သြဂုတ်လ ၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
#emg_editorials
ကိုထင်ကျော်၊ အမှု ၁၁ မှုနှင့် မတရားသော ဥပဒေများ စိုးမိုးမှု
၂ဝ၁၄ ခုနှစ် ဧပြီ ၂၆ ရက်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ပြည်ထောင်စုအစိုးရအား အယုံအကြည်မရှိကြောင်း ဆန္ဒထုတ်ဖော်ကာ လက်ကမ်းစာစောင်ဝေခဲ့သော ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့ (MDCF) မှ အဖွဲ့ခေါင်းဆောင်ကို ထင်ကျော်ကို ဩဂုတ် ၁ ရက်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။ ကိုထင်ကျော်အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅ဝ၅ (ခ)ဖြင့် တရားစွဲဆိုထားသည်မှာ စုစုပေါင်းမြို့နယ် ၁၁ မြို့နယ်၌ ၁၁ မှုစွဲဆိုထား ခြင်းဖြစ်ပြီး မြို့နယ်နှစ်ခု၌ အလုပ်ကြမ်းနှင့်ထောင်ဒဏ် တစ်နှစ်စီအမိန့်ချမှတ် ခံရပြီးဖြစ်ကာ ဩဂုတ် ၁ ရက်တွင် ချမှတ်ခံခဲ့ရသည့်ထောင်ဒဏ်မှာ တတိယအကြိမ်မြောက်ဖြစ်သည်။
ပြစ်မှုနှင့်ပြစ်ဒဏ် မမျှမတစီရင်မှုများမှာ တရားစီရင်ရေးကို ဖိနှိပ်မှုအတွက် လက်နက်သဖွယ် အသုံးပြုခဲ့သည့် အာဏာရှင်အစိုးရ၏ စနက်များဖြစ်သည်။ ယခင်က မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှုမရှိသော တရားမျှတမှုမရှိသော အာဏာရှင်အစိုးရ၏ ပြယုဂ်အဖြစ်ဥပဒေကို အလွဲသုံးစားပြုကာ ပြစ်မှုနှင့်ပြစ်ဒဏ် မမျှမတချမှတ်မှုများ အလွန်အမင်းပေါများစွာ ရှိခဲ့ဖူးသည်။ သို့သော် အကြောက်တရားတို့ဖြင့် ဖိနှိပ်ခံခဲ့ရပြီး အဆိုပါဖြစ်ရပ်များအတွက် ဝမ်းနည်းရွံရှာမိရုံမှလွဲ၍ မတတ်နိုင်ခဲ့ပေ။ ယခုလို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အချိန်အခါတွင် ထိုကဲ့သို့ တရားစီရင်ရေးကို လိုသလိုအသုံးချကာ ပြစ်မှုနှင့်ပြစ်ဒဏ် မမျှမတချမှတ်မှုများ ကွယ်ပျောက်သွားနိုင်မည်လားဟု ပြည်သူအများ မျှော်လင့်ခဲ့ကြသည်။
ပြစ်မှုနှင့် ပြစ်ဒဏ်ကို မမျှမတစီရင်လျက်ရှိခြင်းသည် တရားစီရင်ရေး စနစ်အပေါ်ကို ထိခိုက်လျက်ရှိရုံသာမက အစိုးရ၏ နိုင်ငံရေးဂုဏ်သိက္ခာကိုပါ ကျဆင်းစေနိုင်ပါသည်။ နိုင်ငံရေးအာဃာတဖြင့် ဥပဒေအပေါ် လိုသလိုအသုံးပြုကာ မှတ်လောက် သားလောက်အောင် ဆိုသောသဘောဖြင့် ပြင်းထန်သော စီရင်ချက်များ ချမှတ်နေခြင်းသည် ပြည်သူလူထုက တရားဥပဒေစိုးမိုးမှုနှင့် တရားမျှတမှုအပေါ် မယုံမကြည်မှုများ၊ ရွံရှာစက်ဆုပ်မှုများ၊ မကျေနပ်မှုများကို ဖြစ်ပေါ်လာစေပါသည်။ ထိုကဲ့သို့ ပြစ်မှုပြစ်ဒဏ်မမျှမတ စီရင်မှုများချမှတ်မှုသည် ပြစ်ဒဏ်ချမှတ်ခံရသူတွင်သာ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေသည် မဟုတ်ပါ။ ပြစ်ဒဏ်ချမှတ်သည့် တရားစီရင်ရေးစနစ်၊ တရားစွဲဆိုသည့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့၏ ပုံရိပ်နှင့်လူထုယုံကြည်မှုများ အပေါ်လည်း ထိခိုက်ကျဆင်း စေနိုင်ပါသည်။
မြန်မာတို့တွင် ကြီးသောအမှုကိုငယ်စေ၊ ငယ်သောအမှုကို ပပျောက်စေဆိုသည့် တရားစီရင်ရေး ဓလေ့ထုံးတမ်း အစဉ်အလာရှိပြီး ကောင်းမွန်သော တရားစီရင်ရေးဆိုသည်မှာ ထိုဓလေ့ထုံးစံအတိုင်း စီရင်ဆုံးဖြတ်လေ့ ရှိကြပါသည်။ ထိုကဲ့သို့ တရားစီရင်ထုံးကို မျက်ကွယ်ပြုကာ မှတ်လောက်သားလောက်အောင် ဆိုသည့်သဘောဖြင့် လိုအပ်သည်ထက် အလွန်အကျွံ ပြစ်ဒဏ်များ ချမှတ်နေခြင်းသည် အာဏာရှင်စနစ်၏ အကြွင်းအကျန်များဟု ယူဆဖွယ်ဖြစ်စေသည်။ ထို့ပြင်အုပ်ချုပ်ရေးမဏ္ဍိုင်က တရားစီရင်ရေးမဏ္ဍိုင်အပေါ် လွှမ်းမိုးမှုများရှိနေပါက ပြည်သူများအဖို့ တရားစီရင်ရေးမဏ္ဍိုင်၏ တရားမျှတမှုအပေါ် ယုံကြည်မှုကျဆင်း လာစေနိုင်ပါသည်။ ယူနတီဂျာနယ်လစ်များအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခြင်း၊ ကန့်ဘလူမြို့နယ်မှ တောင်သူများအား တရားစွဲဆိုထောင်ချမှုများ ပြုလုပ်နေခြင်း အစရှိသဖြင့် နိုင်ငံအနှံ့အပြားတွင် မမျှတမှုများကို သာဓကများအားဖြင့် မြင်တွေ့နိုင်ပါလိမ့်မည်။ ထိုကဲ့သို့ ပြစ်မှုနှင့်ပြစ်ဒဏ မမျှမတ စီရင်ခြင်းများသည် ပြည်သူများ၏ စိတ်ထဲတွင် ဥပဒေစိုးမိုးမှုအပေါ် ယုံကြည်မှုလျော့ရဲ လာခဲ့ပြီဆိုလျှင် ကိုယ့်တရား ကိုယ်စီရင်မည့် မင်းမဲ့စရိုက်ဆန်သည့် အဖြစ်အပျက်များ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပြုသင့်ပါသည်။
ထို့ကြောင့် တရားစီရင်ရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့ အနေဖြင့် တရားဥပဒေ၏ အထက်တွင် ရောက်ရှိနေပြီလားဟု မိမိဘာသာ ဆင်ခြင်ဆန်းစစ်ရန် အချိန်ရောက်နေပြီဖြစ်ကြောင်း The Daily Elevenသတင်းစာက မီးမောင်းထိုး ရေးသားအပ်ပါသည်။
from Eleven Media Group's Facebook Wall http://ift.tt/1maDUDo
Comments
Post a Comment