(သြဂုတ်လ ၁၈ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)
အမှန်တကယ် ကူညီသူများ ဖြစ်လိုသော်
မျက်မှောက်ကာလမှ ကုန်ခဲ့သည့် အနှစ် ၅၀ ကာလအတွင်း ရဲတပ်ဖွဲ့ အပေါ်တွင် မြန်မာနိုင်ငံသားများ၏ သဘောထားကို ပြန်လည်လေ့လာကြည့်ပါက ရာခိုင်နှုန်းအများစု မနှစ်မြို့သည့်သဘော တွေ့ရသည်။ ထိုသို့ မနှစ်မြို့ရခြင်း နောက်ကွယ်တွင် အကြောင်းအရင်းများစွာ ရှိသော်လည်း အဓိကအားဖြင့် အချက်နှစ်ချက်ကို အထင်ရှားဆုံး တွေ့ရမည် ဖြစ်သည်။
ပထမတစ်ချက်မှာ အတိတ်ကာလ စတင်ထူထောင်စဉ်မှ ယနေ့အချိန်အထိ ယခင် တာဝန်ထမ်းဆောင်ခဲ့သော ရဲတပ်ဖွဲ့များ၏ ကောင်းမွေ၊ ဆိုးမွေကို လက်ရှိ ရဲတပ်ဖွဲ့များက ယူချင်သည်ဖြစ်စေ၊ မယူချင်သည်ဖြစ်စေ မဖြစ်မနေ ဆက်ခံရခြင်း ဖြစ်သည်။ များသောအားဖြင့် ခေတ်အဆက်ဆက် နာမည်ကောင်း၊ ဂုဏ်သိက္ခာကောင်း မရရှိခဲ့သော ရဲတပ်ဖွဲ့အမွေကို နောက်မျိုးဆက် အဆင့်ဆင့်က လက်လွှဲယူထားရခြင်း ဖြစ်သည်။
ဒုတိယတစ်ချက်မှာ ၎င်းတို့ကို လေ့ကျင့် သင်ကြားပေးသောစနစ် တစ်နည်းအားဖြင့် အရည်အချင်း၊ စွမ်းဆောင်ရည်နှင့် ထိုအရည်အချင်း၊ စွမ်းဆောင်ရည်အလိုက် ခံစားခွင့်ပြုထားသည့် လစာ၊ ရိက္ခာနှင့် အခြားထောက်ပံ့မှုများ ဖြစ်သည်။
အဆိုပါနှစ်ချက်သည် ယနေ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တစ်ဖြစ်လဲ ပြည်သူ့ရဲများအပေါ် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးက ရှုမြင်သည့် အမြင်များနှင့် တိုက်ရိုက် အချိုးကျဖွယ် ရှိသည်။
ယင်းသို့ တိုက်ရိုက် အချိုးကျစေရန်လည်း စေ့ဆော်ပေးသည့် အခြားအကြောင်းရင်းများ ရှိသည်။ ရဲတပ်ဖွဲ့၏ အတိတ်မှသည် မျက်မှောက်ကာလ အထိတိုင် ရပ်တည်ခဲ့သော အခန်းကဏ္ဍ၊ လက်တွေ့ ဆောင်ရွက်ချက်များက အဓိကအကျဆုံး အကြောင်းအရင်း ဖြစ်သည်။
ဗြိတိသျှတို့က မြန်မာနိုင်ငံကို အိန္ဒိယမှတစ်ဆင့် အုပ်ချုပ်ခဲ့စဉ် ကာလကပင် အိန္ဒိယအင်ပါယာ လက်အောက်ခံ Indian Imperial Police အမည်ဖြင့် ၁၈၇၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ခဲ့သည့် ရဲတပ်ဖွဲ့ကို မြန်မာတို့က ကိုယ်ပိုင်အသံထွက်ဖြင့် ပုလိပ်ခေါ်တွင်ခဲ့သည့် အချိန်ကမှ လိုအပ်သည့် အရည်အချင်း ဖြည့်ဆည်းပေးမှုနှင့် အထောက်အပံ့တို့ အတိုင်းအတာ တစ်ခုအထိ လုံလောက်စွာ ရရှိခဲ့သည်ဟု ဆိုနိုင်သည်။
