Skip to main content

ကျွန်တော်နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) (ဆောင်းပါးရှင် - ဒေါက်တာသိန်းမြင့်) အမြုေ...



ကျွန်တော်နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ)



(ဆောင်းပါးရှင် - ဒေါက်တာသိန်းမြင့်)



အမြုတေစာနယ်ဇင်းကောင်စီ ဖွဲ့စည်းခြင်း



အမြုတေစာနယ်ဇင်းကောင်စီကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ အဖွဲ့ဝင် ၂၀ ဦးနဲ့ ဖွဲ့ပေးလိုက်တယ်လို့ ကြေညာချက် ထွက်လာတဲ့အခါ စာပေလောကမှာ ဝေဖန်ဆူညံကန့်ကွက်သံများ လျှံထွက်လာခဲ့ပါတယ်၊ အရင်အစိုးရလက်ထက်က စာပေလောကနဲ့ အများပြည်သူရဲ့ ယုံကြည်ကိုးစားမှု မခံရသော စာပေစာနယ်ဇင်း အဖွဲ့ဝင်တွေ၊ ကျင့်ဝတ်ဖောက်ဖျက်သူတွေ ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။ ကောင်စီဝင်တွေကို ပေးအပ်ထားတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေက ဥပဒေအထက်ကို ရောက်နေတာတွေကြောင့်လည်း ပါပါတယ်။ ဒီအစိုးရလက်ထက်မှာ သမ္မတရုံးက သူနဲ့လက်သင့်ရာလူတွေခေါ်ပြီး ဖွဲ့ဖြစ်ထားတာကလည်း အကြောင်းတစ်ရပ်အဖြစ် ပါဝင်ပါတယ်။ ဥက္ကဋ္ဌကတော့ အခုစာနယ်ဇင်းကောင်စီ (ယာယီ)ရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်အေးပဲ ဖြစ်ပါတယ်။



မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ဖွဲ့စည်းခြင်း



ဒါပေမဲ့ အဲဒီအမြုတေ စာနယ်ဇင်းကောင်စီက လူအများရဲ့ ဆန့်ကျင်မှုခံရပြီး အလုပ်မဖြစ်တော့တဲ့အခါ ပြန်ဖွဲ့ဖို့ပြင်ရပါတယ်။ အဲဒီအချိန်မှာ ပြန်ကြားရေးက ဦးတင့်ဆွေက သမ္မတရုံးရဲ့ ညွှန်ကြားမှုနဲ့ စာနယ်ဇင်းကောင်စီကို ပြန်ဖွဲ့ချင်ပါတယ်၊ EMG ပါနိုင်မလားဆိုပြီး ကမ်းလှမ်းပါတယ်။ ပြန်ကြားရေး (သို့မဟုတ်) အစိုးရရဲ့ အထောက်အပံ့နဲ့ ကင်းရှင်းရမယ်။ ပါသင့်ပါထိုက်တဲ့ ဂျာနယ်လစ်အဖွဲ့အစည်း၊ စာရေးဆရာသမဂ္ဂရယ်၊ မီဒီယာကြီးတွေပါရင် EMG လည်း ပူးပေါင်းဆောင်ရွက်မယ်လို့ အကြောင်းပြန်လိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ အမြင်ကတော့ ၁၉၆၂ ဥပဒေ မြန်မြန်ရုပ်အောင် မီဒီယာဥပဒေ ရေးဆွဲရေးကို တွန်းအားပေးဖို့ပါပဲ။ ကျန်တဲ့အလုပ်တွေ စိတ်မ၀င်စားပါဘူး။ အစိုးရက ခန့်ထားသူတွေ အများကြီးပါတဲ့ ဒီအဖွဲ့မှာ အစိုးရသြဇာ မကင်းနိုင်တာ သဘာဝကျပါတယ်၊ ဒါပေမဲ့ သြဇာတိက္ကမရှိအောင် အစိုးရအထောက်အပံ့မယူရင် လုပ်မယ်ဆိုပြီး ပါဝင်လုပ်ဖြစ်လိုက်တာပါ။



