Skip to main content

ဖွံ့ဖြိုးတိုးတက်မှုနဲ့ အချုပ်အခြာအာဏာကို လဲရမှာလား (ဆောင်းပါးရှင် - နေထွန်းနိုင်...



ဖွံ့ဖြိုးတိုးတက်မှုနဲ့ အချုပ်အခြာအာဏာကို လဲရမှာလား



(ဆောင်းပါးရှင် - နေထွန်းနိုင်)



(၁)

တရုတ်ဘက်က ဆန္ဒရှိနေတဲ့ ကျောက်ဖြူ-ကူမင်းရထားလမ်း မတိုင်ခင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖောက်ချိန်ကတည်းက ဒီစီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဘယ်လောက်ထိပါးမလဲဆိုတဲ့ မေးခွန်းတွေ ထွက်ခဲ့ပါတယ်။



ဒါပေမဲ့ အခုချိန်မှာ ပိုက်လိုင်းဖောက်ပြီးသွားလို့ ဓာတ်ငွေ့တွေပို့လွှတ်နေပါပြီ။ ပိုက်လိုင်းစီမံကိန်း စတင်ချိန်မှာ သဘာဓာတ်ငွေ့ အရေအတွက် ဘယ်လောက်တင်ပို့နိုင်မယ်၊ မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးဖြစ်ထွန်းမယ် ဆိုတာတွေကို တရုတ်ဘက်က ရွှန်းရွှန်းဝေအောင် ပြောခဲ့ပါတယ်။



စီမံကိန်းပြီးလို့ ဓာတ်ငွေ့တင်ပို့ခြင်း တစ်နှစ်ပြည့်တဲ့အခါ ပြောထားသလို ဖြစ်မလာပါဘူး။ အရေးကြီးဆုံးအချက်က မူလရည်မှန်းချက် နှစ်စဉ်ပို့ဆောင်မယ့် ပမာဏရဲ့ ၁၅ ရာခိုင်နှုန်းကိုသာ ပို့နိုင်ခဲ့တာပါ။ တစ်နှစ်ကို ဓာတ်ငွေ့ကုဗမီတာ ၁၂ ဘီလျံ တင်ပို့နိုင်မယ်ဆိုပေမယ့် လက်တွေ့မှာ ကုဗမီတာ ၁ ဒသမ ၈ ဘီလျံပဲ ပို့နိုင်ခဲ့ပါတယ်။



ပိုက်လိုင်းတစ်လျှောက် ဒေသခံတွေရဲ့ မြေယာဆုံးရှုံးမှု၊ လူအခွင့်အရေး ချိုးဖောက်ခံရမှုဆိုင်ရာ ရှုပ်ထွေးမှုတွေလည်း ရှိနေဆဲဖြစ်ပါတယ်။



ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ကူမင်းအထိ မြန်မာနိုင်ငံ အလယ်ကနေ ပိုင်းဖြတ်သွယ်တန်းခဲ့တဲ့ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းရဲ့ ရည်ရွယ်ချက်က ဓာတ်ငွေ့တင်ပို့မှု ကိစ္စတစ်ခုတည်းတော့ မဟုတ်ပါဘူး။



(၂)

ဓာတ်ငွေ့ပိုက်လိုင်းနဲ့ သက်ဆိုင်နေတဲ့ကိစ္စက ကျောက်ဖြူ-ကူမင်း ရထားလမ်းကိစ္စ ဖြစ်ပါတယ်။ ရထားလမ်းဖောက်ဖို့ စီမံကိန်းသဘောတူစာချုပ်ကို ၂ဝ၁၁ ခုနှစ်က ချုပ်ဆိုခဲ့ပါတယ်။ သုံးနှစ်ပြည့်ချိန်အထိ တစ်စုံတစ်ရာလုပ်ဆောင်မှု မရှိတဲ့အတွက် စာချုပ်ကိုပယ်ဖျက်ပြီး ရထားလမ်းစီမံကိန်း ရပ်ဆိုင်းပြီလို့ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန တာဝန်ရှိသူက ပြောခဲ့ပါတယ်။ ရထားလမ်းစီမံကိန်းဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုများနေပါတယ်။ ဒေသခံတွေကလည်း လက်မခံကြပါဘူး။ ဒီအချက်တွေက ရထားလမ်းစီမံကိန်း ရပ်ဆိုင်းဖို့ ဖြစ်လာတာပါ။



ဒါပေမဲ့ တရုတ်ဘက်က လက်လျှော့ပုံမရပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yang Houlan က သတင်းထောက်တွေကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ သူပြောချင်တဲ့ အဓိကအကြောင်းအရာက မြန်မာအစိုးရနဲ့ မြန်မာပြည်သူလူထုသာ ထောက်ခံမယ်ဆိုရင် ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းကို ဆက်လုပ်မယ်လို့ ပြောချင်တာပါ။



