(မနက်ဖြန်ထွက်မယ့် The Voice Weekly မျက်နှာဖုံးနဲ့ Editorial)
မြန်မာ့ဘဏ်လောက ဘယ်လဲ
မြန်မာနိုင်ငံ ပုဂ္ဂလိက ဘဏ်လောက အတွင်းသို့ ကွယ်လွန်သူ အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးဖြစ်သူများက နာမည်ကျော် လုပ်ငန်းရှင် ဦးတေဇ ပိုင်ဆိုင်သော AGD ဘဏ်ခေါ် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၏ အစုရှယ်ယာ အများစု ဝယ်ယူလိုက်ခြင်းဖြင့် ဝင်ရောက်လာခြင်းက ဘဏ်လောကအတွက် မေးခွန်းထုတ်စရာ များစွာ ပေါ်ပေါက်လာခဲ့သည်။
ယနေ့အချိန်အထိ အစိုးရနှင့် သီးခြားလွတ်လပ်သော ဗဟိုဘဏ် ဖြစ်မဖြစ် မကွဲပြားသေးသော ကာလမျိုးတွင် ဗဟိုဘဏ်မှတစ်ဆင့် အစိုးရ၏ သွယ်ဝိုက်ကွပ်ကဲ ထိန်းချုပ်မှု ခံထားရသည့် ပုဂ္ဂလိက ဘဏ်တစ်ခုမှ ရှယ်ယာအများအပြားကို ယခုကဲ့သို့ လူသိရှင်ကြား ဝယ်ယူမှုမှာ များစွာ ထူးခြားလှသည်။ ကုန်ခဲ့သည့် အနှစ်နှစ်ဆယ် ကာလအတွင်း မည်သည့်လုပ်ငန်းမျှ မည်မည်ရရ မပြနိုင်သော မိသားစုတစ်စုက ဤမျှများပြားသော အစုရှယ်ယာများကို ဝယ်ယူနိုင်ခြင်းမှာ ပို၍ ထူးခြားကာ ပို၍ မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။
ဥပမာအားဖြင့် ဘဏ်တစ်ခုမှ ရှယ်ယာများကို မည်သည့် လုပ်ငန်းမှ မည်သို့ အကျိုးအမြတ် ရရှိကာ မည်မျှ အခွန်ဆောင်ထားသော ဝင်ငွေဖြင့် ဝယ်ယူသနည်း၊ နိုင်ငံခြားဘဏ် တစ်ခုခုမှ ချေးယူသည်ဆိုလျှင် မည်သည့်ဘဏ်တွင် မည်သည့်ပစ္စည်း အပေါင်ထားပြီး မည်မျှ အတိုးနှုန်းဖြင့် ချေးယူထားသောငွေ ဖြစ်သနည်း၊ နိုင်ငံခြားဘဏ် တစ်ခုခုမှ မြန်မာနိုင်ငံသားတိုင်း ထိုသို့ငွေချေးပြီး ပြည်တွင်းမှ ပုဂ္ဂလိကဘဏ်တစ်ခု၏ ရှယ်ယာအများစုကို ဝယ်ယူနိုင်ပါသလော၊ ချေးယူသည်ဆိုလျှင် မည်သည့် နည်းလမ်းဖြင့် လွှဲပြောင်းရယူသနည်း၊ ဤသို့ နိုင်ငံခြားချေးငွေဖြင့် ဝယ်ယူထားသော ဘဏ်တစ်ခုကို ယင်းနိုင်ငံခြားဘဏ်က ၎င်းတို့ပိုင် ဘဏ်အဖြစ် ပြောင်းလဲသွားနိုင်ပါသလော၊ ဝင်ငွေရလမ်း မဖော်ပြနိုင်သော ငွေဖြစ်ခဲ့ပါက မည်သို့ကိုင်တွင် ဖြေရှင်းမည်နည်း စသော မေးခွန်းများ ထွက်ပေါ်လာနိုင်သည်။
ထို့အတူ ပြည်တွင်းတွင် ကုန်ခဲ့သည့် နှစ်ကာလများအတွင်း ငွေလွှဲ၊ ငွေပို့နှင့် ငွေစုလုပ်ငန်း အဆင့်သာသာ လုပ်ကိုင်ဆောင်ရွက်နိုင်သော ပုဂ္ဂလိကဘဏ်အချို့ ရန်ကုန်မြို့တော် အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ သိန်းထောင်သောင်းချီ တန်သော နေရာများတွင် ဘဏ်ခွဲ အဆောက်အအုံပေါင်း များစွာ၊ လစာ သိန်းဆယ်ချီ ပေးရသော မန်နေဂျာများ၊ အမှုဆောင် ဝန်ထမ်းများစွာ ခန့်ထားနိုင်ခြင်းမှာ နိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်း ပွင့်လင်းလာမှုအတွက် ကြိုဆိုအပ်သော်လည်း ပုံမှန်ရနိုင်သော ဝင်ငွေနှင့် နှိုင်းယှဉ်ကြည့်ပါက များစွာ ထူးခြားနေပေသည်။
