Skip to main content

#emg_opinions ကော်မရှင် ဘယ်လဲ၊ ဘာလဲ နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ (written by...



#emg_opinions



ကော်မရှင် ဘယ်လဲ၊ ဘာလဲ နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ



(written by :ဒေါက်တာရန်မျိုးသိမ်း)



လွတ်လပ်၍တရားမျှတသော လွှတ်တော်ရွေးကောက်ပွဲများကို ကျင်းပနိုင်ရေးတွင် ဘက်မလိုက်သော၊ ကြားကျသော၊ သမာသမတ်ရှိသော ကော်မရှင်နှင့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများသည် သော့ချက်ပင်ဖြစ်သည်။ ကော်မရှင်က ဘက်မလိုက်၊ ကြားနေသော်လည်း ဥပဒေ၊ စည်းမျဉ်းများက တင်းကျပ်လွန်းလျှင်သော်လည်းကောင်း၊ ဥပဒေ၊ စည်းမျဉ်းများက တရားမျှတသော်လည်း ကော်မရှင်က သမာသမတ်မရှိလျှင်သော်လည်းကောင်း၊ ရွေးကောက်ပွဲများ၏ လွတ်လပ်တရားမျှတမှုသည် သုညတပင်ဖြစ်မည်။



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ခြေလှမ်းများသည် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပါတီများ၏မဲဆွယ်စည်းရုံးရေးကို ထိန်းချုပ်နိုင်ရန်၊ ပါတီခေါင်းဆောင်များ၏ ပါတီမဲဆွယ်စည်းရုံးနိုင်ခွင့်ကို တားမြစ်နိုင်ရန်၊ ပါတီများ၏ သတင်းမီဒီယာများအပေါ် အားကိုယူလျက် မဲဆွယ်စည်းရုံးနိုင်ခြေကို ထိန်းသိမ်းနိုင်ရန် ပြင်ဆင်လာနေသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ နိဒါန်းအစကို ပြန်ကောက်သော် ၂ဝ၁ဝ ပြည့်နှစ်သို့ ပြန်ပြောင်းကြည့်ရမည် ဖြစ်သည်။



အေးချမ်းဖြိုးကော်မရှင်



၂ဝ၁ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအနေဖြင့် ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖြစ်သဖြင့် အေးချမ်းဖြိုးကော်မရှင်ဟု ဆိုနိုင်သည်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၄၃) နှင့်အေးချမ်းဖြိုးကောင်စီက ပြဌာန်းထားသော ၂ဝ၁ဝ ပြည့်နှစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ ပုဒ်မ ၃ တို့အရ ၂ဝ၁ဝပြည့် နှစ် မတ် ၁၁ ရက်တွင် ဖွဲ့စည်းခဲ့သည်။



ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် ဥက္ကဌဦးသိန်းစိုးနှင့် ဦးမြင့်နိုင်၊ ဒေါက်တာတင်အောင်အေးနှင့် ဦးအောင်မြင့် အပါအဝင် အဖွဲ့ဝင် ၁၇ ဦး ပါဝင်သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂ဝ၁ဝ ပြည့်နှစ် မတ် ၁ဝ ရက်တွင် ဒုတိယတရားသူကြီးချုပ် ဦးသိန်းစိုး၊ ဒုတိယရှေ့နေချုပ် ဦးမြင့်နိုင်၊ တရားရုံးချုပ်တရားသူကြီး ဒေါက်တာတင်အောင်အေး၊ ဝန်ထမ်းရွေးချယ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးအောင်မြင့်တို့ကို တာဝန်မှ အနားယူခွင့်ပြုခဲ့သည်။



၂ဝ၁ဝ ပြည့်နှစ်၊ ဒီဇင်ဘာ ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအဖွဲ့၊ အစည်းအဝေးအမှတ်စဉ် (၄၇/ ၂ဝ၁ဝ)မှ သဘောတူခွင့်ပြုချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးကို အမှုထမ်းရာထူး ၇၆ နေရာ၊ အမှုထမ်းရာထူး ၁၂၄ နေရာ စုစုပေါင်း ရာထူးနေရာ ၂ဝဝ ဖြင့် ဖွဲ့စည်းခဲ့သည်။



အစိုးရသစ်နှင့် ကော်မရှင်သစ်



၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အစိုးရသည် အစိုးရသစ်နှင့်အတူ ကော်မရှင်သစ်ကို ဖွဲ့စည်းခဲ့သည်။ ကော်မရှင်ကသစ်သည်ဟု ထင်ရသော်လည်း၊ အဖွဲ့ဝင်အားလုံးနီးပါးသည် ကော်မရှင်ဟောင်းမှ လူများဖြစ်သည်။ ထို့ကြောင့် အရေခွံလဲရုံသက်သက်ထက် မပိုခဲ့ဟု သုံးသပ်နိုင်သည်။



ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့် သမ္မတသည် အစိုးရသစ်ကိုဖွဲ့ပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထိပ်တန်းခေါင်းဆောင်တစ်ဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သောအခါ ကော်မရှင်သည် ထူးမခြားနား ဖြစ်ခဲ့ရသည်။ ၂ဝ၁၁ ခုနှစ်၊ မတ် ၃ဝ ရက်တွင် ဦးတင်အေးသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဖြစ်လာသည်။ သမ္မတဦးသိန်းစိန် လက်ထက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည်လည်း အေးချမ်းဖြိုးကောင်စီမှ ဖွဲ့စည်းပေးခဲ့သော ကော်မရှင်နှင့် ထူးမခြားနားပင်ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သစ်အဖွဲ့ဝင်များအားလုံးသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဟောင်းအဖွဲ့ဝင်များ ဖြစ်သည်။



ကော်မရှင်ရုံးများတိုးချဲ့ခြင်း



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲများကို အောင်မြင်စွာ ကြီးကြပ်ကျင်းပနိုင်ရေးနှင့် နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်နိုင်ရေးတို့အတွက် တိုးချဲ့ဖွဲ့စည်းခဲ့သည်။ တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ရုံး၊ နေပြည်တော်နှင့် ခရိုင် ၆၇ ရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ရုံး၊ မြို့နယ် ၃၃ဝ ရုံးတို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးလက်အောက်ခံ၊ ကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်အဖြစ် ဖွဲ့စည်းခဲ့သည်။



အရာထမ်း ရာထူး ၅၁၈ နေရာ၊ အမှုထမ်းရာထူး ၁၆၉၆ နေရာ၊ စုစုပေါင်းရာထူး ၂၂၁၄ နေရာဖြင့် တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းရန် ၂ဝ၁၂ ခုနှစ် ဩဂုတ် ၉ရက်တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၃ဝ/၂ဝ၁၂) တွင် သဘောတူခွင့်ပြုပြီးဖြစ်ပါသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ ဖွဲ့စည်းပုံအား အရာထမ်းရာထူး ၅၉၄ နေရာ၊ အမှုထမ်းရာထူး ၁၈၂ဝ နေရာ၊ စုစုပေါင်းရာထူး ၂၄၁၄ နေရာဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့သည်။



ဘောင်းဘီဝတ်မှ ပုဆိုးဝတ်သို့



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂ဝ၁၃ ခုနှစ်၊ ဒီဇင် ဘာ ၃ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၇/၂ဝ၁၃)ကို ထုတ်ပြန်ကြေညာပြီး လက်ထောက်ညွှန်ကြားရေးမှူးများကို ခန့်ထားခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရာထူးခန့်ချုပ်ရုံး၏ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်စွဲပါ စာဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ လွှဲပြောင်းအမှုထမ်းဆောင်ခွင့်ပြုခဲ့သော ဗိုလ်မှူးအဆင့် ၅၈ ဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး လက်အောက် ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် လက်ထောက်ညွှန်ကြားရေးမှူးများအဖြစ် ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်၊ နံနက်ပိုင်းမှစ၍ ခန့်ထားခဲ့သည်။ ဘောင်းဘီဝတ်တို့ ဘောင်းဘီချွတ်ကာ၊ ပုဆိုးဝတ်ခဲ့ကြသည်။



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးလက်အောက်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခဲ့သော တပ်မတော်အရာရှိ ၅၈ ဦးတို့ကို ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ် (၁၁/၂ဝ၁၄) ထုတ်ပြန်လျက်၊ ကယားပြည်နယ်မှ လွဲ၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခြောက်ခု၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှစ်ခု၊ ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် နေပြည်တော်ခရိုင် ကော်မရှင်အဖွဲ့ခွဲရုံး အပါအဝင် ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံး ၄၉ ရုံးတို့တွင် လက်ထောက်ညွှန်ကြားရေးမှူးများအဖြစ် ပြောင်းရွှေ့ခန့်အပ်တာဝန်ချထား ခဲ့သည်။