ရထားလမ်းကို ဖောက်လုပ်မယ့် စီမံကိန်း ရင်းနှီးမြှုပ်နှံသူ China Railway Engineering Corporation (CREC) ကုမ္ပဏီနဲ့ အစိုးရပိုင်းက တာဝန်ရှိသူတွေက စီမံကိန်းတစ်လျှောက် ဒေသခံတွေနဲ့ တွေ့တဲ့အခါ စီမံကိန်းကို လုံးဝကန့်ကွက်သံတွေ မကြားရဘူးလို့ သူကဆိုပါတယ်။



တရုတ်သံအမတ်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲ အနှစ်ချုပ်က ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းကို ဆက်လုပ်ချင်တယ်။ ဒီရထားလမ်းစီမံကိန်းက စီမံကိန်းဒေသ တစ်လျှောက်မှာရှိတဲ့ လူတွေအပါအဝင် မြန်မာနိုင်ငံကို ‘ဖွံ့ဖြိုးတိုးတက်စေဖို့’ အရေးကြီးတဲ့ စီမံကိန်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။



(၃)

ရထားလမ်းစီမံကိန်းကို မြန်မာအစိုးရဘက်က ရပ်ဆိုင်းထားတဲ့အကြောင်း၊ တရုတ်သံအမတ်ကြီးက ဆက်လုပ်ချင်တဲ့အကြောင်းတွေ ထွက်ပေါ်ခဲ့ပြီးချိန်မှာ နိုင်ငံတကာ မီဒီယာတွေက ဒီစီမံကိန်းကို အာရုံစိုက် ရေးသားခဲ့ကြပါတယ်။



ဒီရက်ပိုင်းမှာတော့ The New York Times သတင်းစာက China Looks to High-Speed Rail to Expand Reach ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးတစ်ပုဒ်ကို ဩဂုတ် ၈ ရက်မှာ ဖော်ပြပါတယ်။ Asia Times ဝက်ဘ်ဆိုက်မှာတော့ ဆောင်းပါးရှင် Yun Sun ရဲ့ China, Myanmar:stop that train သတင်းဆောင်းပါးကို ဩဂုတ် ၁၄ ရက်မှာ ဖော်ပြခဲ့ပါတယ်။ ဆောင်းပါးရှင် Yun Sun ဆိုတာ ဧရာဝတီမြစ်ဆုံစီမံကိန်း ကိစ္စမှာလည်း အငြင်းပွားဖွယ်ရာ ရေးသားမှုတွေ ပြုလုပ်ခဲ့သူဖြစ်ပြီး တရုတ်အစိုးရအာဘော်နဲ့ နီးစပ်သူဖြစ်ပါတယ်။



ဩဂုတ် ၁၅ ရက်ထုတ် ဧရာဝတီ သတင်းဂျာနယ်မှာလည်း ဝီလျံဘွတ်ရဲ့ ဆောင်းပါးတစ်ပုဒ်ကို မြန်မာဘာသာနဲ့ ဖော်ပြခဲ့ပါတယ်။ သူက ဓာတ်ငွေ့ပိုက်လိုင်းရဲ့ ရည်ရွယ်ချက်ကို မေးခွန်းထုတ်ခဲ့တာဖြစ်ပြီး သူရေးခဲ့တဲ့ သတင်းဆောင်းပါးခေါင်းစဉ်က ‘တရုတ်ဂက်စ်ပိုက်လိုင်း နိုင်ငံရေးကြောင့်သာ ဖောက်လုပ်ခဲ့ပုံရ’ ဖြစ်ပါတယ်။



ဒီဆောင်းပါးတွေကို ဆက်စပ်ကြည့်တဲ့အခါ တရုတ်ဘက်က ဆန္ဒပြင်းပြနေတဲ့ ရထားလမ်းစီမံကိန်းဟာ ‘မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့’ ဆိုတဲ့ စကားရပ်အပေါ် သံသယဝင်စေမှာ ဖြစ်ပါတယ်။



(၄)

ရထားလမ်းစီမံကိန်းဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာထက် တရုတ်အကျိုးစီးပွားအတွက် ဆိုတာက ပိုမှန်ပါတယ်။ ဒီအချက်ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း နေပြည်တော် အာဆီယံဆွေးနွေးပွဲကို တက်ခဲ့ကြတဲ့ အမေရိကန်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံချိန်မှာ ထင်ရှားပါတယ်။



အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ တွေ့ဆုံချိန်မှာ ဂျွန်ကယ်ရီက မြန်မာနိုင်ငံကို နည်းပညာအကူအညီပေးဖို့၊ စီးပွားရေးနဲ့ ကုန်သွယ်ရေးတိုးမြှင့်ဖို့ စတာတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ၊ မြန်မာပြည်သူတွေ အကျိုးဖြစ်ထွန်းဖို့ ကူညီမယ်ဆိုတဲ့ အကြောင်းတွေကို ပြောခဲ့ပါတယ်။



တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံရာမှာတော့ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့ ကိစ္စတွေအပြင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုအခြေအနေ၊ တရုတ်-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာစီးပွားရေး စင်္ကြံကိစ္စ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ထောင်ရေး၊ နိုင်ငံတွင်း အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ ချေးငွေကိစ္စတွေနဲ့ နယ်စပ်ကုန်သွယ်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။



တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့တဲ့အခါ တရုတ်-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာစီးပွားရေး စင်္ကြံကိစ္စနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရေးကိစ္စတွေ ပါဝင်ခဲ့ပါတယ်။ ကျောက်ဖြူ-ကူမင်း ရထားလမ်းဖောက်လုပ်ရေး ကိစ္စလည်း ပါဝင်မှာပါ။ တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ အထူးစီမံကိန်းကြီးငါးခုမှာ မြစ်ဆုံစီမံကိန်းကို လက်လွှတ်ခဲ့ပြီးပါပြီ။ ဒုတိယစီမံကိန်းကြီးဖြစ်တဲ့ ရထားလမ်းဖောက်လုပ်ရေးကို အလွယ်တကူ လက်လွှတ်ခံမှာ မဟုတ်ပါဘူး။ ကျောက်ဖြူ-ကူမင်း ရထားလမ်းဟာ တရုတ်နိုင်ငံ ပထဝီနိုင်ငံရေး အနာဂတ်ဗျူဟာအတွက် အဓိကအရေးပါနေတဲ့ လမ်းကြောင်းတစ်ခု ဖြစ်နေပါတယ်။



(၅)

တရုတ်နိုင်ငံဟာ သူတို့အတွက် နိုင်ငံတကာနိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေး အခင်းအကျင်းအတွက် မဟာဗျူဟာတစ်ခုကို ၂ဝဝဝ ပြည့်နှစ်ကတည်းက ရှာဖွေထားပါတယ်။ သူတို့ရှာဖွေထားတာက ပုလဲသွယ်မဟာဗျူဟာ (String of Pearl's Strategy) ဖြစ်ပါတယ်။ ပုလဲသွယ် မဟာဗျူဟာရဲ့ အဓိကသော့ချက်က အခြားဒေသတွေကို လွှမ်းမိုးပြီး စွမ်းအင်လုံခြုံရေးကို အဓိကထားဆောင်ရွက်မှာ ဖြစ်ပါတယ်။



ပုလဲသွယ်မဟာဗျူဟာကို အကောင်အထည်ဖော်တဲ့အခါ မြန်မာနိုင်ငံက အဓိကကျနေပါတယ်။ အထူးသဖြင့် တောင်တရုတ်ပင်လယ်နဲ့ မလက္ကာရေလက်ကြားကို လွှမ်းမိုးဖို့ ခက်ခဲနေတဲ့ တရုတ်တွေဟာ မြန်မာနိုင်ငံကို ဝင်ရောက်ဖြတ်သန်းပြီး အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရှာမှာ ဖြစ်ပါတယ်။ ဒီလို ဖြတ်သန်းနိုင်မယ်ဆိုရင် တောင်တရုတ်ပင်လယ်နဲ့ မလက္ကာရေလက်ကြား လုံခြုံမှုကို ကာကွယ်နိုင်မှာဖြစ်သလို သူတို့ကုန်စည်တွေကို အာဖရိကအထိ ခြေဆန့်သယ်ယူ ပို့ဆောင်တဲ့အခါ ခရီးတိုစေမှာ ဖြစ်ပါတယ်။



ဒီအချိန်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ကျောက်ဖြူ-ကူမင်း ရထားလမ်း၊ ကားလမ်းဟာ တရုတ်တို့အတွက် အရှေ့အလယ်ပိုင်းနဲ့ ဥရောပကို ဖောက်ထွက်ဖို့ အရေးပါပြီး အချိန်တိုတဲ့ ထွက်ပေါက်တစ်ခု ဖြစ်လာပါလိမ့်မယ်။



ဒီအခြေအနေတွေက ရထားလမ်းစီမံကိန်း မဖြစ်မနေလုပ်ကိုင်ဖို့ အချက်ကို တရုတ်ဘက်က လက်လျှော့မှာ မဟုတ်ဘူးဆိုတာကို ပြသနေပါတယ်။ မြစ်ဆုံစီမံကိန်းကို လက်လွှတ်ယောင်ပြပြီး ဓာတ်ငွေ့ပိုက်လိုင်းကို ပြီးအောင်ဖောက်၊ ရထားလမ်းဖောက်ဖို့ ဆက်လက်ပြင်ဆင်ခဲ့တာကလည်း ဒီအခြေအနေတွေကြောင့်ပဲ ဖြစ်ပါတယ်။



