂိုလ်၏ စာမူ ၃ ခု၊ ၄ ခုကို ဆရာတော်များထံ တင်ပြခဲ့ရပါသည်။ ဆရာတော်ကြီးများက ““ဒီပုဂ္ဂိုလ် ရေး သားသည့် စာမူများ၌ အချို့သော အသုံးအနှုန်းများမှာ စတုတ္ထပါရာဇိက အာပတ်နှင့် ငြိစွန်းနေကြောင်း တွေ့ရှိရ သည်ဟု မှတ်ချက် ပြုခဲ့ပါသည်။


ယင်းမှတ်ချက်အရ ထိုပုဂ္ဂိုလ်၏စာမူပါ အချို့သော စကားလုံး အသုံးအနှုန်းများကို ထုတ်နုတ်တင်ပြ၍ စတုတ္ထပါရာဇိက အာပတ်နှင့် ငြိစွန်းမှု ရှိ၊ မရှိ ဆုံးဖြတ် ပေးတော်မူပါရန် တိုင်းသာသနာရေးမှူးက စောဒက ပြုလုပ် စွဲဆိုခဲ့ပါသည်။


အမရပူရမြို့နယ် သံဃာ့ဝိနစ္ဆယအဖွဲ့ရှေ့၌ နှစ်ဦးနှစ်ဖက် ဖြေရှင်း လျှောက် ထားချက်များ ကြားနာပြီးနောက် ဤပုဂ္ဂိုလ်သည် လောကုတ္တရာ စာပေသင်ယူခဲ့ဖူးခြင်း မရှိသဖြင့် စာပေကျမ်းဂန် ကျနစွာ သင်ကြားပြီးမှ တရား ဟောခွင့်ပြုရန် ဆက်တိုက် ညွှန်ကြား ဆုံးဖြတ်သည်။ အဓိမာနဖြင့်ပြောဆို သုံးနှုန်း ရေးသားခြင်းကြောင့် ဒုက္ကဋ် အာပတ်သင့်သည်။ ယင်းဒုက္ကဋ် အာပတ်ကို ဒေသနာကြားနာစေ”” ဟုဆုံးဖြတ် လိုက်သည်။ ယင်းဆုံးဖြတ်ချက် ရရှိပြီးနောက် ယင်းပုဂ္ဂိုလ်သည် ရန်ကုန်မြို့၊ ပုဇွန်တောင် မြို့နယ်၌ တရားပွဲ စတင် ဟောကြားနေကြောင်း၊ သံဃမဟာနာယက အဖွဲ့အစည်းက မဟုတ်မတရား စွပ်စွဲသော်လည်း မိမိသည် သီလစင်ကြယ်ကြောင်း ဆုံးဖြတ်ချက် ရခဲ့ကြောင်း၊ သံဃာမဟာနာယက အဖွဲ့က ထိုပုဂ္ဂိုလ်၏ မှုခင်းကို တိုင်းသံဃာ့ ၀ိနိစ္ဆယသို့ အယူခံ တက်ရမည် ဖြစ်ကြောင်း ညွှန်ကြားသဖြင့် မန္တလေးတိုင်း သာသနာရေးမှူးက မန္တလေးတိုင်း သံဃာ့ဝိနိစ္ဆယသို့ အယူခံ တက်ခဲ့ပါသည်။ ထိုကဲ့သို့ ပါရာဇိက အမှုဖြင့် စွပ်စွဲခံနေရသော ရဟန်းတစ်ပါး အနေဖြင့် တရားဟောခွင့် မပြုနိုင်သေးကြောင်းကို ညွှန်ကြားစာ ထုတ်ခဲ့ပါသည်။ ယင်းညွှန်ကြားချက်ကို ရန်ကုန်နှင့် မန္တလေးမြို့နယ် အသီးသီးသို့ ပို့ပေးခဲ့ပါသည်။ ထို ညွှန်ကြားချက်အရ စမ်းချောင်းမြို့နယ်၊ မြသိန်းတန်ဓမ္မာရုံ၌ ထိုပုဂ္ဂိုလ် တရားဟောခွင့်ကို မြို့နယ် သံဃနာယကအဖွဲ့က ပိတ်ထားသော်လည်း သက်သေ အထောက်အထား ရရှိစေရန် တိုက်ပုံ အင်္ကျီအနက်နှင့် ရှေ့နေသုံးယောက်သည် ဦးအံ့မောင်ထံ ည ၈ နာရီခန့်တွင် လာရောက်၍ စကားစရှာပြီး ထောင်ဖမ်းခြင်း ဖြစ်ပါသည်။ ထိုသို့ လာရောက်သူ သုံးဦးအနက် မုန့်လက်ဆောင်ကုန်းမှ ဦးအောင်ဆန်းလည်း ပါဝင်ခဲ့ပုံရသည်။ ဦးအံ့မောင်သည် တရားရုံးမှ ဆင့်ခေါ်စာကို ပြည်ထဲရေးနှင့် သာသနာရေး ၀န်ကြီးဌာန၊ ၀န်ကြီးဦးဘိုနီထံ သွားရောက် တင်ပြခဲ့ပါသည်။ ဦးဘိုနီက ““ဘာခက်လဲ၊ ခေါ်ရင် သွားလိုက်ပါ၊ မဟာနာယကရဲ့ ခိုင်းစေချက်အရ ဒါတွေဒါတွေကို တာဝန်အရ လုပ်ရပါကြောင်း တရားသူကြီးထံ ရှင်းပြလိုက်ရင် ပြီးတာပဲ”” ဟု လွယ်လွယ်လေး ပြောလိုက်သဖြင့် နောက်တစ်နေ့ တရားရုံး ချိန်းဆိုသည်နေ့တွင် မရမ်းကုန်း တရားရုံးသို့ ကိုယ်တိုင် သွားရောက်ပြီး အမှုတွဲဖိုင်ကို ကိုင်စွဲပြီး ရဲဝံ့စွာ သွားရောက်ခဲ့ပါသည်။