အဲဒါကြောင့် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်ဟာ စာနယ်ဇင်းလောကမှ တာဝန်ရှိသူတွေကို သီးသန့်တွေ့ဆုံ ဆွေးနွေးပြီးတဲ့အခါမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ အဖွဲ့ဝင်(၂၈)ဦးနဲ့ စတင်ဖွဲ့စည်းပေးခဲ့ပါတယ်။



ဒီလိုနဲ့ အစိုးရဘက်က သုံးပုံနှစ်ပုံ၊ ကျွန်တော်တို့ အကြံပြုတဲ့ဘက်က MJU၊ MJN၊ မီဒီယာကြီးတွေက သုံးပုံတစ်ပုံနဲ့ ဖွဲ့ဖြစ်သွားပါတယ်၊ စာရေးဆရာသမဂ္ဂကို ဆွေးနွေးတုန်းက ပါပေမယ့် ဖွဲ့ခါနီးမှ သူတို့ဘက်က ကပ်ပြီးဖြုတ်လိုက်ပါတယ်။ ဆွေးနွေးစဉ်တုန်းက မပါတဲ့ သမ္မတရုံးက ဒေါက်တာအောင်ထွန်းသက်၊ Forever၊ Sky Net နဲ့ ၈၈ မျိုးဆက်က ဦးကိုကိုကြီးတို့ကို သူတို့သဘောနဲ့ ထပ်ထည့်ပါတယ်။ ဦးကိုကိုကြီးက မပါသင့်ဘူးလို့ ဆုံးဖြတ်ပြီး အစည်းအဝေးမှာပဲ နုတ်ထွက်လိုက်ပါတယ်။ ကိုယ်နဲ့အလှမ်းဝေးတဲ့အလုပ် မလုပ်တဲ့ သူ့ဆုံးဖြတ်ချက် အရမ်းမှန်ပါတယ်။ မူလလျာထားစဉ်က ပါပေမယ့် ဒေါ်အေးအေးဝင်း (AP) ကတော့ အချိန်မပေးနိုင်တာကြောင့် ဖွဲ့စည်းတဲ့နေ့မှာပဲ လာရောက်ခြင်းမရှိခဲ့ပါဘူး။ ဥက္ကဋ္ဌဦးခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌဦးစိုးသိမ်း၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေနဲ့ တွဲဖက်အတွင်းရေးမှူး ဒေါ်နန်ကလျာဝင်းတို့ဖြစ်ပြီး ကျွန်တော်ကတော့ ရိုးရိုးအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တယ်။



စာနယ်ဇင်းကောင်စီ(ယာယီ)ရဲ့ လုပ်ငန်း



ကုန်းမြင့်သာစားသောက်ဆိုင်မှာ စာနယ်ဇင်းကောင်စီ(ယာယီ)ရဲ့ ပထမဆုံး အစည်းအဝေးမှာ အစိုးရကိုယ်စားလှယ် သုံးပုံနှစ်ပုံ ပါနေပေမယ့် အစိုးရနဲ့ အစစ အမှီအခိုကင်းရေးအတွက် အလေးထား ဆွေးနွေးခဲ့ကြပါတယ်။ နောက်ပြီး လုပ်ငန်းတွေ စတင်လုပ်ဆောင်နိုင်ဖို့ မီဒီယာဥပဒေရေးဆွဲရေး ကော်မတီ၊ စီမံခန့်ခွဲရေးကော်မတီ၊ အငြင်းပွားမှုနဲ့ တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်မတီနဲ့ သတင်းနဲ့ပြန်ကြားရေး ကော်မတီဆိုပြီး ကော်မတီလေးခု ဖွဲ့ခဲ့ပါတယ်။ ကျင့်ဝတ်နဲ့ မီဒီယာဥပဒေ ရေးဆွဲရေးကော်မတီမှာ အားလုံးပါဝင် လုပ်ဆောင်ကြဖို့လည်း ဆုံးဖြတ်ခဲ့ကြပါတယ်။ နောက်ပြီး ကောင်စီဝင်တွေက ငွေကျပ်သိန်း ၁၀၀ ကျော်ကို ချက်ချင်းပဲ ထည့်ဝင်ပေးကြပါတယ်။ နောက်ပိုင်းမှာ အဲဒီငွေနဲ့ ရုံးခန်းငှားရမ်းရေး၊ ရုံးအသုံးအဆောင်ပစ္စည်းများ ၀ယ်ယူရေး၊ ရုံးဝန်ထမ်းခန့်အပ်ခြင်းတို့ကို ကျွန်တော့်အနေနဲ့ စိတ်ရောကိုယ်ပါ လုပ်ဆောင်ပေးခဲ့ပါတယ်။



