#emg_opinions
အဂတိတရားအပြစ်နှင့် ဒီမိုကရေစီခရီးသစ်
(Written by: အေဖော်ခိုင်)
အတ္တဟူသည် လူတစ်ဦးတစ်ယောက်ရင်၌ ဖြစ်တည်ပေါ်ပေါက်လာသော လူ့ဓမ္မတာ သဘောတရား၏ ပြယုဂ်ဧကန်စစ်စစ် ဖြစ်လေသည်။ လူတိုင်းလူတိုင်းသည် အတ္တနှင့်ကင်းသောသူဟူ၍ မည်သူမျှမရှိကြပါ။ သို့သော်ငြား ထိုအတ္တဟူသည့် ညစ်နွမ်းဆိုးယုတ်သောစိတ်သည် လူ့ပဉ္စင်ခန်းဝါ၌ အတ္တနည်းသောသူနှင့် အတ္တများသောသူဟူ၍ နှစ်မျိုးနှစ်စား ကွဲထွက်သွားလေသည်။ အရာရာ ကိုယ်ချင်းစာနာစိတ်၊ ကရုဏာတရားစိတ်ရှိသော သူတို့၌ အတ္တနည်းတတ်သော်လည်း ကိုယ်ချင်းစာနာစိတ် မရှိသောသူ၊ အရာရာ လောဘသက္ကာယကြီးသောသူ၊ ကရုဏာတရား ကင်းမဲ့သူတို့၌ကား ကြောက်စရာကောင်းလောက်အောင် အတ္တကြီးတတ်လေသည်။ လူချင်းတူသော်လည်း အသက်ရှူပုံချင်းမတူဆိုသည့် စကားအတိုင်း စိတ်ပိုင်းဆိုင်ရာအား အားပေးအားမြှောက်ပြု လူ့ဗာလ အသွင်စရိုက်ပမာ အကြင်နာကင်းသော၊ လောဘကြီးသောသူတို့၌ ထိုအတ္တကား ခိုဝင်ပျော်မွေ့နေတတ်လေသည်။ ထိုအတ္တသည် လူသားတို့၏ စင်ကြယ်သောစိတ်အတွင်း ခိုဝင်ရောက်ရှိပုံများက အဖြစ်အပျက်အမျိုးမျိုး ရှိကြလေသည်။ တချို့က စားဝတ်နေရေးအတွက်ကြောင့်သော် လည်းကောင်း အတ္တရှိလာသကဲ့သို့ တချို့က အစ၌ စိတ်အစဉ် ဖြူစင်ခဲ့သော်ငြား ကာလ၊ ဒေသ၊ ပယောဂကြောင့်သော် လည်းကောင်း အတ္တစိတ်မွေးမြူကာ တချို့၌ကား ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသည့်ထုံး နှလုံးမူ အတ္တထူထူ အတွင်းသား၌ ကိုယ်ကျင့်တရားဖောက်ပြားကာ စကတည်းက ယဉ်သကိုဆိုသကဲ့သို့ အတ္တကြီးတတ်သူဟူ၍ ပုံစံမျိုးစုံ ကွဲထွက်သွားကြလေသည်။ ကိုယ်ကျင့်တရား လက်ကိုင်ထားရှိသူက အရာရာ စဉ်းစားချင့်ချိန်ကာ အတ္တနည်းတတ်သော်လည်း ကိုယ်ကျင့်တရားမကောင်း၊ စိတ်ထားမကောင်းသူများသည်ကား အရာရာ အတ္တရှေ့တန်းတင် မိမိရာဇ၀င် ပြင်ဆင်ခွင့်မရှိသည့် သူများသာ ဖြစ်ပါတော့သည်။
ထိုအတ္တကို လောဘကြီးစွာ အခြေခံလာသောသူရင်၌ အဂတိတရားကပါ ပူးတွဲဝင်ရောက် လာပါတော့သည်။ အဂတိတရားဟူသည်ကား ကြောက်မက်ဖွယ် အသွင်သဏ္ဌာန် ဆောင်လေသည်။ အဂတိတရား လိုက်စားသည့်စိတ်ထား မိမိရင်တွင်း ၀င်ရောက်လာပါက ရပ်ရွာအတွက်လည်း မကောင်း၊ တိုင်းပြည်အတွက်လည်း မကောင်းနိုင်တော့ပါ။ ကမ္ဘာကြီးကို ပြန်ကြည့်မည်ဆိုပါက အဂတိလိုက်စား လွှမ်းမိုးကြီးစိုးသော တိုင်းပြည်သည် ဘယ်သောအခါမျှ မကြီးပွား မတိုးတက်နိုင်ပေ။ တိုင်းနိုင်ငံသား အများစု၏ စိတ်နေစိတ်ထားသည် ထိုအဂတိတရားနှင့် ပတ်သက်ဆက်နွှယ်သော လာဘ်ပေးလာဘ်ယူ ကိစ္စများနှင့်သာ ပျော်မွေ့နေပါလျှင်မူ ကိုယ်ကျင့်တရား ကောင်းမွန်စွာဖြင့် ရိုးသားဖြောင့်မတ်စွာ ပြုမူလုပ်ကိုင် ဆောင်ရွက်သော အလေ့အကျင့်များ ကွယ်ပျောက်သွားပေလိမ့်မည်။ တစ်နွယ်ငင် တစ်စင်ပါဆိုသကဲ့သို့ ထိုလုပ်ရပ် အပြုအမူများသည် တိုင်းပြည်အတွက်၊ လူမျိုးအတွက် အလွန်တရာ ထိခိုက်နစ်နာနိုင်လေသည်။ အကြောင်းတိုက်ဆိုင်လာသဖြင့် အဂတိနှင့် လာဘ်စားမှု၏ အဓိပ္ပာယ်ကို ရှင်းပြချင်ပါသည်။ “အဂတိ” ဟူသောစကား၏ အဓိပ္ပာယ်သည် လွန်စွာကျယ်ဝန်းလှပေသည်။ ထို့ကြောင့် “လာဘ်စားခြင်း” သဘောသည် “အဂတိ” ဟူသောစကား၏ သဘောအဓိပ္ပာယ်ကို ပထမဦးစွာ သိရှိသင့်ပေသည်။ “အဂတိ” ဟူသည် ပါဠိစကားဖြစ်သည်။ မဟုတ်မမှန်၊ မဖြောင့်မတည်၊ မဖြစ်သင့် မပြုသင့်သည်များကို ဤနေရာ၌ “အ” ဟု ခေါ်ဆိုအပ်ပေသည်။ လားခြင်း၊ ဆိုက်ခြင်း၊ ရောက်ခြင်း၊ ပြုလုပ်ခြင်း၊ ကျင့်ဆောင်ခြင်း၊ လိုက်စားခြင်းများကို ဤနေရာ၌ “ဂတိ” ဟု ခေါ်ဆိုပါသည်။ အချုပ်အားဖြင့်ပြောရလျှင် မလားသင့်သည်ကို လားခြင်း၊ မဆိုက်ရောက်သင့်သည်ကို ဆိုက်ရောက်ခြင်း၊ မပြုကျင့်သင့်သည်ကို ပြုကျင့်ခြင်း၊ မလိုက်စားသင့်သည်ကို လိုက်စားခြင်း စသည့်သဘောများကို “အဂတိ” ဟု ခေါ်ဆိုအပ်ပေသည်။ အင်္ဂလိပ် အဘိဓာန်သစ်တွင်လည်း အများပြည်သူနှင့် သက်ဆိုင်သော အလုပ်ဝတ္တရားများကို ဆောင်ရွက်လုပ်ကိုင်ရာ၌ မိမိ၏ သမာဓိတရားများကို တံစိုးလက်ဆောင် ပေးကမ်းခြင်းဖြင့်ဖြစ်စေ၊ မျက်နှာကြီးငယ် လိုက်စားခြင်းဖြင့်ဖြစ်စေ၊ မှောက်မှားစေခြင်း (သို့မဟုတ်) ပျက်စီးစေခြင်းဟု ဖော်ပြထားလေသည်။
ထိုစကားရပ်သည် မမှားယွင်းသော်လည်း နယ်ကျဉ်းလှပေသည်။ ဆိုရပါမူ မတရားသဖြင့် လာဘ်ပေးခြင်း၊ လာဘ်စားခြင်း မှန်သမျှတို့သည် မဟုတ်သည်ကို အဟုတ်၊ မမှန်သည်ကို အမှန်၊ မလျော်သည်ကို အလျော်ဖြစ်အောင် ကြံဆောင်ပြုလုပ်ခြင်းများ ဖြစ်လေသည်။ ထို့ကြောင့် “အဂတိ” ပင်ဖြစ်သည်မှာ ထင်ရှားလှပေတော့သည်။ ဗုဒ္ဓရှင်တော်ဘုရား၏ သာသနာတော်၌ နေထိုင်ကျင့်ကြံကုန်သော ရဟန်းတော်အပေါင်းတို့တွင် အရှက်(အကြောက်) မရှိသော ပုဂ္ဂိုလ်များကို “အလဇ္ဇီ” ဟု ခေါ်ဆိုတော်မူခဲ့လေသည်။ အလဇ္ဇီ (အရှက်မရှိသူ)၏ သဘောလက္ခဏာ အစိတ်အပိုင်းတို့အနက် မလားရောက်သင့်သည်ကို လားရောက်ခြင်း (အဂတိ)သဘောလက္ခဏာသည် အရေးကြီးသော အချက်တစ်ချက် ဖြစ်ခဲ့ပေသည်။ အဂတိလိုက်စားခြင်းသည် အကျိုးတရားသာ ဖြစ်သည်။ အဘယ်ကြောင့် လိုက်စားရသနည်းဟူသည့် အကြောင်းပြဿနာကို ရှာဖွေသင့်ပေသည်။ အဂတိလိုက်စားမှု ပြုမူကြရာတွင်လည်း အကြောင်းအဆင့်ဆင့် အကျိုးအဆင့်ဆင့် ရှိတတ်ကြလေသည်။ အဂတိလိုက်စားခြင်းကြောင့် လောကတွင် လက်ငင်းခံစားရမည့် မကောင်းကျိုးများ၊ သံသရာအဆက်ဆက်၌ ခံစားရမည့် မကောင်းကျိုးများက အသင့်စောင့်ကြိုနေကြလေသည်။ အဂတိလိုက်စားခြင်း အကြောင်းတရားတို့ကို သုတ်ပါထေယျပါဠိတော်၊ သိင်္ဂါလောဝါဒသုတ်၊ နေတ္တိပါဠိတော်၊ သံဂိလေသဘာဂီယသုတ် စသည်တို့၌ ဗုဒ္ဓဘုရားရှင်တော် ဟောကြားတော်မူသည့်အတိုင်း လေးပါးရှိလေသည်။ ၎င်းလေးပါးတို့သည်ကား (၁)လိုလား၊ နှစ်သက်၊ စုံမက်၊ ချစ်ခင်ခြင်း ဆန္ဒာဂတိ။ (၂)အမျက်ထွက်ခြင်း၊ ရန်ငြိုးထားခြင်း၊ ဒေါသာ ဂတိ။ (၃)ကြောက်ရွံ့ခြင်း ဘယာဂတိ။ (၄) မသိမမြင်တွေဝေခြင်း မောဟာဂတိတို့ ဖြစ်ကြလေသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်လူမျိုးတိုင်း လောကထဲ၌နေစဉ်ခဏ အဂတိတရားများ ကင်းစင်အောင် ပြုမူနေထိုင်သင့်ပေသည်။ လောဘကြောင့် အခြေခံဖြစ်လာသည့် အဂတိတရားများကြောင့် သံသရာကျင်လည်ရာ၌ လားရာမကောင်းနိုင်သည့် အဂတိတရားကြီးကို ဘာကြောင့်စိတ်ထဲ ထားရှိချင်ရပါသနည်း။ လောကဓံတရားကို ရင်ဆိုင်ရာ၌ ရှိသင့်ရှိထိုက်သည့် အတ္တထက် လွန်ကဲစွာ ဖြစ်တည်မနေဘဲ ရိုးရိုးကျင့် မြင့်မြင့်ကြံသင့်လှပေသည်။ အဂတိတရား အခြေခံကြောင့် ဖြစ်ပေါ်လာရသော လာဘ်လာဘမျှော်ကိုးသည့် အကျင့်စရိုက်များကိုလည်း ဖျောက်ဖျက်ပစ်ရလိမ့်ပေမည်။ အများမိုးခါးရေသောက်သည်ကို အားကျ၍ မကြောက်မရွံ့ မိမိပါ ၀င်သောက်မည်ဆိုပါက ကိုယ်ကျင့်တရားများ ပျက်သုဉ်း၍ ဆုံးရှုံးမှုများ ကြုံတွေ့နိုင်ပါသည်။
ယနေ့ခေတ် အချိန်အခါသည် မြန်မာနိုင်ငံအ၀န်း ကိုယ်ကျင့်တရားများပျက်စီး၍ အဂတိလိုက်စားမှု များပြားလွန်း၍ တိုင်းပြည်ချွတ်ခြုံကျနေသည့် အဖြစ်နှင့် လက်ငင်းရင်ဆိုင် တွေ့ကြုံနေရသည် မဟုတ်ပါလား။ အများညီ ဤကိုကျွဲဖတ်သည်က တိုင်းပြည်နစ်နာစရာကိစ္စ ဖြစ်နေပါသောကြောင့် ဆင်ခြင်သင့်သည်များကို ဆင်ခြင်၊ ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပါမှ တိုင်းပြည်မျက်နှာပန်း လှပေလိမ့်မည်။ ဤသို့မဟုတ်ဘဲ ငါစွဲအတ္တဖြင့် ကိုယ်ကျင့်တရားပျက်ကာ အဂတိတရားများဖြင့် စခန်းသွားနေပါက အခြေမလှဖြစ်နေသောတိုင်းပြည် ပို၍ပျက်စီးသွားနိုင်ပါသည်။ အုပ်ချုပ်သူ အစိုးရအဖွဲ့မှအစ တိုင်းသူပြည်သားအပေါင်း အဂတိလိုက်စားမှု ကင်းစင်ပပျောက်သွားပါမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်၍ ရှေ့ဆက်လှမ်းမည့် ဒီမိုကရေစီခရီးသစ်၌ ကောင်းမွန်သော ကိုယ်ကျင့်တရားအမြစ်များ စွဲမြဲစွာ ကိုင်တွယ်နိုင်မည်ဟု ယူဆမိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ကိုးကား။ ။ မာဃရေးလာဘ်စားမှုဋီကာ
ဇူလိုင်လ ၂၀၁၄
from Eleven Media Group's Facebook Wall http://ift.tt/Uzzm2j
Comments
Post a Comment