တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ဆက်လက်ညှိနှိုင်းရန် အစိုးရနှင့် NCCT ယနေ့တွေ့မည်
မြစ်ကြီးနား၊ သြဂုတ် ၂
လပိုင်းအတွင်း ချုပ်ဆိုရန် စီစဉ်နေသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် အပြီးသတ် ပြင်ဆင်မှုများအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားပြု NCCT အဖွဲ့တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယနေ့ (သြဂုတ်လ ၃ ရက်) တွင် တွေ့ဆုံညှိနှိုင်းကြမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောဆိုသည်။
ဇူလိုင်လ နောက်ဆုံးပတ်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာ၌ ပြုလုပ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံတွင် လက်နက်ကိုင် ခေါင်းဆောင်များ ညှိနှိုင်း ဆုံးဖြတ်ထားသည်များကို NCCT က အစိုးရထံ ပေးအပ်မည်ဖြစ်ပြီး အပစ်ရပ်စာချုပ် အချောသတ် ရေးဆွဲရေးအတွက် ရန်ကုန်မြို့တွင် ဆွေးနွေးပွဲများ ပြုလုပ်မည့် အခြေအနေကို ညှိနှိုင်းမည် ဖြစ်ကြောင်း NCCT ခေါင်းဆောင်များက ရှင်းပြသည်။
“အစိုးရနဲ့က ခုအလွတ်သဘော တွေ့တာပါ။ ရန်ကုန်မှာ ဆက်တွေ့မယ့် အခါကျရင်တော့ အပစ်ရပ်စာချုပ် အပြီးသတ် ရေးဆွဲနိုင်ပါလိမ့်မယ်” ဟု NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းက ဆိုသည်။
လိုင်ဇာညီလာခံအပြီး အပစ်ရပ်စာချုပ် ပြင်ဆင်ညှိနှိုင်းမှုများ ဆက်တိုက် ပြုလုပ်ခဲ့သော NCCT အဖွဲ့သည် သြဂုတ်လ ၂ ရက်နေ့တွင် လိုင်ဇာမှ မြစ်ကြီးနားသို့ ရောက်ရှိလာပြီး နောက်တစ်နေ့တွင် ရန်ကုန်မှ လာရောက်မည့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ညှိနှိုင်းရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များထံမှ သိရသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ ပူးတွဲရေးဆွဲနေသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် ပါရှိသော ဝေါဟာရ အသုံးအနှုန်းများနှင့် ပတ်သက်၍ အငြင်းပွားမှုများကြောင့် မူလသတ်မှတ်ချက် သြဂုတ်လမတိုင်မီ အပြီးသတ် လက်မှတ်ရေးထိုးမည့် အစီအစဉ်ကို နောက်ဆုတ်ခဲ့ရခြင်း ဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ အမှန်တကယ် အပြီးသတ် ညှိနှိုင်းရန် ကြိုးပမ်းမည် ဖြစ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောဆိုသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် အပြီးသတ် ညှိနှိုင်းပြီးပါက စက်တင်ဘာလအတွင်း အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိကြောင်း လက်နက်ကိုင် ခေါင်းဆောင်များက ခန့်မှန်းထားသည်။
from The Voice Weekly's Facebook Wall http://ift.tt/WTJc0P
Comments
Post a Comment