#emg_opinions
မျိုးဆက်သစ် စီးဆင်းမှု
(written by: တင့်ခိုင်)
(၁)
မြန်မာနိုင်ငံတွင် ပညာရေးစနစ်သစ်တစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် သက်ဆိုင်သူများသည် အပြင်းအထန် ကြိုးစားနေကြပါ၏။ ထိုသို့ ကြိုးပမ်းအားထုတ်ရာတွင် စနစ်ဟောင်းကို လက်ပူတိုက်ပြောင်းလဲခြင်းဖြင့် မျှော်မှန်းသော ပညာရေးစနစ်သစ်တစ်ခု ပေါ်ပေါက်လာမည် မဟုတ်ပါ။
ဆရာများသည် “ဒါကျက်၊ ဒါမေး၊ ဒါဖြေ” စနစ်နှင့် ကျွမ်းဝင်လာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ထိုကျောင်းဆရာများကို မွမ်းမံသင်တန်း ပေးလိုက်ရုံမျှနှင့်တော့ ဖြစ်လာနိုင်မည်မဟုတ်။ တတ်ကျွမ်းနားလည်သောပညာရေး၊ ပညာရှင်များနှင့် အစီအစဉ်တကျ စီစဉ်ရန်လိုပါသည်။ အပူတပြင်း လက်ပူတိုက် ပြုလုပ်လိုက်ခြင်းသည် အသွင်သဏ္ဌာန်မျှသာပြောင်းလဲပြီး အနှစ်သာရပြောင်းလဲနိုင်မည် မဟုတ်ပါ။
စာသင်ခန်းသည် လွတ်လပ်အေးချမ်းရန်လိုသည်။ အဓိက မမေ့ရန်ကိစ္စမှာ “စာသင်ခန်းထဲ၌ ပညာသင်ကြားနေရသော ကလေးများသည် သူတို့၌ရှိနေသော လူစွမ်းလူစများကို ဖော်ထုတ်ခွင့်ရရှိနိုင်ရန်“ ပင်ဖြစ်သည်။ ပညာသင်ကြားရေးဆိုသည်မှာ ကျောင်းသားများ၏ မီးခဲပြာဖုံး စွမ်းရည်ပုန်းများကို ဖော်ထုတ်ပေးခြင်းပင် ဖြစ်သည်။
ကျောင်းသားလူငယ်များ၏ ကိုယ်စွမ်းကိုယ်စကို ဖော်ထုတ်ပျိုးထောင်ပေးနိုင်ရန် ယခင်ကကြိုးပမ်းခဲ့ဖူးပါသည်။ ထိုစနစ်မှာ စာမေးပွဲရမှတ်ဖြင့် အတန်းတင်ပေးသောစနစ်အစား စဉ်ဆက်မပြတ် အကဲဖြတ်စနစ်ကို ပြောင်းလဲပေးသော စနစ်ဖြစ်သည်။ အလွန်ကောင်းသော စနစ်ဖြစ်သည်။ သို့သော် မအောင်မြင်ခဲ့ပါ။ မအောင်မြင်သည်ဆိုခြင်းထက်ပို၍ ဆိုးသွားပါ၏။ မြန်မာနိုင်ငံ ကျေးလက်အနှံ့ရှိ ကျောင်းဆရာများသည် “ဒါသင်၊ ဒါကျက်၊ ဒါဖြေ”စနစ်ဖြင့်သာ ကျွမ်းဝင်ပြီးသား ဖြစ်နေသည်။ ထို့အပြင် စဉ်ဆက်မပြတ် အကဲခတ်သည့်စနစ်တွင် ဆရာများ အလုံအလောက်လိုသည်။ ဆရာနှင့် ကျောင်းသားသည် လက်ပွန်းတတီးရင်းနှီးကျွမ်းဝင်ရန် လိုသည်။ ကြိမ်လုံး တကိုင်ကိုင်နှင့် ဆိုဆုံးမသောဆရာများနှင့် ကျောင်းသားများသည် နက်ရှိုင်းစွာ ရင်းနှီးကျွမ်းဝင်နိုင်မည် မဟုတ်ပါ။ ကျောင်းသားတစ်ဦး၏ ပညာရေးဆိုင်ရာပြဿနာမျှမက နောက်ကွယ်၌ အမှန်တကယ်တည်ရှိနေသော ကျောင်းသားငယ်၏ ဘဝတစ်ခုကိုပါ ဆရာသည် စူးစမ်းလေ့လာသိရှိထားရန် လိုပါသေးသည်။