ဗျူဟာခင်းပြီလား



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လက်ထောက်ညွှန်ကြားရေးမှူး (အငြိမ်းစားဗိုလ်မှူး)များကို ပြောင်းရွှေ့ခန့်အပ် တာဝန်ချထားခြင်းမရှိသော ခရိုင်အများစုသည် လာမည့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့်၊ အားမကောင်းသောနေရာများ ဖြစ်နေသည်ကို ထူးခြားစွာသတိပြုမိသည်။ ဥပမာအားဖြင့် ကချင်ပြည်နယ်တွင် ဗန်းမော်ခရိုင်၊ ပူတာအိုခရိုင်၊ ရှမ်းပြည်နယ်တွင် လင်းခေးခရိုင်၊ ကွန်လုံခရိုင်၊ လောက်ကိုင်ခရိုင်၊ ကျိုင်းတုံခရိုင်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဖြတ်ခရိုင်တို့တွင် အငြိမ်းစားဗိုလ်မှူးများကို တာဝန်ချထားခြင်း မရှိပေ။ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ နေရာနှင့် တာဝန်ချထားမှုများသည် ပြည်ခိုင်ဖြိုးပါတီ၏ လူထုစည်းရုံးရေးဗျူဟာများနှင့် ဆက်စပ်ကောင်းဆက်စပ်နေနိုင်သည့် အသွင်များကို သတိပြုမိသည်။



၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြု မှုစနစ်(ပီအာ)ကို ပြောင်းလဲကျင့်သုံးရန် အလားအလာမြင့်မားနေသည့်အချိန်တွင် အငြိမ်းစားဗိုလ်မှူးများကို ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ တာဝန်ပေးခဲ့ခြင်းကို အကြောင်းပြုလျက်၊ အချိုးကျကိုယ်စားပြုမှုစနစ်တွင်လည်း ခရိုင်များကို အခြေခံသည့်ပုံစံပြောင်းလဲနိုင်ခြေရှိသည်ဟု သုံးသပ်နိုင်သည်။ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ခရိုင်များအထိ တိုက်ရိုက်ညွှန်ကြား၊ တာဝန်ပေး၊ သတင်းပို့၊ ပြန်လည်အစီရင်ခံနိုင်မည့် ဆက်ကြောင်းတစ်ခုကို ပြင်ဆင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပုံရသည်။



ဘောင်းဘီချွတ်အုပ်ချုပ်ရေး



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်းများ၊ ညွှန်ကြားချက်များကို တင်းပြည့်ကျပ်ပြည့် အကောင်အထည်ဖော်နိုင်ရေးအတွက် စီမံအုပ်ချုပ်ရေးယန္တရားတစ်ခုကို စိတ်ချယုံကြည်ရသူများနှင့် တည်ဆောက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟုလည်း သုံးသပ်နိုင်သည်။ ကြိုတင်ပြင်ဆင်ထားသော၊ မဟာဗျူဟာမြောက်သော၊ ရည်မှန်းချက်များ အောင်မြင်ရေးကိုဦးတည်သော အထူးစီမံချက်တစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်နေသည်ဟု ယူဆနိုင်သော လက္ခဏာများကိုလည်း သတိပြုမိသည်။ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လတ်တလောခြေလှမ်းများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များကို အားလျော့စေရန် ဗျူဟာမြောက်ပုံဖော်နေသည့်အသွင် ယိုးစွပ်မှုများမြင့်မားနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ကောက်ချက်ပြုနိုင်သည်။



တပ်မတော်အစိုးရ အုပ်ချုပ်မှုစနစ်မှ အရပ်သားအစိုးရအုပ်ချုပ်ရေးစနစ်သို့ ပြုပြင်ပြောင်းလဲနေပါသည်ဟု ကြွေးကြော်နေသည့်ကာလတွင် တပ်မတော်အရာရှိများကို အငြိမ်းစားယူစေပြီး အရပ်သားအရာရှိများ အသွင်ပြုပြင်ပြောင်းလဲ ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပါအဝင် အစိုးရနှင့် အုပ်ချုပ်ရေးယန္တရားတွင် သွတ်သွင်းနေခြင်းသည် အငြိမ်းစားတပ်မတော်အရာရှိများကို ဆက်လက်ကျောရိုးပြုနေခြင်းဖြစ်သည့်အလျောက် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေတည် စတင်ခဲ့သော အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးပုံစံနှင့် တစ်ထပ်တည်းကျနေသည်ဟု သုံးသပ်နိုင်သည်။ တိုင်းပြည်နှင့်ပြည်သူလူထုကို အဆင်းရဲ၊ အမွဲတေဆုံး ဖြစ်စေခဲ့သည့် အဓိကအကြောင်းအရင်း တစ်ခုဖြစ်သော အငြိမ်းစားတပ်မတော်အရာရှိများကို ကျောရိုးပြုသည့် အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးစနစ်အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပါအဝင် ကဏ္ဍပေါင်းစုံတွင် ပြုပြင်ပြောင်းလဲနိုင်မှသာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသည် အနှစ်သာရ ပြည့်ဝမည်ဖြစ်သည်။