(၆)

တစ်ဖက်မှာတော့ တရုတ်နိုင်ငံဟာ အာရှဒေသတွင်း နိုင်ငံတွေမှာ သူ့ရဲ့ဩဇာလွှမ်းမိုးမှုရအောင် ပုံဖော်နေပါတယ်။ မြန်မာနိုင်ငံ တစ်ခုတည်းကို မဟုတ်ဘဲ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူနိုင်ငံတွေအထိ ရောက်ရှိနိုင်မယ့် ‘အာရှဖြတ်သန်း မဟာရထားလမ်း’ သဘောတူညီမှုကို အစိတ်အပိုင်း တစ်ခုချင်းစီအလိုက် လုပ်ကိုင်ခြင်းကို တရုတ်ဘက်က ပြင်ဆင်နေပါတယ်။



ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းက သဘောတူညီချက်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်လို့ The New York Times သတင်းစာဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။ ဒီကြားထဲမှာပဲ ထိုင်းနိုင်ငံရဲ့ အာဏာသိမ်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးပရာယွတ်ချန်က ထိုင်းနိုင်ငံနဲ့ ကူမင်းကို ဆက်သွယ်မယ့် အမြန်ရထားလမ်းစီမံကိန်း ပြန်စဖို့ သဘောတူလိုက်ပါတယ်။ ၂ဝ၂၁ ခုနှစ် အပြီးတည်ဆောက်မှာ ဖြစ်ပါတယ်။



ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေက ထိုင်းနိုင်ငံနဲ့ တူညီမှုမရှိပါဘူး။



(၇)

The New York Times သတင်းစာဆောင်းပါးမှာ ဖော်ပြခဲ့တာက အမြန်လမ်းချဲ့ထွင်ဖို့ တရုတ်က ကြိုးစားနေတာ အောင်မြင်ပါ့မလားဆိုတာကို မေးခွန်းထုတ်ခဲ့တာပါ။ တရုတ်ဘက်က ဆန္ဒရှိပေမယ့် မြန်မာအစိုးရဘက်က ငြင်းဆန်ထားတဲ့အချက်၊ ဒါတွေအပြင် မြန်မာဘက်က အမြင်တွေကို ထည့်သွင်းခဲ့ပါတယ်။ ဒီဆောင်းပါးမှာပဲ Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင်က တရုတ်ရထားလမ်းစီမံကိန်းဟာ အမျိုးသားလုံခြုံရေးကိစ္စ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။



“တရုတ်-မြန်မာ ရထားလမ်းကတစ်ဆင့် တရုတ်ဟာ အိန္ဒိယသမုဒ္ဒရာကို အလွယ်တကူ ရောက်ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လုံခြုံ ရေးကို ခြိမ်းခြောက်လာနိုင်တယ်။ ရထားလမ်းကြောင့် မြန်မာဟာ ဒုတိယခရိုင်းမီးယားဒေသ ဖြစ်လာနိုင်တယ်” လို့ ဒေါက်တာသန်းထွဋ်အောင်က ပြောခဲ့ပါတယ်။



တရုတ်ဘက်ကတော့ ရထားလမ်းစီမံကိန်းကို လက်မလျှော့သေးဘဲ စီမံကိန်းအတွက် လက်မှတ်ထိုးနိုင်ဖို့ ယုံကြည်နေတယ်။ အခုချိန်မှာတင် ယူနန်ပြည်နယ်နဲ့ ကူမင်းကနေ မြန်မာနယ်စပ် တစ်လျှောက်ရှိနေတဲ့ တောင်တန်းတွေမှာ ရထားလမ်းဥမင်တွေဖောက်ဖို့ အစီအစဉ်တွေကို ဆက်လုပ်နေတယ်လို့ The New York Times ဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။



Asia Times ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပြီး တရုတ်အစိုးရအာဘော်နဲ့ နီးစပ်တဲ့ ဆောင်းပါးရှင်ရေးခဲ့တဲ့ ဆောင်းပါးမှာ ဖော်ပြခဲ့တာက မြန်မာအစိုးရဘက်က စိုးရိမ်တာတွေ လျော့ကျစေဖို့ ပြဌာန်းချက်အသစ်တွေနဲ့ စာချုပ်ပြန်ချုပ်နိုင်တယ်ဆိုတဲ့ လမ်းကြောင်းသစ်ကို ဖော်ပြထားပါတယ်။ ဒါ့အပြင် ရထားလမ်းစီမံကိန်းကို ဖျက်သိမ်းမယ်ဆိုရင် တရုတ်-မြန်မာဆက်ဆံရေး ထိခိုက်မယ်လို့ သတိပေးပါတယ်။ တရုတ်အနေနဲ့ အခုပျက်ပြယ်သွားတဲ့ သဘောတူညီချက်လောက် မကောင်းတဲ့ သဘောတူညီချက်တစ်ခုကို လိုက်လျောရမယ့်ပုံ ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။