ဆရာ နှင့် ကျောင်းသားအကြား ဆက်နွှယ်မှုသည် အလွန်သိမ်မွေ့ပါ၏။ မြန်မာလူမျိုးများ၏ ရိုးရာဓလေ့ထုံးစံကိုယ်တိုင်က ဆရာများကို ရိုသေလေးစားမြတ်နိုးပြီးသား ဖြစ်သည်။ ထို့ကြောင့်ပင် ဆရာများအနေဖြင့် ကျောင်းသားများနှင့် ဆက်ဆံရာတွင် မေတ္တာရှေ့ထား ကြင်နာသနားစွာ ဆက်ဆံလိုက်ရုံမျှဖြင့်ပင် ဆရာတပည့် ဆက်နွှယ်မှုသည် နက်ရှိုင်းစွာ အမြစ်တွယ်လာမည် ဖြစ်သည်။ စဉ်ဆက်မပြတ် အကဲခတ်ခြင်းစနစ်သည် ကျောင်းသားတစ်ဦး၏ နဂိုအခြေမှ တိုးတက်မှုကို ဆရာများကသိနေရမည် ဖြစ်သည်။ ကလေးတစ်ဦး၏ဘဝထဲကို တိုးဝင်ခံစားကြည့်ရသော စနစ်ဖြစ်သဖြင့် မွမ်းမံသင်တန်း တစ်လပေးလိုက်ရုံမျှနှင့် မည်သို့မျှ အောင်မြင်လာမည် မဟုတ်ပါ။ ထို့ကြောင့်ပင် ထိုစနစ်ဟောင်းကို ပြန်ပြောင်းဖျက်သိမ်းလိုက်ကြဟန်တူပါသည်။ အထူးသဖြင့် ပညာရေးစနစ်ကို အခုတစ်မျိုးတော်ကြာတစ်မျိုး လက်တည့်စမ်းပြောင်းလဲခြင်းမျိုးကို ယခုအခါတွင် မပြုလုပ်သင့်တော့ပါ။
(၂)
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အနာဂတ်မြန်မာနိုင်ငံပညာလူ့အဖွဲ့ အစည်းသို့ ရောက်ရှိလာရေးတို့သည် ယနေ့ပြောင်းလဲသော ပညာရေးစနစ်ပေါ်တွင် မူတည်နေပါ၏။ ကျေးလက်ဒေသမှ မြို့ပြတက္ကသိုလ်များအထိ ရှိနေသော ကျောင်းဆရာများသည် ယခုပြောင်းလဲလိုက်သော ပညာရေးလမ်းကြောင်းတွင် လျှောက်လှမ်းနိုင်ပါရဲ့လား။ သူတို့တစ်တွေ လိုက်ပါပြောင်းလဲနိုင်ခြင်း မရှိသမျှ ယခုအပြောင်းအလဲသည် အောင်မြင်နိုင်မည် မဟုတ်။ မြို့နယ်အဆင့်ဆင့် တာဝန်ရှိသူများက စနစ်တကျကြီး ကြပ်မှုရှိရန်လည်း လိုပါသေးသည်။ နောက်ဆုံးတော့ ဒီဘူတာပဲ ပြန်ဆိုက်သည်။ ဝန်ထမ်းများ အကျင့်ပျက်မှုသည် စနစ်တစ်ခုကို ထူထောင်ရာတွင် ကြီးစွာသောအဟန့်အတားပင် ဖြစ်သည်။ စနစ်တစ်ခု အောင်မြင်သည် မအောင်မြင်သည် ကို တိကျမှန်ကန်စွာ သိရှိနိုင်ရန်အတွက် တာဝန်ယူစစ်ဆေးရသူများသည် အရေးကြီးသည်။ စာရွက်ပေါ်တွင် အားလုံးကောင်းနေသည်။ စာရင်းဇယားများအရလည်း အောင်မြင်ဖြစ်ထွန်းနေမည်။ သို့သော် လက်တွေ့ဘဝတွင် အောင်မြင်မှုမရှိလျှင် ထိုစနစ်သည် မည်သို့မျှ ဖြစ်ထွန်းလာမည် မဟုတ်ပါ။