EMG အနေနဲ့လည်း သိန်း ၆၀ ကျော် ထည့်ဝင်ပြီးဖြစ်ပါတယ်။ အဲဒီလို ထည့်ဝင်ခဲ့ကြလို့လည်း အခုလို ကျယ်ကျယ်ဝန်းဝန်း ရုံးခန်းကို ငှားနိုင်ခဲ့ပြီး စာနယ်ဇင်းကော်စီအဆင့်နဲ့ လျော်ညီတဲ့ အစည်းအဝေးခန်းမကအစ စီစဉ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် လိုရင်လိုသလောက် တတ်နိုင်တဲ့အခြေအနေပေါ် မူတည်ပြီး ငွေများထည့်ဝင် လုပ်ဆောင်ခဲ့ကြရပါတယ်။ လုပ်စရာကိစ္စက စောနေပါကလည်း ငွေများကို ကြိုတင်စိုက်ထုတ် လုပ်ဆောင်ပေးအပ်ခဲ့တာမျိုးလည်း ရှိပါတယ်။ ဆိုလိုသည်မှာ စာနယ်ဇင်းကောင်စီ (ယာယီ) အနေနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် လွတ်လပ်စွာရပ်တည်နိုင်ခဲ့ပြီး မီဒီယာလောကကလည်း အမှီအခိုကင်းလို့ တလေးတစားရှိခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ နိုင်ငံခြား အဖွဲ့အစည်းတွေနဲ့ အမှီအခိုကင်းဖို့ ဆွေးနွေးရာမှာ ဦးသီဟစောနဲ့ ဦးခင်မောင်ဌေးတို့ရဲ့ IMS ကို သတိထားဆက်ဆံဖို့ ပြောခဲ့တာကို အခုထိ မှတ်မိနေပါသေးတယ်။



မူလက ယာယီကောင်စီကို တစ်နှစ်လောက်ပဲ လုပ်ရမှာဆိုပြီး လုပ်ခဲ့ကြပေမယ့် အခုဆိုရင် နှစ်နှစ်ပြည့်ဖို့ တစ်လသာ လိုပါတော့တယ်။ ဥက္ကဋ္ဌဦးခင်မောင်အေး နုတ်ထွက်သွားပြီ၊ ဦးကိုကိုကြီး(ဟန်ဂေရီ)က ကျန်းမာရေးကြောင့် မလာနိုင်တော့ဘူး၊ ဦးစိုးသိမ်း(မောင်ဝံသ)နဲ့ ဦးကျော်ဇောနိုင်တို့ ကွယ်လွန်သွားကြပြီ။ အခုအခါ အဖွဲ့ဝင်(၂၄)ဦးပဲ ကျန်တော့တယ်။ စတင်ဖွဲ့စည်းခဲ့စဉ်က လုပ်ငန်းရည်ရွယ်ချက်အဖြစ် စာနယ်ဇင်းကျင့်ဝတ် ရေးဆွဲမယ်၊ စာနယ်ဇင်းကောင်စီလုပ်ငန်းစဉ် ရေးဆွဲမယ်၊ သတင်းမီဒီယာဥပဒေနဲ့ သတင်းမီဒီယာ နည်းဥပဒေတို့ ရေးဆွဲမယ်၊ တစ်ဆက်တည်းမှာပဲ အငြင်းပွားမှုနဲ့ တိုင်ကြားမှုတွေ ရှိရင်လည်း ညှိနှိုင်းဖြေရှင်းပေးမယ်ဆိုပြီး အဓိကရည်ရွယ် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။