မြန်မာနိုင်ငံအတွင်းမှ လုပ်ရည်ကိုင်ရည်၊ အကြံဉာဏ်နှင့် လုပ်ငန်းစီမံချက် အသေအချာ ရှိသော်လည်း အရင်းအနှီး မလုံလောက်သောကြောင့် ပုဂ္ဂလိကဘဏ်များထံမှ ချေးငွေ ရရှိလိုသူ တိုင်းရင်းသား လုပ်ငန်းရှင် မည်ရွေ့မည်မျှ အမှန်တကယ် ချေးငွေ ရရှိနေပါသနည်း၊ ထို့အတူ အခွန်ရုံးများတွင် စာရင်းပေါက်နေသောကြောင့် ပုံမှန် အခွန်ထမ်းဆောင်နေသော အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ လုပ်ငန်း လိုအပ်ချက်အရ ချေးငွေ ရလိုသောအခါ လွယ်ကူချောမွေ့စွာ ထုတ်ချေးပေးပါသလော၊ ရေရှည်တွင် အာဆီယံ အလွတ်သဘော ကုန်သွယ်မှုအရ အာဆီယံ နိုင်ငံများမှ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိရန် ပုဂ္ဂလိကဘဏ်များ မည်မျှ ပြင်ဆင်ထားပါသနည်း၊ ထိုအတွက် အစိုးရနှင့် ဗဟိုဘဏ်က မည်သည့် စီမံချက်၊ စီမံကိန်း၊ အစီအစဉ်များ ရှိနေပါသနည်း၊ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရေးအတွက် လွတ်လပ်သော ဗဟိုဘဏ်နှင့် အခွင့်အရေးတူ ယှဉ်ပြိုင်ခွင့် ရရှိကာ နောက်ဆုံးပေါ် အိုင်တီနည်းပညာသုံး အွန်လိုင်းဘဏ်စနစ်၊ ခရက်ဒစ်ကတ်စနစ်၊ မိုဘိုင်းလ် ဘဏ်စနစ် စသော ငွေကြေး ဝန်ဆောင်မှု ဦးစားပေး ပုဂ္ဂလိကဘဏ်များအဖြစ် ပြင်ဆင်ထားရမည်ကို သိရှိပါသလော စသော မေးခွန်းများလည်း ဆက်တိုက်မေးစရာ ရှိပေသည်။
မကြာခင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး၊ စီးပွားရေး ဖြစ်စဉ်ကြီး တစ်ခုလုံးနှင့် မဖြစ်မနေ ချိတ်ဆက် လုပ်ကိုင်ရတော့မည်ဖြစ်ရာ အစိုးရတစ်ရပ် အနေနှင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ပုဂ္ဂလိကဘဏ်များ ကြီးထွားအားကောင်းလာရန် အရေးကြီးသကဲ့သို့ နိုင်ငံအသီးသီးက လိုက်နာကြရသည့် ငွေကြေးခဝါချမှု လျှော့ချရေး၊ ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးတို့ အတွက်လည်း အထူးထည့်သွင်း စဉ်းစားထားရမည် ဖြစ်ကြောင်း သတိပြုမိစေလိုရင်း ဖြစ်သည်။
အယ်ဒီတာ (၂၄-၇-၂၀၁၄)
from The Voice Weekly's Facebook Wall http://ift.tt/WPzkEV
Comments
Post a Comment