#emg_opinions
ယုံကြည်ချက်ကလေး လောင်းကြေးထပ်ထားတယ်
(Written by: လွင်မွန်ဝင်း)
ကမ္ဘာ့ဖလားပြိုင်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ ဂျာမနီအသင်းသည် တောင်အမေရိကမြေတွင် ပထမဆုံးဗိုလ်စွဲသော ဥရောပအသင်းအဖြစ် သမိုင်းသစ်ရေးထိုးနိုင်ခဲ့သလို ဥရောပအသင်းများ တောင်အမေရိကမြေတွင် ဖလားရယူနိုင်ခဲ့ဖူးခြင်း မရှိသည့် ရာဇ၀င်ဆိုးကိုလည်း ပယ်ဖျက်နိုင်ခဲ့ပါပြီ။
ကျွန်မသည် ဘောလုံးပြိုင်ပွဲများကို အလွန်အမင်း၊ ရူးရူးမူးမူး စွဲလမ်းတတ်သူ မဟုတ်ပါချေ။ သို့ပါသော်လည်း လေးနှစ်ကြာမှတစ်ကြိမ် ကျင်းပလေ့ရှိသော ကမ္ဘာ့ဖလားပြိုင်ပွဲကိုမူ အနည်းငယ် စိတ်ဝင်စားမိပါသည်။ အုပ်စုအဆင့်နှင့် ရှုံးထွက်အဆင့် ပွဲစဉ်များကို မကြည့်ဖြစ်ခဲ့သော်လည်း ကွာတားဖိုင်နယ် ပထမပွဲစဉ်ဖြစ်သည့် အိမ်ရှင်ဘရာဇီးလ်နှင့် ဂျာမနီအသင်းပွဲကို မအိပ်ဘဲ အားပေးဖြစ်ခဲ့ပါသည်။ “ဒီအသင်းကြိုက်တယ်၊ ဟိုအသင်းကြိုက်တယ်” ဟူ၍ အသင်းစွဲ ကြီးကြီးမားမား မရှိသော်ငြားလည်း ဘောလုံးပွဲကြည့်နေစဉ်အတွင်း ကျွန်မဖေဖေထံမှ “တာင်အမေရိကမြေတွင် ဥရောပအသင်းများ တစ်ခါမှ ဗိုလ်မစွဲဖူးဘူး သမီးရေ” ဟူသောစကားကြောင့် ဗိုလ်လုပွဲတွင် ဂျာမနီအသင်းကို အနိုင်ရစေချင်သောဆန္ဒက စတင်ပေါ်ပေါက်လာရပါသည်။
ဂျာမန်ဘောလုံးအဖွဲ့ချုပ်သည် ယူရို ၂၀၀၀ ပြိုင်ပွဲတွင် ဂျာမနီအသင်း အုပ်စုအဆင့်မှ မကျော်နိုင်ခဲ့သည့် ရှုံးနိမ့်မှုကို သင်ခန်းစာယူကာ မဟာစီမံကိန်းတစ်ရပ်ကို ချမှတ်ခဲ့ပါသည်။ မျိုးဆက်သစ် အားကစားသမား ရှားပါးမှုနှင့် ကစားဟန် အတွေးအခေါ်ဟောင်းထဲမှ မထွက်နိုင်မှုတို့ကြောင့် ဂျာမနီဘောလုံးလောက ကျဆုံးရသည်ဟု သုံးသပ်မိသောကြောင့် ဂျာမန်ဘောလုံးအဖွဲ့ချုပ်က လူဦးရေသန်း (၈၀) ရှိ သူတို့နိုင်ငံ၏ စာသင်ကျောင်းတိုင်းတွင် ကလေးတွေ ဘောလုံးကစားရမည်ဟူသော အမျိုးသားစီမံကိန်းတစ်ရပ်ကို ၂၀၀၂ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ပါသည်။ ဤသို့ဖြင့် အသက်ခြောက်နှစ်အရွယ်မှစ၍ ကျောင်းသားကလေးငယ်များကို ဘောလုံးအခြေခံပညာ စသင်ပေး၍ တဖြည်းဖြည်းနှင့် အချိန်ယူကာ စနစ်တကျ ပြုစုပျိုးထောင်ခဲ့သော စီမံကိန်း၏ အသီးအပွင့်များအဖြစ် ယနေ့ ဂျာမနီအသင်းရှိ ရွှေရောင်မျိုးဆက်သစ်များက သက်သေခံနေပါပြီ။
''You reap what you sow'' (မိမိစိုက်သည့်အတိုင်း ရိတ်သိမ်းရမည်မြဲ) ဟူသော စကားပုံ၏ လက်ရှိအကောင်းဆုံး သာဓကပင် ဖြစ်သည်။