တရားသူကြီးက တရားလိုတရားပြိုင် ၂ ဦး စုံပြီဖြစ်၍ အမှုကို စတင်ဖွင့်လှစ် စစ်ဆေးပါတော့သည်။ ရှေးဦးစွာ တရားလိုက ““ဦးအံ့မောင်သည် ဘုန်းကြီး တရားပွဲကို ပိတ်ပင်ကြောင်း၊ ဤသို့ ပိတ်ပင်သည့်အတွက် တရားလို အပါအ၀င် စမ်းချောင်းမြို့နယ် တရားနာ ပရိသတ်များ၏ စိတ်ဓာတ် ထိခိုက်နာကြည်း စေပါကြောင်း၊ သူတို့ ကြည်ညို ကိုးကွယ်နေသည့် ဆရာတော်ကို တရားမဟောရဟု တားဆီးခြင်းသည် ကြည်ညို ကိုးကွယ်သူတို့ စိတ်ကို နာကြည်း စေပါသဖြင့် ပြစ်မှုကြီး (ရာဇသတ်ကြီး) ပုဒ်မ ၁၉၅ (က) ဖြင့် အရေးယူရန် တင်ပြတိုင်ကြား ရခြင်းဖြစ်ကြောင်း အစစ်ခံ ထွက်ဆိုခဲ့ပါသည်။