တိုက်တွန်းဆော်သြခြင်း



၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြည်သူလူထုအများစု ကြည်ညိုလေးစားသော၊ ကြားနေသော၊ ဘက်လိုက်နိုင်ခြေမရှိသော ပုဂ္ဂိုလ်များနှင့် ပြင်ဆင်ဖွဲ့စည်းသင့်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် အငြိမ်းစားတပ်မတော်အရာရှိများ ပါဝင်မှုကို သုညအဆင့်သို့ လျှော့ချသင့်သည်ဟု ထင်မြင်မိသည်။ သို့မှသာ လာမည့်အထွေထွေရွေးကောက်ပွဲ၏ လွတ်လပ်မှုကိုမြှင့်တင်နိုင်မည်ဖြစ်သည်။



ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒဟု လက်ခမောင်းခတ်ကြွေးကြော်နေသော ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များအနေဖြင့်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ပြင်ဆင်ဖွဲ့စည်းနိုင်ရေးနှင့် အငြိမ်းစားတပ်မတော်အရာရှိများ ပါဝင်မှုကို သုညအဆင့်သို့ လျှော့ချနိုင်ရေးကိစ္စနှင့် ပတ်သက်၍ လွှတ်တော်အစည်းအဝေးများတွင် အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်းတို့ကို မဖြစ်မနေဆောင်ရွက်သင့်သည်။



အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းစဉ်များကို ယခုအချိန်ကတည်းက စီမံချက်ချမှတ်ဆောင်ရွက်နိုင်ရန် အရေးတကြီး လိုအပ်မည်ဖြစ်သည်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ၊ လှည်းနေလှေအောင်းမြင်းဇောင်း မကျန် စောင့်ကြည့်လေ့လာနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နိုင်ရန် လိုအပ်မည်ဖြစ်သည်။



ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်အနေဖြင့် လာမည့် ၂ဝ၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး၏လွတ်လပ်မှု၊ တရားမျှတမှု၊ ဘက်မလိုက်မှု၊ ဩဇာလွှမ်းမိုးခြင်းကင်းမှုတို့ကိုရှေးရှုလျက်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ နှင့်အဖွဲ့ဝင်များနေရာတွင် အစဉ်အလာအားဖြင့် ကြားကျသူများ၊ ဩဇာတိက္ကမရှိသူများ၊ ပြည်သူလူထုအကြား ယုံကြည်မှုမြင့်မားသူများနှင့် ပြင်ဆင်ဖွဲ့စည်းနိုင်ရေးကို အဆိုတင်သွင်း အဆုံးအဖြတ်ရယူသင့်သည်ဟု ထင်မြင်မိသည်။ ဗိုလ်ချုပ်ကြီးဟောင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထိပ်တန်းခေါင်းဆောင်ဟောင်းတစ်ဦး အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌအဖြစ် ဆောင်ရွက်နေခြင်းသည် ကြောင်းကျိုးဆီလျော်မှု နည်းပါးလွန်းသည်ဟု လည်းကောင်း၊ နိုင်ငံရေးအရ မိုက်ရူးရဲဆန်လွန်းသည်ဟုလည်းကောင်း ကောက်ချက်ပြုနိုင်သည်။



နိဂုံး



အချုပ်အားဖြင့်ဆိုသော် သီးခြားလွတ်လပ်မှု၊ ကြားနေမှု၊ အမှီအခိုကင်းမှု၊ လွတ်လပ်မှု၊ အများပြည်သူလူထု၏ ကြည်ညိုလေးစားမှုတို့ မြင့်မြင့်မားမားရှိသည့် အရပ်သားပုဂ္ဂိုလ်ကြီးများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းနိုင်မှသာ ၂ဝ၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ လွတ်လပ်မှုကို အာမခံနိုင်မည်ဖြစ်သည်။ အများကြည်ညိုလေးစားပြီး ဘက်မလိုက်ကြားနေသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ စီမံခန့်ခွဲမှုအောက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည်သာ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို မဟာဗျူဟာ လှေကားထစ်နောက်တစ်ထစ်သို့ တွန်းပို့နိုင်မည်ဖြစ်ပါကြောင်း မီးမောင်းထိုးဆော်ဩလိုက်ရပါသည်။



(ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၂ ရက်က နေပြည်တော်တွင် ကျင်းပစဉ်)







from Eleven Media Group's Facebook Wall http://ift.tt/1n9yTij

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3