(သြဂုတ်လ ၃ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာမျက်နှာဖုံးနှင့် Editor's Word)
ကြိုက်သလောက်ပြော၊ ကျသလောက်ရှင်း
ကုန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်ကနဲ့ ယှဉ်ရင် မိုဘိုင်းလ်ဖုန်းတွေ သိပ်ပေါလာတော့ ရန်ကုန်မှာဆို လူတိုင်းနီးပါး ဖုန်းသုံးနေသလား အောက်မေ့ရတယ်။ ကျွန်တော်တို့ကို နှစ်အများကြီး ရက်ရက်စက်စက် နှုန်းထားတဲ့ တင်တင်စီးစီး ဝန်ဆောင်မှု ပေးခဲ့ပြီး ဆိုးဆိုးရွားရွား ကော်နက်ရှင်နဲ့ နပန်းလုံးခဲ့ရတဲ့ MPT လို့ အများသိကြတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ အိုးစားခွဲရမယ့် ရက်တွေ နီးသထက် နီးလာပြီလို့လည်း ပြောရမယ်။
တကယ်တော့ MPT ကို မဖြစ်မနေ သုံးခဲ့ရတဲ့သူတွေ အားလုံးက တခြားရွေးချယ်စရာ လုံးဝ မရှိခဲ့တဲ့အတွက် မချစ်သော်လည်း အောင့်ကာ နမ်းခဲ့ကြရတာ။ စဉ်းစားကြည့်လေ။ ဂျီအက်စ်အမ် ဆင်းကတ်တစ်ကတ်ကို ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံ၊ ဘယ်အရပ်ဒေသမှာမှ မပေါက်တဲ့ တရားဝင်ဈေး ဒေါ်လာ တစ်ထောင့်ငါးရာ၊ အပြင်ဈေး ဒေါ်လာ လေးထောင်လောက်အထိ ပေးပြီး ဇိမ်ခံပစ္စည်း တစ်ခုလို သုံးခဲ့ရတဲ့ နိုင်ငံအနေနဲ့ ဂုဏ်ယူရမလား၊ ရှက်ရမလား မသိတော့ဘူး။
ဒီနေ့တော့ တခြားကမ္ဘာက ဂြိုဟ်သားတွေလို ဖြစ်ခဲ့တဲ့ ကျွန်တော်တို့တစ်တွေ အိပ်မက်ဆိုးကနေ နိုးထလာကြသလို ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းအတွက် မရှိမဖြစ် နေ့စဉ်သုံး အရာဝတ္ထု ပစ္စည်းတစ်ခုဖြစ်တဲ့ မိုဘိုင်းလ်ဖုန်းကို မြန်မာငွေ တစ်ထောင့်ငါးရာ(တစ်ဒေါ်လာခွဲလောက်) နဲ့ ဝယ်သုံးခွင့် ရလာပြီ။
ဒါတောင် ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှသေးတဲ့ ဈေးကွက်မှာ ဗွေဆော်ဦး ဈေးကွက်မိတ်ဆက်ခဲ့တဲ့ အော်ရီဒူး ဆင်းမ်ကတ်တောင် တချို့နေရာမှာ ကျပ်တစ်သောင်း (ဆယ်ဒေါ်လာဝန်းကျင်) အထိ မှောင်ခိုဖြစ်သွားသတဲ့။
ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက တကယ်တော့ သိပ်သနားစရာ ကောင်းတယ်။ နောင်မှာ ဈေးကွက်ထဲ လုံလုံလောက်လောက် ရောင်းပေးတော့မယ် ဆိုတာ သိနေပေမယ့် ဈေးကွက်ထဲ အရင်ဝင်လာတာကို အလုအယက် ဝယ်ကြတယ်။ ဈေးပိုပေးပြီးတော့ကို ဝယ်ကြတာ။ ဒီမှာတင် ပစ္စည်းကောင်း၊ မကောင်း မသိရတဲ့ တရုတ်လုပ် ဈေးပေါပေါ ဖုန်းအခွံတွေနဲ့ တွဲပြီး အရင် သမဝါယမ ဆိုင်တွေလို တွဲရောင်းတဲ့စနစ် ပေါ်လာရော။
ဆင်းမ်ကတ်တွေကို သူ့ချည်းရောင်းရင် တစ်ထောင့်ငါးရာနဲ့ လက်လီ ရောင်းလို့ရအောင် ကုမ္ပဏီက အမြတ်ပေးပြီး ဖြန့်ထားပေမယ့် လောလောဆယ် ဝယ်လိုအား များနေတာကို အခွင့်ကောင်းယူပြီး ဈေးပေါပေါ တရုတ်ဖုန်းအခွံနဲ့ တွဲပြီး နှစ်သောင်းခွဲ၊ သုံးသောင်းလောက်နဲ့ ရောင်းနေကြတယ်။ ဒါလည်း ဝယ်ကြတာပဲ။
မြန်မာပြည်ဈေးကွက်က အခွင့်ထူးခံနဲ့ ဈေးကွက် လက်ဝါးကြီးအုပ်မှုတွေ ဒီနေ့အထိ မကင်းတတ်သေးတဲ့အတွက် ဝယ်လိုအားနဲ့ ရောင်းလိုအား မျှခြေမရှိခဲ့တော့ စားသုံးသူတွေက ဈေးကွက်အပေါ် အယုံအကြည် မရှိဘူး။ နောက်တစ်ခုက သတင်းအချက်အလက် ပြည့်စုံအောင် မလေ့လာ၊ အားမထုတ်ဘူး။ အဲဒီတော့ MPT ဆင်းမ်ကတ်တွေ နောက်ဆုံးထွက်သက် ဖြစ်နေချိန်မှာတောင် သိန်းဂဏန်းအထိ ဈေးပေး ဝယ်နေကြတာပေါ့။ အခု အော်ရီဒူးလို ပုဂ္ဂလိက ဆင်းမ်ကတ်တောင် ငါးထောင်၊ တစ်သောင်း ဖြစ်သွားတာပဲကြည့်။
ဖုန်းဝယ်သူတွေ များလာလေလေ ဖုန်းကုမ္ပဏီတွေ၊ ဖုန်းအခွံထုတ်တဲ့ ဟွာဝေးတို့၊ ဆမ်ဆောင်းတို့ ကုမ္ပဏီတွေ အကြိုက်တွေ့လေပဲ။ မြန်မာနိုင်ငံသား အများစုက ထမင်းစား၊ ရေသောက် ကိစ္စလောက်ကိုတောင် ဖုန်းထဲမှာ နာရီနဲ့ချီပြီး ပြောတတ်တဲ့သူတွေ ဆိုတော့ ဖုန်းတစ်လုံးရဲ့ နောက်ဆက်တွဲ ကုန်ကျစရိတ်တွေကြောင့် ကြိုက်သလောက်ပြောပြီး ကျသလောက် မရှင်းနိုင်ရင် အခက်တွေ့၊ ပြဿနာ ကြုံလာကြမှာ ကြိုမြင်နေမိတယ်။
အယ်ဒီတာ (၂-၈-၂၀၁၄)
from The Voice Weekly's Facebook Wall http://ift.tt/1zJfskX
Comments
Post a Comment