လောကတွင် မဖြစ်နိုင်သည့်အရာဟူ၍ မရှိပါချေ။ မဖြစ်သေးသည်နှင့် အချိန်မတန်သေးသည်သာ ရှိပေလိမ့်မည်။ တောင်အမေရိကမြေတွင် ဥရောပအသင်းများ ဗိုလ်စွဲခဲ့ဖူးခြင်းမရှိ။ ထို့ကြောင့် အစဉ်အလာအရ ဂျာမနီအသင်းသည်လည်း ဗိုလ်စွဲရန် ခက်ခဲပေလိမ့်မည်ဟု ဆိုကြသည်။ အစဉ်အလာဟူသည်မှာ အစဉ်အလာပဲ ဖြစ်ပေသည်။ ရာဇ၀င်ဟူသည် အတိတ်တွင်နေရစ်သည်။ မဖြစ်နိုင်သည့် အစဉ်အလာကို ဖြစ်နိုင်အောင်လုပ်ဖို့အတွက် ကျွန်ုပ်တို့တွင် ပစ္စုပ္ပန်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်သာ မဆုတ်မနစ် ကြိုးစားခဲ့မည်ဆိုပါလျှင် သမိုင်းသစ်တွင်နိုင်မည့် အနာဂတ်လည်း မုချဧကန် အမှန်စင်စစ် ရှိလာပေလိမ့်မည်။
“တောင်အမေရိကမြေတွင် ဥရောပနိုင်ငံများ ဗိုလ်စွဲနိုင်ခဲ့ခြင်းမရှိ၊ မဖြစ်နိုင်ပါချေ” ဟူသည့် “မဖြစ်နိုင်၊ မလုပ်နိုင်၊ မရနိုင်” ခြင်းကို အမှန်တကယ်ကြိုးစား၍ ကောင်းမွန်ပြည့်စုံစွာ ပြင်ဆင်ခဲ့ပါလျှင် “ဖြစ်နိုင်၊ လုပ်နိုင်၊ ရနိုင်” သည်ဟု ကျွန်မယုံကြည်ထားပါသည်။ သို့ဖြစ်ရာ ဂျာမနီဘောလုံးအသင်း၏ ရာဇ၀င်ဟောင်း အစဉ်အလာဆိုးမှ ကျော်ထွက်ကာ တောင်အမေရိကမြေတွင် ကမ္ဘာ့ဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ခြင်းက ကျွန်မ၏ယုံကြည်ချက်ကို ပိုမိုခိုင်မာ အသက်ဝင်စေခဲ့ပါသည်။ ထို့ကြောင့် အချိန်ပိုဒုတိယပိုင်းပြီးဆုံး၍ ဂျာမနီအသင်း အနိုင်ရသွားသည်ကို ပြတ်ပြတ်သားသား သိလိုက်ရသည့်ခဏတွင် ကျွန်မသည် အတိုင်းမသိ ၀မ်းသာမိပါသည်။ ဒေါ်လာသန်းပေါင်းများစွာ လောင်းကြေးထပ်၍ အနိုင်ရရှိသွားသူတောင် ကျွန်မလောက်ပျော်မည်ဟု မထင်မိပါချေ။ လောင်းကြေးပိုက်ဆံဟူသည် အခိုက်အတန့်တစ်ခုသာ ဖြစ်သည်။ ကျွန်မအတွက် ကျွန်မ၏လောင်းကြေးသည် နောက်ဆုံးထွက်သက်ထိ ဆုပ်ကိုင်ထားမည့် ခံယူချက်ဖြစ်သည်။
လူတိုင်းလူတိုင်းတွင် မိမိတို့ ပင်ကိုယ်စရိုက်သဘာဝနှင့် ပတ်ဝန်းကျင်အခြေအနေတို့ အမျိုးမျိုးပေါင်းစပ်ကာ မွေးဖွားလာကြသော ခံယူချက်နှင့် ယုံကြည်ချက်များ ကိုယ်စီကိုယ်င ရှိကြသည်။ အချို့က မိမိ၏ခံယူချက်နှင့် ယုံကြည်ချက်အတိုင်း ရဲရင့်စွာ နေထိုင်သွားကြသည်။ မှန်သည်၊ မှားသည်၊ ကောင်းသည်၊ ဆိုးသည်ဟု မဆိုလို။ ၎င်းတို့ သတ္တိရှိစွာ တိုက်ပွဲဝင်ကြသည်။ အချို့က လောကဓံ၏ အလှည့်အပြောင်းတွင် ယုံကြည်ချက်များ ပျောက်ဆုံးသွားကြသည်။ မျှော်လင့်ချက်မရှိသောဘ၀တွင် လားရာဟူ၍မသိ၊ ခံယူရာမရှိဘဲ လှိုင်းထက်မှလှေဝယ် ဟိုလူး၊ ဒီလူး ကြရှာသည်။ တစ်ယောက်နှင့်တစ်ယောက် ယုံကြည်ချက်များ တူချင်မှတူနိုင်ပေလိမ့်မည်။ သို့ပါသော်လည်း တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်သော ကျွန်မတို့ မြန်မာနိုင်ငံသား အားလုံးတွင် ဘုံရှိနေမည့် ယုံကြည်ချက်လေးတစ်ခု ရှိကြမည်မှာ သေချာပါသည်။ “ငါတို့၏ အမိမြေသည် တဖြည်းဖြည်းနှင့် ပို၍ကောင်းမွန်သော ပြောင်းလဲမှုများဆီသို့ ချီတက်၍နေပြီ၊ မျှော်လင့်သည့်နေ့ရက်များ မကြာခင်ရောက်လာတော့မည်။ နိုင်ငံသားတစ်ဦးချင်းစီသည် နိုင်ငံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပေရာ သေးသည်၊ ကြီးသည် မဆိုသာ။ တစ်ဦးချင်းစီ၏ ကြိုးပမ်းမှုကို အရင်ကတည်းက အားလုံးမျှော်လင့်သည့်အတိုင်း အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်ကို တည်ဆောက်နိုင်လိမ့်မည်” ဟူသော ယုံကြည်ချက်လေးပင်ဖြစ်သည်။
ဤကမ္ဘာပေါ်ဝယ် ကျွန်မတို့ အမိမြန်မာပြည်ထက် အဆပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်ကာ သာယာလှပသော နိုင်ငံကြီး၊ ငယ်များ မရေမတွက်နိုင်အောင် ရှိသည်။ သို့သော် ထိုနိုင်ငံများသည် ကျွန်မတို့အတွက် အိမ်မဟုတ်ပါချေ။ ခေတ္တနားခိုရာ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ စီးပွားရေးအတွက်သော် လည်းကောင်း၊ ပညာရေးအတွက်သော် လည်းကောင်း ခဏတာ ၀င်ရောက်တည်းခိုသည့် နေရာသာဖြစ်သည်။ အချိန်တန်လျင် အိမ်ပြန်ကြရမည်သည်။ ပြန်လည်းပြန်လာသင့်ပါသည်။ ထိုသို့မဟုတ်ဘဲ နိုင်ငံရှိ လုပ်နိုင်ကိုင်နိုင်သည့် လူငယ်၊ လူရွယ်များသာ ပြည်ပနိုင်ငံ အသီးသီးသို့ သွားရောက်လုပ်ကိုင်၍ ထိုအရပ်၌သာ အခြေချကာ မိမိမွေးရပ်မြေသို့ ပြန်မလာခဲ့ပါလျှင် ကျွန်မတို့နိုင်ငံ၏ အနာဂတ်သည် ရင်လေးစရာပင် ဖြစ်သည်။ သားနှင့်သမီး၊ သမက်၊ ချွေးမနှင့်မြေး အစရှိသည်တို့ကို တွေ့ချင်ရှာနေမည်ဖြစ်သော အဘိုး၊ အဘွားများ မိမိနာမကျန်း၍ မသန်မစွမ်းဖြစ်ချိန်တွင် ပြုစုမည့်သူ အနားမှာမရှိသော မိအို၊ ဘအိုများ မိဘနှစ်ပါးစလုံး နိုင်ငံခြားတွင် အလုပ်သွားလုပ်၍ ငယ်စဉ်ကပင် အကူအိမ်ဖော်၊ ကလေးထိန်းတို့နှင့် ကြီးပြင်းလာရမည့် ရင်သွေးငယ်များ စသည်တို့ဖြင့် စိတ်မချမ်းမြေ့ဖွယ် ဘ၀နေ၀င်ချိန်များစွာ၊ မိဘမေတ္တာနှင့်ဝေးကာ ရှေ့ဆက်ကြရမည့် ကလေးသူငယ်များနှင့် ၎င်းတို့၏ စမ်းတ၀ါးဝါး အနာဂတ်တို့ဖြင့် ဖုံးလွှမ်းနေပေလိမ့်မည်။ ထိုမျှသာမက တိုင်းပြည်တွင်လည်း ပညာတတ်၊ လူရည်ချွန်၊ လူတော်များက သူတစ်ပါးတိုင်းပြည်၌ အလုပ်အကျွေးပြုနေချိန်တွင် မိမိတိုင်းပြည်တွင် အခြားတိုင်းတစ်ပါးတို့၏ ၀င်ရောက်စွက်ဖက် ခြယ်လှယ်ကာ လူတွင်ကျယ်လုပ်မှုများကို မိမိ၏ ညီနောင်သားချင်းတို့က ခံကြရပေလိမ့်မည်။
“သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏
သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏
သင်ဦးချ၍ အမျှဝေရာ၊ စေတီသာနှင့်
သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်၊ ၀င်းလျက် ကျန်စေသတည်း”
ဟူသော ကျွန်မတို့ငယ်ငယ်က ကျောင်းတွင်သင်ယူခဲ့ရသည့် ဆရာဇော်ဂျီ၏ အဖိုးတန်ကဗျာလေးကို ပြန်အမှတ်ရသင့်သည်။
ကျွန်မတို့၏ မလှပခဲ့သော အတိတ်မှနေ့သစ်များကို သင်ခန်းစာယူကာ လှပသည့်နေ့ရက်များ ဖော်ကျူးနိုင်ရန်အတွက် နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်။
ယခု လက်ရှိအခြေအနေတွင် ကျွန်မတို့နိုင်ငံသည် ချို့ယွင်းမှုများစွာ၊ ဒဏ်ရာဒဏ်ချက် များစွာတို့ဖြင့် မပြည့်မစုံ ယိုယွင်းနေပါသည်။ ပြောင်းလဲမှုအသစ်၌ နေသားမကျခြင်း၊ စိန်ခေါ်မှုအသစ်များကို ခံနိုင်ရည်မရှိခြင်း၊ အဓိကနှင့်သာမည ခွဲခြားနိုင်ခြင်း မရှိခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် အတားအဆီးများအတွက် ကြိုတင်ပြင်ဆင်မှုအားနည်းခြင်း စသည့်အားနည်းချက် များစွာတို့နှင့် ကြုံတွေ့နေရပါသည်။ ထို့ပြင် အစိုးမရသော စည်းမျဉ်း၊ ဥပဒေများဖြင့်လည်း ရင်ဆိုင်နေရပါသည်။ သို့ဖြစ်ရာ ခေါင်းဆောင်များကလည်း ဦးဆောင်သူတစ်ဦးစ၏ ၀တ္တရားနှင့်အညီ အပြုသဘောဆောင်သည့် လုပ်ငန်းများ၊ စာရွက်ပေါ်ရှိ စီမံကိန်းများတို့ကို လက်တွေ့လုပ်ဆောင်ရန် အချိန်ကျရောက်နေပြီ ဖြစ်သကဲ့သို့ ကျွန်မတို့ နောက်လိုက်ပြည်သူများ အနေဖြင့်လည်း နိုင်ငံသားကောင်းပီသစွာ စည်းလုံးညီညွတ်ကြ၍ အဓိကနှင့်သာမညကို ခွဲခြားသိမြင်ကာ ကိုယ်နှင့်သက်ဆိုင်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သင့်သည်။
ဂျာမနီဘောလုံးအသင်းသည် ယခုကဲ့သို့ အောင်မြင်သော ရွှေရောင်မျိုးဆက်ကိုရရန် ၁၄ နှစ်ကြာ အချိန်ယူ တည်ထောင်ခဲ့ရသည်။ ယခု ကျွန်မတို့ ပြန်လည်တည်ဆောက်ရန် ကြိုးစားသည်မှာ ဘောလုံးအသင်းတစ်သင်း မဟုတ်၊ တိုင်းပြည်တစ်ခုဖြစ်သည်။ ထို့ကြောင့် ဤခရီးသည် ကြမ်းကောင်းကြမ်းပေလိမ့်မည်။ ဤခရီး မနီးနိုင်ပါချေ။ သို့ပါသော်လည်း ကျွန်မတို့ လူငယ်မျိုးဆက်သစ်များ ကြိုးစားလျှင် ကြိုးစားသလောက် စစ်မှန်သော ပဲ့ကိုင်ရှင်အောက်တွင် ကျွန်မတို့မြန်မာနိုင်ငံသည် အသစ်တစ်ဖန် ပြန်လည်နိုးထနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ မျှော်လင့်မိပါသည်။ ဆုတောင်းပါသည်။
ထို့အတွက် ဦးစွာ ကျွန်မတို့အားလုံး ကြိုးစားကြရပါမည်။ ဟုတ်ကဲ့။ ဤသည်မှာ ၀င်သက်ထွက်သက်တိုင်းအတွက် ယုံကြည်ချက်ပင်ဖြစ်သည်။
(မျိုးဆက်သစ် လူငယ်ဘောလုံးသမားများ သုဝဏ္ဏဘောလုံးကွင်းတွင် လေ့ကျင့်မှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
from Eleven Media Group's Facebook Wall http://ift.tt/UzzjDN
Comments
Post a Comment