ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဒုက္ခသည်စခန်းတွေက မူဆလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ စိစစ်ဆောင်ရွက်ရာမှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့တောင်းဆိုချက်တွေကို လိုက်လျောပြီးမှ ဆောင်ရွက်ဖို့ ဘူးသီးတောင်ဒေသခံတွေနဲ့ သံဃာတော်တွေက တောင်းဆိုလိုက်ပါတယ်။
အစိုးရတာဝန်ရှိသူတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်လာသူတွေကို စိစစ်ဖော် ထုတ်နိုင်ခြင်းမရှိသေးတဲ့အတွက် ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အရင်ဆုံး လိုက်လျောဖြေရှင်းပေးဖို့ ကြေငြာချက်ထုတ်ပြန်တောင်းဆိုတာဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် ရခိုင်လူမှုကွန်ယက်က ဦးအောင်ကိုကိုက ပြောပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ မြေပုံမြို့နယ်မှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ စိစစ်ဆောင်ရွက်ခဲ့ရာမှာ ဥပဒေနဲ့ညီညွတ်မှုမရှိတာကြောင့် နိုင်ငံသား ဖြစ်ခွင့်ရသူနဲ့ နိုင်ငံသားပြုခွင့်ရသူတွေကို ကန့်ကွက်ကြောင်း၊ အရင်က ဘင်္ဂလီ လူမျိုးတွေကို မှားယွင်းစွာ ထုတ်ပေးခဲ့တဲ့ နိုင်ငံသားသက်သေခံကဒ်ပြားတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ ညီမညီစိစစ်ပေးဖို့၊ ကမန်လူမျိုးအမည်နဲ့ နိုင်ငံသားစိစစ်ရေးကဒ်ရရှိထားသူတွေကိုလည်း ကမန်လူမျိုးအစစ် အမှန်ဟုတ်မဟုတ် စိစစ်ပေးဖို့၊ ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေကို သွေဖယ်ပြီး နိုင်ငံသားစီစစ်ရေး ကဒ်ရရှိထားသူနဲ့ ကဒ်ရရှိအောင်အားပေးကူညီသူတွေကို ဥပဒေအရ အရေးယူပေးဖို့၊ စတဲ့အချက်တွေအပါအဝင် အချက် ၉ ချက်ပါရှိပါတယ်။
ဒီကြေငြာချက်ကို မြို၊ ခမီး၊ ဒိုင်းနက် စတဲ့ တိုင်းရင်းသားတွေအပါအဝင် သံဃာတော်တွေနဲ့ မြို့ပေါ် လူမှုအဖွဲ့အစည်း ၈ ခုက စုပေါင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်အပါအဝင် ရခိုင်ပြည်နယ် အစိုးရနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ပေးပို့သွားမယ်လို့လည်း သိရပါတယ်။
RFA Burmese
http://ift.tt/1kBhvP9
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1BoLzFB
Comments
Post a Comment