Skip to main content

ပြည်သူ့ဆန္ဒကို နင်းခြေ အမျိုးသားညီလာခံဗျူဟာကို ခင်းကျင်း (ဆောင်းပါးရှင် - ဒေါက်တ...



ပြည်သူ့ဆန္ဒကို နင်းခြေ အမျိုးသားညီလာခံဗျူဟာကို ခင်းကျင်း



(ဆောင်းပါးရှင် - ဒေါက်တာရန်မျိုးသိမ်း)



မြန်မာ့နိုင်ငံရေးသမိုင်းတွင် ၁၉၆၂ ခုနှစ် မတ် ၂ ရက်မှစ၍ ပြည်သူ့ဆန္ဒများကို နင်းခြေခဲ့သည်မှာ အကြိမ်ကြိမ်ဖြစ်သည်။ ပြည်သူလူထုသည် ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်၊ ပြန်မပြောနဲ့ဟု ဆိုနိုင်သော အာဏာရှင် ပုံစံခွက်ထဲတွင် ပိတ်လှောင်ခံခဲ့ရသည်။ နိုင်ငံရေးအရ အကျယ်ချုပ်ချခံခဲ့ရသော မြန်မာပြည်သူလူထု၏ ၁၉၉၀ ပြည့်နှစ်၊ မေလဆန္ဒကို ထပ်မံနင်းခြေလျက်၊ အမျိုးသားညီလာခံဗျူဟာကို မျက်နှာပြောင်တိုက် ဖော်ဆောင်ခဲ့ခြင်းသည် မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ပြတ်ပြတ်သားသား ကျောခိုင်းစိန်ခေါ်ခဲ့ခြင်းဟု သတ်မှတ်နိုင်သည်။



၁၉၉၀ ပြည့်နှစ်၊ မေ ၂၇ ရက်တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လွှတ်တော်ကိုယ်စားလှယ် ၄၈၅ ဦးအနက် လွှတ်တော်ကိုယ်စားလှယ် ၃၉၂ ဦး အနိုင်ရရှိခဲ့သည်။ ၁၉၈၉ ခုနှစ်၊ မေ ၃၁ ရက် ထုတ်ပြန်ခဲ့သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၄/၉၈ ဖြစ်သည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ ပုဒ်မ (၃)တွင် လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့အပါအ၀င် မိတ်ဆွေပါတီများ၏ ရွေးကောက်ပွဲအနိုင်ရရှိမှုသည် လွှတ်တော်ကိုယ်စားလှယ် ၄၃၀ ကျော်ကို ကိုယ်စားပြုပြီးဖြစ်သဖြင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ ပုဒ်မ(၃)အရ လွှတ်တော်ကို အမြန်ဖွဲ့စည်းခဲ့ရမည် ဖြစ်သည်။



ကြေညာချက်အမှတ် ၁/၉၀၊ အပိုဒ် (၁၈)တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီ အများစု၏ ဆန္ဒမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲရေးဖြစ်ကြောင်း၊ ယနေ့မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ နိုးကြားလာသော တိုင်းရင်းသားလူမျိုးများ အများအပြားရှိရာ ၎င်းတို့၏ ဆန္ဒသဘောထားများကို ညှိနှိုင်းရယူပြီး ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် အထူးလိုအပ်နေကြောင်း ထင်ရှားနေသည်ဟု ဖော်ပြခဲ့သည်။ အပိုဒ်(၂၀)တွင် ထို့ကြောင့် ယနေ့အခြေအနေတွင် ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ်ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်သည်ဟု ထပ်မံဖော်ပြခဲ့သည်။