ထို့နောက် တရားသူကြီးက ဦးအံ့မောင်အား““ဘာများမေးချင်သေးလဲ”” ဟုပြောရာ ဦးအံ့မောင်က ပါလာသော အမှုတွဲကို ကိုင်ထားပြီးနောက် သံဃမဟာ နာယကအဖွဲ့၏ စေခိုင်းချက်အရ တာဝန် ထမ်းဆောင်ရခြင်းသာ ဖြစ် ပါကြောင်း ဖြေရှင်းတင်ပြသည့် အခါ ““အဲဒီချေပချက် ရှင်းလင်းချက်တွေကို ဦးအံ့မောင်အလှည့် ရောက်တဲ့ အခါမှသာ ပြောခွင့်ရှိပါတယ်။ ယခုအခါ မေးခွန်းကိုသာ မေးခွင့်ရှိပါတယ်”” ဟု တရားသူကြီးက ပြောပါသည်။ ဦးအံ့မောင်သည် ရှေ့နေလည်း မဟုတ်သဖြင့် ဘာမေးရမှန်းမသိလို့ ““မမေးတော့ပါဘူး””ဟု ဖြေဆိုလိုက်ပါ သည်။ ထိုအခါ ““အာမခံတင်ပါ၊ အာမခံ မတင်နိုင်ရင်တော့ အင်းစိန်ထောင်ပို့ပြီး ချုပ်နှောင် ထားရပါမည်”” ဟု တရားသူကြီးက ပြောမှ ““ထိပ်ချမှ ဓားပြမှန်းသိ ဆိုသလို”” တရားလို ရှေ့နေတို့၏ ထောင်ချောက်ထဲ ၀င်လိုက် မိပါသည်။


အမှန်မှာ ဤကဲ့သို့ တရားလိုက တရားရုံးကို ဦးတိုက်လျှောက်ထား စွဲဆိုသည့် အမှုမျိုး၌ ရှေ့နေကောင်း ကောင်း ရှာပြီး အမှုအခြေအနေကို လေ့လာပြီး အမှုရှင်ဆိုင်ရမည် ဖြစ်ပါသည်။ ဤအမှုမျိုး၌ တရားလိုက သွားရောက် အစစ်မခံဘဲ နေပါက အမှုမှာ မပွင့်ပါ။ အမှုရပ်ထားရပါသည်။ ကျွန်တော်၏ တပည့်ဦးလှကိုမှာ စမ်းချောင်း တရားရုံးက အလားတူ ဆင့်ခေါ်မှုမျိုး၌ မသွားဘဲနေသဖြင့် အမှုဖွင့်လို့ မရတော့ဘဲ ၂နှစ်၊ ၃နှစ်ကြာတော့ အမှုက အလိုလို ပိတ်သွားသည်။ ဦးအံ့မောင်သာလျှင် သူရဲကောင်းကြီးလုပ်ပြီး အမှုရင်ဆိုင် လိုက်သည့်အတွက် အမှုပွင့်သွားပြီး အင်းစိန်ထောင်မှာ အချုပ်ခံရတော့မည် ဖြစ်ခဲ့ပါသည်။


တရားလိုရှေ့နေက““ဦးအံ့မောင်သည် ရာထူးကြီးသူ ဖြစ်နေ၍ အာမခံ ပေးလိုက်ပါက အမှုမှာ ပျက်ပြယ် သွားနိုင်ပါကြောင်း၊ ဤအမှုမှာ ထောင်ဒဏ် ၂နှစ်ဖြစ်၍ ပြစ်မှုကြီးသောကြောင့် အာမခံကို ခွင့်မပြုသင့် ပါကြောင်း ကန့်ကွက် ပါကြောင်းဖြင့်”” အာသွက် လျှာသွက်ဖြင့် လျှောက်လဲချက် ပေးပါသည်။ ဦးအံ့မောင်မှာ ဘာမှ မပြောတတ်ဘဲ ခွေးအကြီး လှည်းနင်းခံရသလို (အ)နေပါသည်။ ဘာပြောရမှန်း မသိဘဲ မှင်တက်မိပြီး (ကြောင်) နေပါသည်။