စာနယ်ဇင်းကောင်စီနဲ့ သမ္မတရဲ့ ငွေသိန်း ၅၀၀



စာနယ်ဇင်းကောင်စီမှ တခြားသူတွေ ကျွန်တော်တို့နဲ့ အယူအဆ မတူတာက ငွေရေးကြေးရေး မူဝါဒမှာ အဓိကဖြစ်ပါတယ်။ သမ္မတဆီက သိန်း ၅၀၀ ယူတဲ့ ကိစ္စမှာတော့ ကျွန်တော်နဲ့ ကျန်စာနယ်ဇင်းကောင်စီဝင်တွေကြား ပြတ်ပြတ်သားသား သဘောထား ကွဲလွဲခဲ့ပါတယ်။ သမ္မတက နှောင်ကြိုးမဲ့ ပေးတယ်ဆိုပေမယ့် သီလပျက်သွားစေနိုင်တဲ့၊ နှောင်ကြိုးဖြစ်သွားစေလောက်တဲ့ ငွေပမာဏ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း တစ်ယောက်တည်းနဲ့ အကုန်လုံးကို အမုန်းခံပြီး ကန့်ကွက်ခဲ့ပေမယ့် အုပ်စုဖွဲ့မဲခွဲရာမှာ ကန့်ကွက်သူမရှိ ဖြစ်ခဲ့ရပါတယ်။ အလုပ်ဖြစ်ရုံ (ယာယီ) ဖွဲ့ထားတဲ့အဖွဲ့က လုပ်ဆောင်တာဖြစ်လို့ အားလုံးကိုတော့ ကိုယ်စားမပြုနိုင်ပါဘူး။ သြဇာတိက္ကမ ရှိခါစမှာ ဒီပြဿနာပေါ်ခဲ့တာကတော့ နှမြောစရာ ကောင်းလှပါတယ်။ ပြန်ကြားရေးကို လွန်ဆန်လို့ရပေမယ့် သမ္မတသြဇာကို လွန်ဆန်နိုင်တဲ့ ကိုယ်ခံအား သူတို့မှာ မရှိခဲ့ကြပါဘူး။



စာနယ်ဇင်းကျင့်ဝတ် ရေးဆွဲခြင်း၊ စာနယ်ဇင်းကောင်စီလုပ်ငန်းစဉ် ရေးစွဲခြင်း၊ သတင်းမီဒီယာဥပဒေ ရေးဆွဲခြင်း စာနယ်ဇင်းကျင့်ဝတ် ရေးဆွဲခြင်း၊ စာနယ်ဇင်းကောင်စီ လုပ်ငန်းစဉ်ရေးစွဲခြင်း၊ သတင်းမီဒီယာဥပဒေ ရေးဆွဲခြင်း လုပ်ငန်းစဉ်များ ပြီးဆုံးပါက ယာယီအဖွဲ့နုတ်ထွက်ပြီး အဖွဲ့အသစ်အား လွှဲပေးရန် ဖြစ်ပါတယ်။ အခုအခါ စာနယ်ဇင်းကျင့်ဝတ်နဲ့ စာနယ်ဇင်းလုပ်ငန်းစဉ် ရေးသားထုတ်ပြန်ခြင်းအပြင် သတင်းမီဒီယာ ဥပဒေကိုလည်း ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့က အတည်ပြု ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။



ဒါနဲ့ ဆက်စပ်တဲ့ သတင်းမီဒီယာ နည်းဥပဒေကိုလည်း ရေးဆွဲလျက်ရှိရာ အဆင့်ဆင့်ဆွေးနွေးပြီး အပြီးသတ်အဆင့်နီးပါးအထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။



သတင်းမီဒီယာ နည်းဥပဒေ



သြဂုတ်လ ၁၆ ရက်နေ့က ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် စာနယ်ဇင်းကောင်စီကိုလာပြီး ပုံနှိပ်မီဒီယာ နည်းဥပဒေနဲ့ သတင်းမီဒီယာ နည်းဥပဒေတို့ကို ဆွေးနွေးခဲ့ရာ ကျွန်တော်က သတင်းမီဒီယာနည်းဥပဒေ အခန်း(၂) ကောင်စီရွေးချယ် တင်မြှောက်ဖွဲ့စည်းခြင်း အပိုဒ်ခွဲ (၃-ခ-၆) ကောင်စီဝင်လောင်း အမည်စာရင်းကို အလေးထားဆွေးနွေးရာ ၀န်ကြီးက ၎င်းကိစ္စမှာ ကောင်စီတွင်းဆွေးနွေးရမယ့် ကိစ္စဖြစ်ပြီး မိမိပါဝင် ဆွေးနွေးလိုခြင်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။