၁၉၉၀ ပြည့်နှစ်၊ ဇူလိုင် ၂၇ ရက် ထုတ်ပြန်ခဲ့သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ ကြေညာချက်အမှတ် ၁/၉၀၊ အပိုဒ် (၁၂)တွင်လည်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၃ ပါ ပြဋ္ဌာန်းချက်နှင့်အညီ၊ လွှတ်တော်ခေါ်ယူဖွဲ့စည်းခြင်းကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ဆောင်ရွက်ပေးမည်ဟု ဖော်ပြခဲ့သည်။ သို့သော် န၀တအစိုးရသည် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ ကြေညာချက်အမှတ် ၁/၉၀ တို့နှင့်အညီ ပြည်သူ့လွှတ်တော်ကို ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းပေးရန် ပျက်ကွက်ခဲ့ပြီး ကိုယ်ထုတ်ပြန်သည့် ဥပဒေနှင့် ကြေညာချက်များပါ ပြဋ္ဌာန်းချက်များကို ကိုယ်တိုင်လိုက်နာရန် ပျက်ကွက်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မဟာမိတ်တိုင်းရင်းသား ပါတီများသည် ပြည်သူ့လွှတ်တော် ခေါ်ယူပေးရန် စဉ်ဆက်မပြတ် အဆိုပြုတောင်းဆိုခဲ့သော်လည်း ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်အလွန် နိုင်ငံတော်အာဏာသုံးရပ်ကို သိမ်းယူပြီးနောက် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ကျင်းပပြီးကာလတွင် န၀တအစိုးရသည် ပြည်သူလူထု၏ဆန္ဒကို ကိုယ်စားပြုသည့် ရွေးကောက်ပွဲရလဒ်နှင့်အညီ လွှတ်တော်ခေါ်ယူရေးနှင့် အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်များကို ကတိ၊ သစ္စာတည်ကြည်စွာဖြင့် အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည်မှာ အထင်အရှားဖြစ်သည်။



၁၉၉၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမတိုင်မီ ကာလများတွင် န၀တအစိုးရအဖွဲ့ အနေဖြင့် ရွေးကောက်ပွဲအပြီး၌ လွှတ်တော်ခေါ်ယူရေးနှင့် အာဏာလွှဲပြောင်းရေးတို့ကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း အထပ်ထပ် ကတိပြုခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လွှတ်တော်ခေါ်ယူရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးရန် န၀တအစိုးရ အကြီးအကဲများကို အခါမလပ် ကမ်းလှမ်းခဲ့သော်လည်း အစိုးရ၏ တုဏှိဘာဝေ တုံ့ပြန်မှုကိုသာ ရရှိခဲ့သည်။ န၀တအစိုးရသည် လွှတ်တော်ခေါ်ယူရေးနှင့် အာဏာလွှဲပြောင်းရေးထက် အမျိုးသားညီလာခံခေါ်ယူရေး လမ်းကြောင်းကို ရှေ့တန်းတင် ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ယေဘုယျ ကောက်ချက်ပြုနိုင်သည်။



ကမ္ဘာ့နိုင်ငံ အများစုသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန်၊ န၀တအစိုးရ၏ ခြေလှမ်းများကို စောင့်ကြည့်လေ့လာနေခိုက် ၁၉၉၁ ခုနှစ် အောက်တိုဘာလ ၄ ရက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ (၄၆)ကြိမ်မြောက် အထွေထွေညီလာခံတွင် န၀တအစိုးရ နိုင်ငံခြားရေးဝန်ကြီးသည် အမျိုးသားညီလာခံကို တရားဝင်ထုတ်ဖော် ပြောကြားခဲ့သည်။ ပြည်တွင်းနှင့် ပြည်ပနိုင်ငံရေး မျက်နှာစာများတွင် န၀တအစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲရေးနှင့် အမျိုးသားညီလာခံလမ်းကြောင်းကို ထိုးတင်ခဲ့ပြီး လွှတ်တော်ခေါ်ယူရေးနှင့် အာဏာလွှဲပြောင်းရေးလမ်းကြောင်းကို မှေးမှိန်ကွယ်ပျောက်အောင် စနစ်တကျဖော်ဆောင်မည့် ခြေလှမ်းများကို စတင်ခဲ့သည်။



၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအလွန် ကာလတွင် န၀တအစိုးရ အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် အနိုင်ရပါတီများနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအတိုင်း ချဉ်းကပ်ဖြေရှင်းနိုင်ရန် ပျက်ကွက်ခဲ့သည်။ အမျိုးသားညီလာခံကို နိုင်ငံရေးဆွေးနွေးပွဲများ အသွင်ယူနိုင်မည့် ပုံစံသွင်းဖော်ဆောင်ခဲ့သည်။ နိုင်ငံရေးအရ ထိတွေ့ဆွေးနွေးမှုများ ကင်းမဲ့ခဲ့သော ကာလများတွင် အာဏာလွှဲပြောင်းရေးနှင့် လွှတ်တော်ခေါ်ယူရေး မဖြစ်မြောက်ခြင်းနှင့် စပ်လျဉ်း၍ န၀တအစိုးရ အလိုတော်ရိ ပညာရှင်များနှင့် လက်ကိုင်တုတ်ပညာရှင်များ အနေဖြင့် ဒီချုပ်အပါအ၀င် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၏ အစွန်းကျသော ပြင်းထန်သော သဘောထားများအပေါ် တစ်ဖက်သတ် အပြစ်ဖို့ခြင်းသည် ကြောင်းကျိုးဆီလျော်မှု မရှိသည့်အပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ထုတ်ဖော်ခဲ့သော မဲဆန္ဒရှင်များ၏ ဆန္ဒသဘောထားများကို မျက်ကွယ်ပြုခဲ့ခြင်းပင် ဖြစ်သည်။



န၀တအစိုးရသည် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအလွန် နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရန် အမျိုးသားညီလာခံကို နိုင်ငံရေးအဓိက ဇာတ်ကောင်အဖြစ် တစ်ဖက်သတ် ပုံဖော်ယူခဲ့သည်။ ထို့ကြောင့် အမျိုးသားညီလာခံသည် ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားနှင့် ပြည်သူလူထု ဆန္ဒမဲတို့ကို ကျောခိုင်းလျက် ဖော်ဆောင်ခဲ့သော န၀တအစိုးရ၏ တစ်ဖက်သတ်ဗျူဟာပင် ဖြစ်သည်။ ဇာတ်လမ်းကျောရိုးအရကြည့်လျှင် နိုင်ငံရေးဗီလိန်ဇာတ် ခင်းခဲ့သည်ဟုလည်း ဆိုနိုင်သည်။ အမျိုးသားညီလာခံ၌ သန္ဓေတည်ခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မျက်မှောက်နိုင်ငံရေး အခင်းအကျင်းတွင် အကျပ်အတည်းကြီး တစ်ခုအဖြစ် အားကောင်းလျက် ရှိနေသည်။



နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် ၁၉၉၂ ခု နှစ်၊ ဧပြီ ၂၄ ရက်တွင် ကြေညာချက်အမှတ် (၁၁/၉၂)ကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါကြေညာချက်တွင် နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းထားသူများအနက် နိုင်ငံတော်၏ လုံခြုံရေးကို ထိခိုက်ဖွယ်ရာ အကြောင်းမရှိသူများအား အမြန်ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ အမျိုးသားညီလာခံ ခေါ်ယူကျင်းပရေးနှင့် စပ်လျဉ်း၍ တရားဝင် တည်ရှိနေသော နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်ခေါင်းဆောင်များ၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်များနှင့် နှစ်လအတွင်း တွေ့ဆုံညှိနှိုင်းမည်ဖြစ်ကြောင်း၊ ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် အခြေခံမူများ ချမှတ်နိုင်ရန် အမျိုးသားညီလာခံကို ခြောက်လအတွင်း ခေါ်ယူကျင်းပပေးမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။



အမျိုးသားညီလာခံကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲ ဦးဆောင်ကျင်းပရေး ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ၁၉၉၂ ခုနှစ်၊ မေ ၂၈ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင် ခြောက်ဦးတို့သည် တပ်မတော်အရာရှိကြီးများဖြစ်ပြီး ကော်မတီ၏ အစီရင်ခံစာကို ညှိနှိုင်းဆွေးနွေးပွဲကျင်းပပြီးနောက်၊ တစ်လအတွင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သို့ တင်ပြရမည်ဖြစ်သည်။ အဆိုပါကော်မတီတွင် ဒုတိယတပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးနှင့် စစ်ဦးစီးမှူး(ပထမတန်း) တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးတို့ အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့ပြီး၊ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးလည်းဖြစ် အတွင်းရေးမှူး(၁)လည်းဖြစ်သူက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ဦးဆောင်ကျင်းပရေး ကော်မတီကို တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးအနေဖြင့် မြင့်မြင့်မားမား ပံ့ပိုးပေးခဲ့သည်ဟု ကောက်ချက်ပြုနိုင်သည်။