ထိုအခါ တရားသူကြီးက အလိုက်သိစွာဖြင့် ““ဦးအံ့မောင်သည် တရားရုံးက တစ်ကြိမ်ခေါ်ရရုံမျှ ရောက်ရှိ လာသည့်အတွက် ရိုးသာမှုရှိသည်မှာ ထင်ရှားသဖြင့် အာမခံပေးသည်။ အာမခံမည့် ပုဂ္ဂိုလ်ရှာပါဟု အမိန့်ချ လိုက်ပါသည်။ ဦးအံ့မောင်သည် အနီးရှိ ရုံးတယ်လီဖုန်းကိုသုံး၍ ကမ္ဘာအေး သာသနာရေးမှူး အရာရှိ ၂ ယောက်ကို ခေါ်ယူပြီး အာမခံပုံစံ၌ ရေးသွင်းပြီး အာခံပြုလုပ်ပြီး ပြန်ခွင့်ရခဲ့ပါသည်။


ထိုအချိန်က ၀န်ကြီးဦးဘိုနီသည် ထောက်လှမ်းရေးမှူးချုပ် လုပ်ခဲ့ဖူးသူဖြစ်၍ တရားရုံး လုပ်ထုံးကို မသိမရှိ။ သိပါလျက် တရားလိုဘက်မှ ရှေ့နေကြီး ဦးသိမ်းအောင်နှင့်အဖွဲ့ကို ကြိုတင်ကပ်ကာ အသိပေးထား ပြီးသား ဖြစ်၍ ခပ်တည်တည်နှင့် ကျွန်တော့်ကို ကျားစာ ထိုးကျွေးခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော်သည် အာမခံနှစ်ဦးဖြင့် တရားရင်ဆိုင် နေရပါတော့မည်။


ထိုနေ့ည ၈ နာရီခန့်တွင် ဗဟိုတရားရုံး ရှေ့နေကြီး ဦးသိမ်းအောင်က တယ်လီဖုန်းဖြင့် ““ဟေ့ ကိုအံ့မောင်၊ အကြောင်းသိပြီလား၊ ကျွန်ုပ်တို့ဘက်က လျှော့ပေးလိုက်လို့၊ နို့မို့လို့ရှိရင် ခင်ဗျား ဒီအချိန်မှာ အင်းစိန် ထောင်ထဲ မှာ ရောက်နေရမှာ၊ ခင်ဗျားရဲ့ ကိုကြည်ညွန့် ကိုလည်း ပြောထား၊ နောက်တစ်ခါ ကိုကြည်ညွန့် အလှည့်ပဲ”” ဟု ကြိမ်းမောင်းသည်ကို ဦးအံ့မောင်က ““ကြောက်ပါပြီဆရာရယ်၊ သိပ်အစွမ်း မပြလိုက်ပါနဲ့”” ဟု တောင်းပန်လိုက်ရ ပါသည်။


နောက်တစ်နေ့တွင် ဦးအံ့မောင်သည် ရန်ကုန်တိုင်း၌ တိုင်းတရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး မောင်မောင်အေးထံ ဦးကြည်ညွန့်နှင့်အတူ သွားရောက်၍ အယူခံလွှာ တင်သွင်းခဲ့ပါသည်။ ““ဤအမှုမျိုးကို (ကွာရှ်) ချေဖျက်ရန်မှာ ဗဟိုတရားရုံးကသာ တတ်နိုင်ကြောင်း။ သို့သော်လည်း တိုင်းအနေနဲ့ ဖြစ်နိုင်သမျှ ကြိုးစားပေးမည်””ဟု ပြော လိုက်ပါသည်။