“ပညာရေးသည် နိုင်ငံရေးဖြစ်သည်”ဟု အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ပြောဖူးသည်။ ဟုတ်ပါသည်။ နိုင်ငံရေးမကောင်းသရွေ့ ပညာရေးကောင်းလာနိုင်မည် မဟုတ်ပါ။ ဒီ့အပြင် ယနေ့ မြန်မာနိုင်ငံ၏ လောလောဆယ်အခြေအနေကို ဝေဖန်ရလျှင် နိုင်ငံရေးသမားများ ရှားပါးနေသည်။ လွှတ်တော်ထဲမှ လူထုကိုယ်စားလှယ်များမှာလည်း ယနေ့အထိ တိုင်းပြည်အတွက် လိုအပ်ချက်များကို ရဲရဲဝံ့ဝံ့ မပြုလုပ်နိုင်သေးပေ။ ဒါသည် လွှတ်တော်ထဲတွင် နိုင်ငံရေးသမားများ နည်းပါးနေ၍ ဖြစ်သည်။ ဒီကြားထဲ ကွင်းမှားဆင်းလာသော စီးပွားရေးသမားများလည်း လွှတ်တော်ထဲသို့ ရောက်နေကြပါသေးသည်။ ဒါသည် ရွေးကောက်ပွဲပြုလုပ်စဉ်က လူထုကိုယ်စားလှယ် အစစ်အမှန်များကို မရွေးချယ်နိုင်ခဲ့၍ ဖြစ်ပါသည်။ ထို့ကြောင့်လည်း ကျွန်တော်တို့သည် လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးကို နားလည်သော နိုင်ငံရေးသမားများကိုသာ ရွေးချယ်ရန် လိုပါသည်။
(၃)
ကျွန်တော်တို့သည် ရာစုဝက်ခန့် အာဏာရှင်အောက်တွင် အချိန်ကုန်ခဲ့ရသည်။ လူတစ်ဦးတစ်ယောက် လက်ထဲတွင် အာဏာရှိနေပြီး ထိုအာဏာဖြင့် သန်း ၆ဝ၏ဘဝကို စီမံခန့်ခွဲခဲ့ပါသည်။ သယံဇာတအရင်းအမြစ် ဒီမျှပေါသော နိုင်ငံတစ်နိုင်ငံ သည် ဆင်းရဲတွင်းထဲသို့ ကျရောက်သွားခဲ့သည်။ ဤသို့ဖြစ်ရသည်မှာ အာဏာရှင်စနစ်ကြောင့် ဖြစ်သည်။
ယခု ကျွန်တော်တို့သည် ဒီမိုကရေစီနိုင်ငံသစ် ထူထောင်နေပါပြီ။ ၂ဝ၁၄ ဇူလိုင်လဆန်းက မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတကြီး ပြောကြားသောမိန့်ခွန်းတွင် ပညာရေး နှင့်ပတ်သက်ပြီး ယခုကဲ့သို့ ပြောကြားသွားခဲ့ပါသည်။
“ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အထူးအလေးအနက်ထား ပြောလိုတဲ့အချက်က အခုဆွေးနွေးတိုင်ပင်လိုနေကြတဲ့ အမျိုးသားပညာရေးမူကြမ်းဟာ လုံးဝပြီးပြည့်စုံတဲ့မူဝါဒ ဖြစ်တယ်လို့ သတ်မှတ်ခြင်းမဟုတ်ဘဲ ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲ ဖို့အတွက် ပထမဦးဆုံးခြေလှမ်း တစ်ရပ်အဖြစ် စတင်လျှောက်လှမ်းခဲ့ရာကနေ အဆင့်ဆင့်ဖြစ်ထွန်း တိုးတက်လာတဲ့ရလဒ်တစ်ခုပဲ ဖြစ်တယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်”