၁၉၉၂ ခုနှစ်၊ မေ ၂၈ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် အမိန့်အမှတ် ၉/၉၂ ကို ထုတ်ပြန်လျက် အမျိုးသားညီလာခံကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲကို ၁၉၉၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်၊ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ နိုင်ငံတော်သမ္မတ အိမ်တော်ဝင်း အစည်းအဝေးခန်းမတွင် ကျင်းပရန် သတ်မှတ်ခဲ့သည်။ တရားဝင် တည်ရှိနေသော နိုင်ငံရေးပါတီ (၇)ပါတီ၏ ကိုယ်စားလှယ်စုစုပေါင်း ၂၈ ဦးကို နိုင်ငံရေးပါတီများက ရွေးချယ်လျက် အမည်စာရင်းပေးပို့ရန် သတ်မှတ်ခဲ့သည်။ ကြေညာချက် (၁၁/၉၂)အရ နှစ်လပြည့်ရန် တစ်ရက်အလို ဇွန် ၂၃ ရက်တွင် ညှိနှိုင်းဆွေးနွေးပွဲကို ခေါ်ယူကျင်းပခဲ့သည်။



အမိန့်အမှတ် ၉/၉၂၊ အပိုဒ် ၅ ပါ ကိုယ်စားလှယ်ဦးရေ သတ်မှတ်ချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ကိုယ်စားလှယ် ၁၅ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်သည် ကိုယ်စားလှယ်ခြောက်ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီသည် ကိုယ်စားလှယ်သုံးဦး၊ ပြည်ထောင်စုပအို့ဝ်အမျိုးသားအဖွဲ့ချုပ်၊ မြို(ခေါ်)ခမီအမျိုးသား ညီညွတ်ရေးအဖွဲ့၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီနှင့် လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့သည် ကိုယ်စားလှယ်တစ်ဦးစီ ဆွေးနွေးပွဲသို့ တက်ရောက်ရန် သတ်မှတ်ခဲ့သည်။



အမျိုးသားညီလာခံကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲကို ၁၉၉၂ ခုနှစ်၊ ဇွန် ၂၃ ရက်၊ ဇွန် ၃၀ ရက်နှင့် ဇူလိုင် ၁၀ ရက်တို့တွင် သုံးရက်တိုင် ကျင်းပခဲ့သည်။ ဦးဆောင်ကျင်းပရေး ကော်မတီဥက္ကဋ္ဌသည် ညှိနှိုင်းဆွေးနွေးပွဲနေ့တိုင်း ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည် တံ့ခိုင်မြဲရေးဟူသည့် အရေးသုံးပါးကို ထိန်းသိမ်းနိုင်ရေး အထပ်ထပ်ပြောကြားခဲ့သည်။ ကော်မတီဥက္ကဋ္ဌ၏ အဖွင့်မိန့်ခွန်းတွင် ယနေ့အခြေအနေသည် ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များအနေဖြင့် အနာဂတ်ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသော ပုဂ္ဂိုလ်များဖြစ်သည်ဟု ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်။