သတင်းမီဒီယာဥပဒေ အခန်း (၆)အပိုဒ်ခွဲ(၁၂-ဃ)မှာ ကောင်စီဝင်ဦးရေကို နိုင်ငံတော်မှ သုံးဦး၊ သတင်းမီဒီယာသမားများ၊ သတင်းအေဂျင်စီများ၊ ပုံနှိပ်ထုတ်ဝေသူများ၊ စာရေးဆရာများ၊ ကဗျာဆရာများ၊ ကာတွန်းရုပ်ပြဆရာများ၊ အသိပညာရှင်၊ အတတ်ပညာရှင် ကိုယ်စားလှယ် အနည်းဆုံး ၁၅ ဦးမှ အများဆုံး ၃၀ ဦးအထိ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းရန် သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ စာနယ်ဇင်းကောင်စီက အခုရေးဆွဲ အတည်ပြုဖို့ စီစဉ်နေတဲ့ နည်းဥပဒေမှာ ကောင်စီဝင်ဦးရေကို နိုင်ငံတော်မှ သုံးဦး၊ သတင်းမီဒီယာနှင့် စာနယ်ဇင်းများမှ ညှိနှိုင်းရွေးချယ်သည့် ကိုယ်စားလှယ် ၁၀ ဦး၊ မီဒီယာလုပ်ငန်းပိုင်ရှင် သုံးဦး၊ တတ်သိပညာရှင်နဲ့ ဥပဒေပညာရှင်သုံးဦး အပါအ၀င် ကောင်စီဝင်ဦးရေကို ၁၉ ဦးပဲ သတ်မှတ်ထားတာ တွေ့ရပါတယ်။ ဥက္ကဋ္ဌဦးခင်မောင်အေး မရှိတဲ့နောက်ပိုင်းမှာ ဒုဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဦးခင်မောင်လေးက အကြီးအမှူးအဖြစ် တာဝန်ယူ လုပ်ဆောင်တာ တွေ့ရပါတယ်။ ဒါပေမဲ့ ကောင်စီစတင် ဖွဲ့စည်းစဉ်က အစည်းအဝေးမလာလို့ ဝေဖန်ခံခဲ့ရပေမယ့် ဦးကျော်မင်းဆွေနဲ့အဖွဲ့ဟာ နောက်ပိုင်းမှာ စာနယ်ဇင်းကောင်စီကို လွှမ်းမိုးခြယ်လှယ်ပြီး သူ့သဘောနဲ့သူ လုပ်ဆောင်မှုတွေ၊ ရှေ့နောက်မညီဘဲ ဆောင်ရွက်တာတွေ တွေ့လာရပါတယ်။ မူလချထားတဲ့ သဘောထားတွေကိုလည်း ဦးဆောင်ပြီး ချိုးဖောက်ခဲ့တာ တွေ့ရပါတယ်။ အစည်းအဝေးမှာပဲ ကျယ်ကျယ်ပြန့်ပြန့်မဖြစ်တဲ့ ဥပဒေကို ညှိနှိုင်းပြင်ဆင်ဖို့ ပြောရာမှာ ဦးကျော်မင်းဆွေနဲ့ ဒေါက်တာမျိုးသန့်တင်တို့က အကြောက်အကန် ငြင်းခဲ့ပါတယ်။