ဒီနေရာမှာ The New York Times ဆောင်းပါးနဲ့ Asia Times ဆောင်းပါးတို့ရဲ့ ချဉ်းကပ်ပုံက ကွဲပြားပါတယ်။ The New York Times ဆောင်းပါးက တရုတ်ဩဇာကြီးမှုကို မြန်မာပြည်သူတွေ စိုးရိမ်ရတဲ့ အချက်တွေနဲ့ တရုတ်ရဲ့ချဲ့ထွင်မှုကို ထောက်ပြပြီး မြန်မာအစိုးရဘက်ကလည်း စီမံကိန်းကို အလွယ်တကူ ပြန်လက်ခံတော့မှာ မဟုတ်ဘူးဆိုတဲ့ သဘောကို ရေးခဲ့ပါတယ်။ Asia Times ဆောင်းပါးက တရုတ်ဘက်က အရှုံးတွေကို တွက်ချက်ပြပြီး အရှုံးထဲက အမြတ်ကျန်အောင် လမ်းစဖော်ပေးတာ ဖြစ်ပါတယ်။



The Irrawaddy သတင်းဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးက တရုတ်ပိုက်လိုင်း စီမံကိန်းရဲ့ နောက်ကွယ်ကို ဖော်ထုတ်ဖို့ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ပိုက်လိုင်းစီမံကိန်းမှာ နိုင်ငံရေးရည်ရွယ်ချက်တွေ ပါဝင်နေတာကို ထောက်ပြပါတယ်။ တရုတ်စွမ်းအင် ဗျူဟာရှင်တွေ ကန့်ကွက်နေတဲ့ကြားက ကန့်ကွက်မှုတွေကို ဆန့်ကျင်ပြီး ပိုက်လိုင်းကို ဖောက်လုပ်ခဲ့တာပါ။



လက်ရှိအချိန်မှာ ပိုက်လိုင်းကနေ ဓာတ်ငွေ့တင်ပို့ဖို့ မူလရည်မှန်းထားတဲ့ ရည်မှန်းချက်ရဲ့ ၁၅ ရာခိုင်နှုန်းကိုသာ ဓာတ်ငွေ့ပို့လွှတ်နိုင်တယ်။ ဒီလိုလျော့ကျပြီး ပို့နေရတဲ့အပေါ် CNPC ကုမ္ပဏီဘက်က အကြောင်းပြချက် ပေးမထားဘူး။ တစ်ချိန်တည်းမှာပဲ CNPC ကုမ္ပဏီဥက္ကဋ္ဌဟောင်း Jiang Jiemin က တရုတ်နိုင်ငံက နိုင်ငံပိုင်စွမ်းအင် စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ အခြားအဆင့်မြင့် အရာရှိတွေနဲ့အတူ အကျင့်ပျက်ခြစားမှု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စုံစမ်းစစ်ဆေးမှု ခံနေရတယ်ဆိုတဲ့ အချက်ကို The Irrawaddy ဆောင်းပါးမှာ ဖော်ပြထားပါတယ်။



CNPC ကုမ္ပဏီဥက္ကဋ္ဌဟောင်း စုံစမ်းစစ်ဆေးခံနေရတဲ့ အချက်က ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းနဲ့ ပတ်သက်ခြင်း ရှိ၊ မရှိ မသိရပေမယ့် ကျောက်ဖြူ-ကူမင်း ရထားလမ်း အပါအဝင် မြန်မာနိုင်ငံထဲမှာရှိနေတဲ့ တရုတ်စီမံကိန်းတိုင်းမှာ ပါဝင်ပတ်သက်ခဲ့ သူတိုင်းအတွက် မေးခွန်းထုတ်စရာတွေတော့ ရှိနေပါတယ်။



(၈)

မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံက လုပ်ဆောင်နေတဲ့ အဓိကစီမံကိန်းကြီး ငါးခုရှိပါတယ်။ လက်ပံတောင်းတောင်စီမံကိန်း၊ မြစ်ဆုံစီမံကိန်း၊ တာပိန်ရေအားလျှပ်စစ်စီမံကိန်း၊ ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းနဲ့ အမြန်ရထားလမ်းစီမံကိန်း၊ တကောင်းနီကယ်သတ္တုစီမံကိန်းတို့ ဖြစ်ပါတယ်။



မြစ်ဆုံစီမံကိန်းကို သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ ရပ်နားထားပါတယ်။ ရထားလမ်းစီမံကိန်းက ပျက်ပြယ်နေပြီဆိုပေမယ့် စာချုပ်သစ်ပြန်ချုပ်ပြီး ပြန်စချင်တဲ့သဘော ရှိနေပါတယ်။