ဆွေးနွေးပွဲ ပထမနေ့တွင် န၀တအစိုးရနှင့် ဦးဆောင်ကျင်းပရေး ကော်မတီအနေဖြင့် အဆိုပြုခဲ့သော ကိုယ်စားလှယ် အစုအဖွဲ့ရှစ်ခုကို အခြေပြုလျက် သုံးရက်တိုင်တိုင် ဆွေးနွေးခဲ့သည်။ ကိုယ်စားလှယ်အစုအဖွဲ့ ရှစ်ခုအနက် ဒုတိယအမျိုးအစားဖြစ်သော ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားရသော ကိုယ်စားလှယ်များ အမျိုးအစားနှင့် ပတ်သက်ပြီး ကိုယ်စားလှယ်ခေါင်းဆောင် ရှစ်ဦးက ဆွေးနွေးခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပါတီငါးပါတီ၏ ခေါင်းဆောင်များသည် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခံခဲ့ရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇၇ ဦးကို အမျိုးသားညီလာခံသို့ ဖိတ်ကြားရန် ဆွေးနွေးအဆိုပြုခဲ့သည်။ ပါတီကိုယ်စားလှယ် ခေါင်းဆောင်တစ်ဦးက ယခု ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်သူဦးရေ၏ သုံးဆတက်ရောက်စေလိုကြောင်း၊ ကျန်ကိုယ်စားလှယ် ခေါင်းဆောင်တစ်ဦးက သင့်တော်သော အချိုးအစား သတ်မှတ်ပေးစေလိုကြောင်း အသီးသီး ဆွေးနွေးအဆိုပြုခဲ့ကြသည်။



၁၉၉၂ ခုနှစ် အောက်တိုဘာလတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရသည် အမျိုးသားညီလာခံ ကျင်းပရေးကော်မရှင်၊ အမျိုးသားညီလာခံ ကျင်းပရေး လုပ်ငန်းကော်မတီနှင့် အမျိုးသားညီလာခံကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီတို့ကို ဖွဲ့စည်းခဲ့ပြီး အမျိုးသားညီလာခံ၏ ဦးတည်ချက်ခြောက်ရပ်ကို ချမှတ်ရာတွင် အနာဂတ်နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍ၌ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးဟူသည့် အချက်လည်း ပါဝင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခံခဲ့ရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၉၉ ဦးကိုသာ အမျိုးသားညီလာခံသို့ ဖိတ်ကြားရန် သတ်မှတ်ခဲ့သည်။ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ် ၄၈ ဦးကို ဖိတ်ကြားမည်ဖြစ်သဖြင့် ကိုယ်စားလှယ်စုစုပေါင်း ၇၀၂ ဦးအနက် ကိုယ်စားလှယ် ၁၄၇ ဦးသာ ပြည်သူကို ကိုယ်စားပြုခဲ့ပြီး ကျန်ကိုယ်စားလှယ် ၅၅၅ ဦးကို န၀တအစိုးရ၏ ကျင်းပရေးကော်မရှင် အနေဖြင့် ခေါင်းခေါက်ရွေးချယ်ခဲ့သည်ကို တွေ့ရှိရသည်။ ၁၉၉၃ ခုနှစ် ဇန်န၀ါရီ ၉ ရက်တွင် အမျိုးသားညီလာခံကို စတင်ကျင်းပရန် အမျိုးသားညီလာခံ ကိုယ်စားလှယ် ၇၀၂ ဦးကို ဖိတ်ကြားရာ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၀၇ ဦးနှင့် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ် ၄၉ ဦးတို့ ပါဝင်ခဲ့သည်။