(၃-၇-၁၄ ကြေးမုံသတင်းစာ)
ဒီမိုကရေစီနှင့် ကိုက်ညီသော ပညာရေးအပြောင်းအလဲဟူသည် အလွယ်တကူဖြစ်လာမည်မဟုတ်သလို နေ့ချင်းညချင်း ဖန်တီးယူ၍လည်း ရလာမည်မဟုတ်ပါ။ ပညာရေးသည် နိုင်ငံရေးအပြောင်းအလဲတွင် အရေးပါသောကဏ္ဍဖြစ်သဖြင့် တတ်ကျွမ်းနားလည်သော ပညာရှင်များဖြင့် လွတ်လပ်စွာပြောင်းလဲနိုင်ပါလျှင် အမှန်တကယ်အောင်မြင်လာမည် ဖြစ်သည်။
တစ်ခုပြောစရာရှိသည်မှာ ယခုပြောင်းလဲမည့် ပညာရေးစနစ်တွင် မျိုးဆက်သစ်နိုင်ငံရေးပညာရှင်များကို အစီအစဉ်တကျ မွေးထုတ်ပေးနိုင်ရန် လိုပါသည်။ တက္ကသိုလ်ပညာရေးတွင် နိုင်ငံရေးဝါဒ၊ နိုင်ငံရေးသဘောတရားများအားလုံးကို လွတ်လွပ်စွာသင်ကြားနိုင်ခွင့်ရှိရန် လိုပါသည်။ အစိုးရအဖွဲ့သည် တက္ကသိုလ်များကို ချုပ်ကိုင်မှုမပြုဘဲ သူတို့ဘာသာသူတို့ အပြိုင်အဆိုင်ကြိုးပမ်းခွင့် ပေးရပါမည်။ မြန်မာနိုင်ငံတွင် မျိုးဆက်သစ်နိုင်ငံရေးသမားများ ပေါ်ထွန်းလာရေးသည် အရေးကြီး၏။ နှစ်ပေါင်း ၅ဝ နိုင်ငံရေး သားကြောဖြတ်ခံထားရသော နိုင်ငံတစ်နိုင်ငံအတွက် လူငယ်မျိုးဆက်သစ်နိုင်ငံရေးသမားများ မွေးထုတ်ရေးသည် အရေးတကြီးကိစ္စဖြစ်ပါသည်။ ထိုကိစ္စကို ဘယ်သူတွေက တာဝန်ယူပါမည်နည်း။
ယနေ့ ပညာရေးအပြောင်းအလဲတွင် တက္ကသိုလ်များက တာဝန်ယူမွေးထုတ်ပေးရမည် ဖြစ်ပါသည်။ ခြုံ၍ဆိုရသော် စနစ်သစ်ပညာရေး အပြောင်းအလဲကို ပြုလုပ်ရာ၌ ကျွမ်းကျင်နှံ့စပ်သော ပညာရေး၊ ပညာရှင်များဖြင့်သာ ပြုလုပ်စေချင်ပါသည်။ ယနေ့စနစ်ပညာရေးသည် မနက်ဖြန် ဒီမိုကရေစီနိုင်ငံကို ထူထောင်နိုင်ရေးပင် ဖြစ်ပါ၏။ ထိုအခါ မျိုးဆက်သစ်စီးဆင်းမှုသည် မလွဲမသွေ လိုအပ်လာပါလိမ့်မည်။ တာဝန်ရှိသူများသည် မျိုးဆက်သစ် နိုင်ငံရေးသမားများ မွေးထုတ်နိုင်ရေး ကို တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ အစီအစဉ်တကျပြုလုပ်ပေးရန် လိုနေပြီဖြစ်သည်။
(ဟင်္သာတမြို့တွင် ကျင်းပသော (၆၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် တက်ရောက်လာသည့် ကလေးငယ်များအား တွေ့ရစဉ်)
from Eleven Media Group's Facebook Wall http://ift.tt/1zX2bXd
Comments
Post a Comment