ရထားလမ်းစီမံကိန်းကို တရုတ်ဘက်က ရင်းနှီးမြှုပ်နှံပြီး နှစ် ၅ဝ BOT စနစ်နဲ့ လုပ်ချင်နေတာပါ။ ရထားလမ်းကရလာတဲ့ အကျိုးအမြတ် အများစုကို တရုတ်တို့က နှစ် ၅ဝ အထိ ရယူမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။



အခုချိန်မှာ ရထားလမ်းစီမံကိန်းနဲ့ ပတ်သက်လို့ ကန့်ကွက်မှုတွေ ရှိနေသလို အမျိုးမျိုး သုံးသပ်ပြောဆိုနေတာတွေ ရှိပါတယ်။ ဒီအထဲမှာ တရုတ်သံအမတ်ကြီးပြောတဲ့ ‘မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့’ ဆိုတဲ့ ခေါင်းစဉ်အောက်ဝင်ရပ်ပြီး လုပ်သင့်တယ်လို့ ပြောနေသူတွေလည်း ရှိပါတယ်။



တရုတ်စီမံကိန်းတိုင်းက မြန်မာနိုင်ငံအတွက် မဟုတ်တာတော့ သေချာပါတယ်။ မစို့မပို့ ရရှိလာမယ့် အကျိုးအမြတ်တွေက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ကို တကယ်အကျိုးရှိစေမလားဆိုတာ မသေချာပါဘူး။



ဓာတ်ငွေ့ပိုက်လိုင်း၊ အမြန်လမ်းတွေနဲ့အတူ ပေါ်ပေါက်လာမယ့် ဘူတာရုံ၊ ကားဂိတ်၊ ဓာတ်ဆီဆိုင်၊ လူနေအိမ်ရာ၊ စူပါမားကက်တွေ ပါဝင်တဲ့ ဘက်စုံလမ်းမတစ်ခုဟာ မြန်မာပြည်သူလူထုရဲ့ ဖွံ့ဖြိုးတိုးတက်မယ်ဆိုတာလည်း မသေချာတဲ့ အခြေအနေ ဖြစ်ပါတယ်။



သေချာတဲ့ အချက်တစ်ခုက ဒီဘက်စုံစီမံကိန်းကြောင့် တရုတ်လုပ်ငန်းခွင်တွေမှာ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးပြီး ကျွန်ဘဝရောက်သွားနိုင်တဲ့ မြန်မာအလုပ်သမားတွေ ရှိလာမှာပါ။



အခု လက်ရှိအချိန်မှာပဲ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေရဲ့ဘဝ ဘာမှတိုးတက်မှု မရှိခဲ့ပါဘူး။ ပိုက်လိုင်းတစ်လျှောက် ဒေသခံတွေရဲ့ဘဝ အဆင်ပြေသွားတာမျိုး မရှိသေးပါဘူး။ လက်ပံတောင်းတောင် စီမံကိန်းဒေသက ဒေသခံတွေဘဝ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဝေးကွာနေဆဲ ဖြစ်ပါတယ်။ စီမံကိန်း အလုပ်သမားတွေရဲ့ ဆန္ဒပြမှုက အလုပ်သမားတွေရဲ့ဘဝ တိုးတက်မှုမရှိသေးဘူးဆိုတာကို ပြသနေပါတယ်။



(၉)

ရထားလမ်းစီမံကိန်းကြောင့် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ပျက်ယွင်းပြီး ပြည်ထောင်စုပြိုကွဲမယ့် အန္တရာယ်လည်း ရှိနေပါတယ်။



လက်ရှိအချိန်မှာပဲ မြန်မာနိုင်ငံထဲမှာ တရုတ်နိုင်ငံဘက်ကနေ တရားမဝင် ပြောင်းရွှေ့နေထိုင် ရောက်ရှိနေတဲ့ လူဦးရေအရေအတွက်က နှစ်သန်းကနေ ငါးသန်းကြားမှာ ရှိနေပါတယ်။ မန္တလေးအပါအဝင် မြန်မာနိုင်ငံအထက်ပိုင်း မြို့ကြီးတွေမှာ စိမ့်ဝင်ရောက်ရှိနေတဲ့ ပြည်မက တရုတ်တွေဟာ အခုချိန်မှာ ရန်ကုန်အထိ ရောက်နေပါပြီ။ ဗမာစကား လုံးဝမတတ်ဘဲ တရုတ်ပြည်မကနေ ရန်ကုန်ကိုရောက်လာပြီး တောင်းစားနေတဲ့ တရုတ်တွေတောင် ရှိနေပြီလို့ ရန်ကုန်မြို့ခံ တရုတ်တွေက ပြောဆိုနေကြပါတယ်။