၁၉၆၄ ခုနှစ်နောက်ပိုင်း ပြည်သူ့ရဲတပ်ဖွဲ့ အမည်သို့ ပြောင်းလဲကာ လမ်းစဉ်ပါတီခေတ် တစ်လျှောက်လုံးနှင့် ၁၉၈၈ ခုနှစ် စစ်အာဏာရှင် အုပ်ချုပ်မှုကာလ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမည်သို့ ပြောင်းလဲသွားသည်အထိ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာ ရဲတပ်ဖွဲ့များနည်းတူ အရည်အချင်းနှင့် အရည်အသွေး မြှင့်တင်တည်ဆောက်ရေး၊ ထိုက်တန်သည့် လစာ၊ ရိက္ခာ၊ ထောက်ပံ့မှုများ လုံလောက်စွာ မရရှိခဲ့သောကြောင့် အကျင့်ပျက်ခြစားမှုများနှင့် နပန်းလုံးကာ ပြည်သူလူထု၏ ယုံကြည်လေးစားမှု ကျဆင်းခဲ့ရသည်။
၂၀၁၀ ပြည့်နှစ်နောက်ပိုင်း အရပ်သားအစိုးရ အသွင်ဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများ စတင်နေချိန်တွင်ပင် လက်ပံတောင်းတောင်အရေး သွေးထွက်သံယို အကြမ်းဖက်ဖြိုခွင်းမှု အပါအဝင် မြန်မာနိုင်ငံတစ်ဝန်း ဆန္ဒပြမှုများအပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ကိုင်တွယ်ဆောင်ရွက်ပုံများ အပေါ် ပြည်တွင်း၊ ပြည်ပမှ ဝေဖန်မှုများစွာ ရှိခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း စဥ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာ ထွန်တုံးတိုက်ပွဲဝင်သူ လယ်သမားများ နေထိုင်ရာ လူနေအိမ်များအတွင်း နယ်မြေခံရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရင်း ရုန်းရင်းဆန်ခတ်မှုတွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာ ရရှိသွားခဲ့ခြင်းမှာ လတ်တလော ရဲတပ်ဖွဲ့၏ ကိုင်တွယ်ဆောင်ရွက်မှု အခြေအနေ ဖြစ်သည်။
အထူးသဖြင့် ပြည်သူလူထုကို ယဉ်ကျေးသိမ်မွေ့စွာ ဖျောင်းဖျစည်းရုံးသော နည်းလမ်းဖြင့် ဆက်ဆံကူညီရမည့် ရဲတပ်ဖွဲ့သည် ယခင်စနစ်ဆိုး ကာလကဲ့သို့ စနစ်ဆိုး၏ မူဝါဒများ အသက်ဝင်စေရန်၊ စနစ်ဆိုး၏ စီမံကိန်းများ ကာကွယ်ရန်၊ စနစ်ဆိုးတွင် အာဏာရှိသူများနှင့် ပူးပေါင်းအကျိုးအမြတ် ရှိနေသူများ၏ အကျိုးစီးပွားကို ပံ့ပိုးပေးရန် အခိုင်းအစေ ခံနေရသည့် တစ်နည်းအားဖြင့် အငှားဗိုက် အရှာခံနေရသည့် အခြေအနေမှ ရုန်းမထွက်နိုင်သေးသမျှ၊ အရည်အချင်းနှင့် လုံလောက်သည့် လစာ၊ ရိက္ခာ မမြှင့်တင်၊ မထောက်ပံ့နိုင်သေးသမျှ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ လေးစား၊ ယုံကြည်အားကိုးမှုနှင့် ဝေးနေဦးမည်ဖြစ်ကြောင်း သိစေအပ်ပေသည်။
အယ်ဒီတာ (၁၇-၈-၂၀၁၄)
from The Voice Weekly's Facebook Wall http://ift.tt/1BrR2OJ
Comments
Post a Comment