အဆိုပြုပြင်ဆင်ချက်



မူလ သတင်းမီဒီယာဥပဒေမှာကဲ့သို့ စာနယ်ဇင်းလောက ကျယ်ကျယ်ပြန့်ပြန့်မဖြစ်ဘဲ မီဒီယာလုပ်ငန်းရှင်များကို ပိုမိုနေရာပေးထားတာ တွေ့ရပါတယ်။ အဲဒါကြောင့် ကျွန်တော်က စာနယ်ဇင်းကောင်စီကို ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်းဖို့ ၀န်ကြီးနဲ့ စာနယ်ဇင်းကောင်စီဝင် ၁၄ ဦးရှေ့မှာ အောက်ပါအတိုင်း ကောင်စီဝင်ဦးရေ ၂၅ ဦးဖြင့် ဖွဲ့စည်းရန် အဆိုပြုလိုက်ပါတယ်။



အဲဒီအဆိုမှာ နိုင်ငံတော်မှ သုံးဦး (၁) နိုင်ငံတော်သမ္မတ အကြံပြုသည့် ကိုယ်စားလှယ်တစ်ဦး၊ (၂)ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဆိုပြုသည့် ကိုယ်စားလှယ်တစ်ဦး၊ (၃)အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အဆိုပြုသည့် ကိုယ်စားလှယ်တစ်ဦး၊ အယ်ဒီတာများ၊ သတင်းထောက်များ၊ သတင်းမီဒီယာပိုင်ရှင်များနှင့် သတင်းမီဒီယာ အဖွဲ့စည်းများမှ လွတ်လပ်သော ၀င်ရောက်ရွေးချယ်ပွဲမှ ရွေးချယ်သူ (၁၅) ဦး၊ စာရေးဆရာများ၊ ကဗျာဆရာများ၊ ကာတွန်းရုပ်ပြ ရေးဆွဲသူများ၊ ပုံနှိပ်ထုတ်ဝေသူများမှ လေးဦးနဲ့ တတ်သိပညာရှင် သုံးဦး၊ ဥပဒေပညာရှင် တစ်ဦးနဲ့ အခြားတတ်သိပညာရှင် တစ်ဦးတို့ဖြင့် ကျယ်ကျယ်ပြန့်ပြန့် လွတ်လွတ်လပ်လပ် ဖွဲ့စည်းရန် ပရိုဂျက်တာထိုး၍ ဖော်ပြခဲ့ပါတယ်။ နည်းဥပဒေဟာ သက်ဆိုင်သူတွေအတွက် အလွန်တန်ဖိုးရှိပြီး လျှို့ဝှက်ထားစရာမလိုဘဲ ပွင့်လင်းမြင်သာစွာ ချပြရမယ့်ကိစ္စ ဖြစ်ပါတယ်။ အခုရှုပ်မှ နောင်ရှင်းဆိုသလို သတင်းမီဒီယာ နည်းဥပဒေ အပြီးသတ်မဖြစ်သေးခင် စာဖတ်သူများ အထူးသဖြင့် မီဒီယာပိုင်းမှ သက်ဆိုင်သူများကို သိစေလို၍၊ ၀ိုင်းဝန်းစဉ်းစားစေလို၍ အခုကဲ့သို့ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ စာနယ်ဇင်းကောင်စီဟာ Selected အခြေအနေကနေ Elected အခြေအနေကို ကူးပြောင်းဖို့ မဖြစ်မနေ လုပ်ဆောင်ကြရမယ့် အချိန်ရောက်ပါပြီ။





ကျွန်တော်နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) | Eleven Daily News

news-eleven.com

အမြုတေစာနယ်ဇင်းကောင်စီကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ အဖွဲ့ဝင် ၂၀ ဦးနဲ့ ဖွဲ့ပေးလိုက်တယ်လို့ ကြေညာချက် ထွက်လာတဲ့အခါ စာပေလောကမှာ ဝေဖန်ဆူညံကန့်ကွက်သံများ လျှံထွက်လာခဲ့ပါတယ်၊ အရင်အစိုးရလက်ထက်က စာပေလောကနဲ့ အများပြည်သူရဲ့ ယုံကြည်ကိုးစားမှု မခံရသော စာပေစာနယ်ဇင်း အဖွဲ့ဝင်တွေ၊ ကျင့်ဝတ်ဖောက်ဖျက်သူတွေ ပါဝင…

from Eleven Media Group's Facebook Wall http://ift.tt/1rKOG6K

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...