နောက် ၆ လခန့် ကြာသောအခါ ကျွန်တော်၏ အယူခံမှုကို တိုင်းတရားရုံးက စစ်ဆေးရာ တရားလိုရှေ့နေက အင်္ကျီလက်တွေပင့်ပြီး ဟန်နဲ့ပန်နဲ့ လျှောက်လဲချက် ပေးပါသည်။ သို့ရာတွင် ““မြို့နယ် တရားရုံးသည် အမှုကို လက်ခံစစ်ဆေးရန်””ဟု အမိန့်ချမှတ်မှုသည် မှားယွင်းနေသဖြင့် ယင်းအမိန့်ကို ပယ်ဖျက်ကြောင်း အမိန့်ချမှတ် လိုက်သည်။ ထိုအခါ တရားလိုဘက်မှ ““တိုင်းတရားရုံးသည် မိမိလုပ်ပိုင်ခွင့်ကို ကျော်လွန်၍ အမိန့်ချမှတ် ခြင်းကြောင့် ထိုအမိန့်မှာ မှားယွင်းပါကြောင်း၊ ဗဟို တရားရုံးတော်ကသာလျှင် ဤအမှုကို ချေဖျက်မိန့် (ကွာရှ်) ပြုလုပ်နိုင် ပါကြောင်း တိုင်းတရားရုံးကို တရားပြိုင် တရားခံပြု၍ အယူခံတက်ပါသည်။ ထိုအယူခံမှု၌ တိုင်းတရားရုံး (နိုင်ငံတော်နှင့်) အယူခံတရားလို ဦးအောင်ဆန်း အနေဖြင့်သာ ပါဝင်လျှောက်လဲခွင့်၊ ထုချေခွင့်ရ၍ ဦးအံ့မောင်အနေဖြင့် ပါဝင်ထုချေခွင့် ဆုံးရှုံး နေပါတော့သည်။


နောက်တစ်နှစ်ခန့် (စုစုပေါင်း)၂ နှစ်ခန့် ကြာပြီးနောက် ဗဟိုတရားရုံးက တရားခံ ဦးအံ့မောင်အပေါ် အမှုတစ်ခု ဖွင့်လှစ်၍ (နိုင်ငံတော်နှင့် ဦးအံ့မောင်)ဟူသော အမှုတစ်ခုကို ထပ်မံ ဖွင့်လှစ်ခဲ့ပါသည်။


အယူခံတရားလိုက နိုင်ငံတော်အပေါ် တရားခံပြုလုပ်သော အမှုနှင့် နိုင်ငံတော်က ဦးအံ့မောင်အပေါ် ဖွင့်လှစ်သည့် အမှု ၂ ခု ကို တစ်ပြိုင်နက်တည်း ပေါင်း၍ စစ်ဆေးခဲ့ပါသည်။ အယူခံ တရားလိုဘက်က လျှောက်လဲချက် တင်ပြသည်မှာ တိုင်းတရားရုံးသည် လုပ်ပိုင်ခွင့်ကို ကျော်လွန် ဆောင်ရွက် ထားသည့်အတွက် ပယ်ဖျက် ပေးစေ လိုကြောင်း၊ ဦးအံ့မောင်ကို တရားစွဲဆိုခြင်းမှာ သာမန်အရပ်သား ဦးအံ့မောင်ကိုသာ စွဲဆိုခြင်း ဖြစ်၍ အမှုကို မချေဖျက် သင့်ပါကြောင်း၊ အမှုကို ချေဖျက်နိုင်ရန်လို အပ်ချက်မှာ နိုင်ငံတော် သမ္မတက ခန့်အပ် ထားသူဖြစ်မှ သာလျှင် ချေဖျက်နိုင်ပါကြောင်း၊ ယခု ဦးအံ့မောင်ကို ခန့်အပ်သည့် သူမှာဝန်ကြီးက ခန့်အပ် ထားခြင်းဖြစ် ကြောင်း၊ နောက်တစ်ခု တင်ပြလိုသည်မှာ ဦးအံ့မောင်သည် ပြစ်မှုကျူးလွန်ချိန်၌ ည (၈)နာရီဖြစ်၍ ရုံးချိန် ပြင်ပ ဖြစ်နေသောကြောင့် တာဝန်ချိန် မဟုတ်ပါကြောင်း၊ ဤအမှုကို ချေဖျက်ခြင်း(ကွာ့ရှ်) မပြုလုပ်သင့် ပါ ကြောင်း လျှောက်လဲချက် ပေးပါသည်။