အမှန်တကယ်အားဖြင့်လည်း မြန်မာမှတ်ပုံတင်ရော တရုတ်မှတ်ပုံတင် နှစ်မျိုးစလုံး ကိုင်ဆောင်ပြီး မြန်မာနိုင်ငံထဲ ဝင်ရောက်နေထိုင် စီးပွားရေးလုပ်ကိုင်နေတဲ့ တရုတ်အရေအတွက် တော်တော်များနေပါတယ်။ မကြာသေးခင်က မန္တလေးမြို့မှာ မှတ်ပုံတင်အတုကိုင်ထားတဲ့ တရုတ်တွေ ဖမ်းမိတာကလည်း ဒီအချက်ကို သက်သေပြနေပါတယ်။



မြန်မာနိုင်ငံကို တစ်ခါမှမရောက်ဖူးဘဲ မြန်မာပတ်စ်ပို့ကိုင်၊ မြန်မာမှတ်ပုံတင်နဲ့ ရန်ကုန်ကို ပထမဆုံး လာလည်တယ်ဆိုတဲ့ တရုတ်လူငယ် တစ်ဦးကိုလည်း ပြည်ပခရီးစဉ်က အပြန်လမ်းတစ်ခုမှာ ကျွန်တော်ကိုယ်တိုင် တွေ့ခဲ့ဖူးပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြုလက်မှတ် ကိုင်ဆောင်ပြီး မြန်မာနိုင်ငံထဲ ဝင်ရောက်နေထိုင်၊ စီးပွားရေးလုပ်ကိုင်နေတဲ့ တရုတ်တွေကိုလည်း ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးပါတယ်။ ဒီလိုလူတွေကို ဘယ်သူကမှ တားဆီးအရေးယူ စစ်ဆေးတာမျိုး မရှိပါဘူး။ အထူးသဖြင့် တရုတ်တွေအတွက် မြန်မာမှတ်ပုံတင် ရှိနေခြင်းက အရမ်းကို လွယ်ကူနေပါတယ်။



မြန်မာနိုင်ငံထဲ ရောက်ရှိနေတဲ့ တရားမဝင် ပြောင်းရွှေ့နေထိုင်သူ တရုတ်တွေထဲမှာ မြန်မာမှတ်ပုံတင် ကိုင်ထားသူ အရေအတွက် ဘယ်လောက်ရှိနေသလဲဆိုတာ ခန့်မှန်းရခက်ပါတယ်။ မြန်မာနိုင်ငံထဲက မြန်မာနိုင်ငံသား ၁ဝ သန်းလောက် ပြည်ပထွက် အလုပ်လုပ်ကိုင်နေကြချိန်မှာ မြန်မာနိုင်ငံရဲ့ လူဦးရေအရေအတွက် လျော့မသွားတာကလည်း တရားမဝင် ဝင်ရောက်နေထိုင်နေသူ ဘယ်လောက်များနေသလဲဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။



ရခိုင်ပြည်နယ်ထဲမှာ White Card ကိုင်ဆောင်ထားသူ ငါးသိန်းခန့်က ပြဿနာရှိနေတယ်ဆိုရင် မြန်မာနိုင်ငံထဲ တရားမဝင် ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေလည်း ပြဿနာ ရှိနေပါတယ်။ ပိုဆိုးတာက သူတို့တွေထဲက မြန်မာမှတ်ပုံတင် ကိုင်ထားသူတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ ဆန္ဒမဲ ထည့်ကြပါလိမ့်မယ်။



(၁၀)

နောက်ထပ်ပြဿနာတစ်ခုက မြန်မာအစိုးရက အထူးဒေသအဖြစ် သတ်မှတ်ပေးထားတဲ့ ‘ဝ’ နဲ့ ‘မိုင်းလား’ ကိစ္စ ဖြစ်ပါတယ်။ ‘ဝ’ ဟာ ဒီအချိန်မှာ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။



သူတို့တွေဟာ ဗမာစကား လုံးဝမပြောဘဲ တရုတ်ဘာသာစကားပြော၊ တရုတ်ငွေကြေးကိုပဲ သုံးပါတယ်။ သူတို့အဖွဲ့ရဲ့ လှုပ်ရှားမှုတွေ၊ အုပ်ချုပ်မှုအပိုင်းတွေကို တရုတ်အုပ်ချုပ်ရေးပိုင်းက လွှမ်းမိုးထားတယ်ဆိုတဲ့ အချက်ကို အခိုင်အမာပြောသူတွေ ရှိပါတယ်။



လက်ရှိပြုလုပ်နေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရေး ဆွေးနွေးပွဲ အများစုကို နှစ်ဖက်စလုံးက မတက်ပါဘူး။ ဒီလို မတက်ရတဲ့ အကြောင်းတွေထဲမှာ တရုတ်ဘက်က မတက်ခိုင်းတာကြောင့် ဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။ အခုချိန်မှာတင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ‘ဝ’ နဲ့ ‘မိုင်းလား’ က ပါဝင်လက်မှတ်ထိုးမှာ မဟုတ်ဘူးဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။