မျက်မှောက်ကာလတွင်လည်း ပြည်ခိုင်ဖြိုးပါတီ အစိုးရသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (အင်မ်ပီစီ)၏ အထောက်အကူပြုမှုနှင့်အတူ၊ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် အလွန်၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ဖော်ဆောင်နိုင်ရန် ခြေလှမ်းစသည့်အနေဖြင့် နိုင်ငံရေးပါတီများသို့ ငြိမ်းချမ်းရေးဖြစ်စဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်း အခမ်းအနားကို ပြုလုပ်ခဲ့သည်။ နိုင်ငံရေးဆွေးနွေးပွဲများကို ပုံဖော်ရာတွင် အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၏ ကိုယ်စားပြုနိုင်မှုသည် အရေးပါသော အချိုးအကွေ့ ဖြစ်လာနိုင်ခြေ ရှိနေသည်။ နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများ၏ နိုင်ငံရေးဆွေးနွေးပွဲများတွင် ကိုယ်စားပြုမှုသည်လည်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အလွန်ကာလ၌ အပြောင်းအလဲ ရှိလာနိုင်ခြေရှိသည့်အလျောက် အစိုးရသစ် ဖွဲ့စည်းပြီးချိန်တွင် အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးကို စတင်ပုံဖော်မည်ဆိုလျှင် ပိုမိုလက်တွေ့ကျနိုင်ဖွယ် ရှိမည်ဟုလည်း သုံးသပ်ချက်များ ရှိနေသည်။ ၂၀၁၆ ခုနှစ် နှစ်ဦးပိုင်း ပြည်ထောင်စုအစိုးရသစ် ဖွဲ့စည်းပြီးသည့် အချိန်အထိ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများဆိုင်ရာ စီမံချက် အသေးစိတ် ချမှတ်နိုင်ရေး ဦးတည်သော အစိုးရ၊ တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီ ခေါင်းဆောင်များအကြား ထိပ်သီးအဆင့် ဆွေးနွေးပွဲများနှင့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ စီမံချက်ချမှတ်နိုင်မည့် ထိပ်သီးညှိနှိုင်းဆွေးနွေးပွဲကို တစ်ပြိုင်နက် ကျင်းပနိုင်မည်ဆိုလျှင် ပိုမိုလျော်ကန် သင့်မြတ်မည်ဖြစ်သည်။



အချုပ်အားဖြင့်ဆိုသော် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခရီးရှည်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးသော့ချက် ခေါင်းဆောင်များအကြား ထိရောက်တွင်ကျယ်သော နိုင်ငံရေးစားပွဲဝိုင်း ထိပ်သီးဆွေးနွေးပွဲများကို မဖော်ဆောင်နိုင်သရွေ့ သောင်မတင်ရေမကျ ဖြစ်နေဦးမည်ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က န၀တအစိုးရနှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံဆွေးနွေးပြီး အစိုးရစိတ်တိုင်းကျ အမျိုးသားညီလာခံလမ်းကြောင်း ဖော်ဆောင်ခဲ့ခြင်းကို ပြန်လည်သုံးသပ်လျက် မြန်မာနိုင်ငံ၏ နိုင်ငံရေးရှေ့ခရီးကို စနစ်တကျ ပြင်ဆင်သင့်သည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်နှင့် ပြည်သူ့ဆန္ဒကို နင်းခြေလျက် အမျိုးသားညီလာခံဗျူဟာကို ခင်းကျင်းခဲ့ခြင်းဖြစ်သည့်နည်းတူ လက်ရှိအခြေအနေတွင်လည်း ပြည်သူလူထု အများစုကြီး၏ ဆန္ဒသဘောထား အစစ်အမှန်ကို မျက်ကွယ်ပြုလျက် ပြည်ခိုင်ဖြိုးအစိုးရ အလိုကျ အင်မ်ပီစီက ပံ့ပိုးသည့် နိုင်ငံရေးလမ်းကြောင်းမျိုးကို ပုံဖော်လာမည်ဆိုလျှင် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် ငါးပါးမှောက်နိုင်ပါကြောင်း မီးမောင်းထိုး ဆော်သြလိုက်ရပါသည်။





ပြည်သူ့ဆန္ဒကို နင်းခြေ အမျိုးသားညီလာခံဗျူဟာကို ခင်းကျင်း | Eleven Daily News

www.news-eleven.com

မြန်မာ့နိုင်ငံရေးသမိုင်းတွင် ၁၉၆၂ ခုနှစ် မတ် ၂ ရက်မှစ၍ ပြည်သူ့ဆန္ဒများကို နင်းခြေခဲ့သည်မှာ အကြိမ်ကြိမ်ဖြစ်သည်။ ပြည်သူလူထုသည် ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်၊ ပြန်မပြောနဲ့ဟု ဆိုနိုင်သော အာဏာရှင် ပုံစံခွက်ထဲတွင် ပိတ်လှောင်ခံခဲ့ရသည်။ နိုင်ငံရေးအရ အကျယ်ချုပ်ချခံခဲ့ရသော မြန်မာပြည်သူလူထု၏ ၁၉၉၀ ပြည့်နှစ်၊ေ…

from Eleven Media Group's Facebook Wall http://ift.tt/1rKOIMa

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3