ဦးအံ့မောင်ကလည်း ပြန်လည် တင်ပြသည်မှာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က စေခိုင်းသည့် တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်ကြောင်း၊ အခြေအနေ အချိန်အခါအရ ရုံးချိန်မှာ လိုအပ်သလို အကန့်အသတ် မရှိ ဆောင်ရွက် နေရပါကြောင်း၊ ထို့ကြောင့် ည (၈)နာရီမှာလည်း ရုံးချိန်သတ်မှတ်၍ ဆောင်ရွက် ရပါကြောင်း၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ လုပ်ငန်းတာဝန်များကို သာသနာရေး ဦးစီးဌာနက ဆောင် ရွက် ပေးရမည်ဟု လုပ်ထုံးလုပ်နည်းများက ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ပြင်ဦးအံ့မောင်ကို ၀န်ကြီးက ခန့်ထားသည်ဟု ဆိုသော်လည်း ၀န်ကြီးသည် နိုင်ငံတော်သမ္မတ၏ တာဝန် ပေးအပ်ချက်အရ ခန့်ထား ဆောင်ရွက်ခြင်းဖြစ်၍ ခန့်ထားသည်။ နိုင်ငံတော် သမ္မတက ခန့်အပ်ထားသော ၀န်ထမ်းတစ်ဦးကို သက်ဆိုင်ရာမှ ခွင့်ပြုချက် မရရှိဘဲ တရားစွဲခဲ့သည်။ ဤအမှုကို ချေဖျက်သင့်ပါကြောင်း ကျွန်တော်က နှုတ်ဖြင့် လည်းကောင်း၊ စာဖြင့်လည်းကောင်း လျှောက်လဲချက် ပေးလိုက်ပါသည်။


နောက်ဆုံးတွင် ဗဟိုတရားရုံးတော်က သက်ဆိုင်ရာ၏ ခွင့်ပြုချက် မရရှိဘဲ စွဲဆိုခဲ့သော ဤအမှုကို ချေဖျက် (ကွာ့ရှ်) လိုက်သည်ဟု အမိန့်ချမှတ် လိုက်ပါသည်။


ဗဟုသုတ လေ့လာလိုသူများ အနေဖြင့် ဗဟိုတရားရုံးတော်၌ ““နိုင်ငံတော်နှင့်ဦးအံ့မောင်””ဟူသော စီရင်ထုံး တစ်ခုကို သွားရောက်ကူးယူ ဖတ်ရှုကြပါဟု တိုက်တွန်း လိုက်ပါသည်။ ဦးအံ့မောင်သည် အာမခံဖြင့် (၂)နှစ် တိုင်တိုင် နေထိုင်၍ အမှုကို ရင်ဆိုင်ဖြေရှင်း ခဲ့ရပါသည်။


ဗဟိုတရားရုံးချုပ်မှာ နိုင်ငံတော်၏ အမြင့်ဆုံးဖြစ်၍ ကျွန်တော့်အနေဖြင့် အတွေ့အကြုံ မရှိသည့် အတွက် တော်တော်လေး ကြောက်ရွံ့ မိသည်။ ချစ်ခင်သူ ရှေ့နေကြီးများက ကူညီအားပေးသည့်အတွက် တရား ရုံးတွင်ဘယ်လိုနေ၍ ဘယ်လိုလျှောက်လဲ ချက်ပေးရမည့် အကြံဉာဏ်ပေးရုံသာမက မိတ်ဆွေများက တရားခွင်သို့ ကိုယ်တိုင်လာရောက် အားပေးကြသဖြင့် အားတက်ခဲ့ရပါသည်။


မောင်ကျောက်တိုင်


ပုံညွှန်းစာ - ယခင် တပ်မတော်အစိုးရ (နယက)အကြံပေးနှင့် ယခုသမ္မတရုံး အကြံပေး ဦးအံ့မောင်ကို ၂၀၁၄၊ စက်တင်ဘာလအတွင်း ရန်ကုန်မြို့၊ တာမွေမြို့နယ် ဘုံဘေကျောင်းတိုက်၌ တွေ့ရစဉ်


မြန်မာသံတော်ဆင့်သတင်းဌာန - http://ift.tt/1t7d2bL







from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1rRjVjL

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3