‘ဝ’ ဒေသဟာ ရုရှား-ယူကရိန်း ခရိုင်းမီးယားအရေးလို မြန်မာ-တရုတ်အရေးအတွက် အခြေခံကျတဲ့ ဒေသတစ်ခု အချိန်မရွေး ဖြစ်လာနိုင်ပါတယ်။ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်လျှောက် လုံခြုံရေးအတွက် ‘ဝ’ တပ်သားတွေကို တာဝန်ပေးဖို့ တရုတ်ဘက်က မြန်မာအစိုးရကို တင်ပြခဲ့တယ်ဆိုပြီး ထွက်ခဲ့တဲ့ သတင်းတွေအရ တရုတ်ဟာ သူ့အကျိုးစီးပွားအတွက် ‘ဝ’ တပ်သားတွေကို အချိန်မရွေး အသုံးပြုနိုင်တယ်ဆိုတာ သတိပေးနေပါတယ်။



(၁၁)

ရထားလမ်း စီမံကိန်းအရ တရုတ်နိုင်ငံသားတွေဟာ မြန်မာနိုင်ငံထဲကို အချိန်မရွေး ဝင်လာမှာ အမှန်ပဲဖြစ်ပါတယ်။ ဒီအခြေအနေထက် ပိုစိုးရိမ်စရာကောင်းတာက တကယ်လို့ နှစ်နိုင်ငံဆက်ဆံရေး အဆင်မပြေဘဲ ဒီရထားလမ်းကို ပိတ်ပစ်ခဲ့ရင် ပိုက်လိုင်းလုံခြုံရေး၊ ရထားလမ်းလုံခြုံရေးကို အကြောင်းပြုပြီး တရုတ်စစ်တပ်တွေ မြန်မာနိုင်ငံထဲကို အတားအဆီးမရှိ ဝင်ရောက်နိုင်တဲ့အချက် ဖြစ်ပါတယ်။



ဒါ့အပြင် ရထားလမ်းနဲ့အတူ တရုတ်ဘက်က ဆက်ဝင်လာမယ့် တရားမဝင် အလုပ်သမားတွေ၊ သူတို့နဲ့ ဆက်စပ်နေမယ့် ပြဿနာတွေ၊ တရားဥပဒေမဲ့ ပြုမူမှုတွေ၊ ဒေသခံတွေနဲ့ဖြစ်ပွားမယ့် ပဋိပက္ခ အကျိုးဆက်တွေက အန္တရာယ်ရှိနေပါတယ်။



တရုတ်အစိုးရဘက်က ကြိုးစားနေပေမယ့် လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေက ရထားလမ်းဖောက်ဖို့ကို ခွင့်ပြုချက် မပေးနိုင်ပါဘူး။ တရုတ်ဘက်က ပြောဆိုနေတဲ့ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာကလည်း မရေရာတဲ့ အခြေအနေပဲ ဖြစ်နေပါတယ်။ သေချာတာက စီမံကိန်းက အစပြုပြီးဖြစ်လာတဲ့ ပြဿနာတွေက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်ထောင်စုပြိုကွဲရေးကို ခြိမ်းခြောက်နေပါတယ်။



အကယ်၍ တိုင်းပြည်တည်ငြိမ်မှုရှိနေပြီ၊ စီမံကိန်းကြောင့် အမှန်တကယ် ဖွံ့ဖြိုးမှုရှိစေမယ်ဆိုရင် စီမံကိန်းကို အကောင်အထည်ဖော်သင့်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ မဖြစ်သင့်သေးပါဘူး။ နောင်နှစ် ၂ဝ ကြာရင်တော့ ဖြစ်လာနိုင်ပါလိမ့်မယ်။ အခုချိန်မှာ လုပ်ခဲ့မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုနဲ့ အချုပ်အခြာအာဏာကို လဲရပါလိမ့်မယ်။





ဖွံ့ဖြိုးတိုးတက်မှုနဲ့ အချုပ်အခြာအာဏာကို လဲရမှာလား | Eleven Daily News

news-eleven.com

(၁)တရုတ်ဘက်က ဆန္ဒရှိနေတဲ့ ကျောက်ဖြူ-ကူမင်း ရထားလမ်း မတိုင်ခင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖောက်ချိန်ကတည်းက ဒီစီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဘယ်လောက်ထိပါးမလဲဆိုတဲ့ မေးခွန်းတွေ ထွက်ခဲ့ပါတယ်။ဒါပေမဲ့ အခုချိန်မှာ ပိုက်လိုင်းဖောက်ပြီးသွားလို့ ဓာတ်ငွေ့တွေပို့လွှတ်နေပါပြီ။ ပိုက်လိုင်းစီမံကိန်း စတင…

from Eleven Media Group's Facebook Wall http://ift.tt/1rKOF2F

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3