Skip to main content

မန္တလေးဖြစ်စဉ် အပါအ၀င် ဆူပူအကြမ်းဖက်မှုများသည် ဘာသာရေးကို ခုတုံးလုပ်ကာ မငြိမ်သက်အောင် တမင်ဖန်တီးနေခြင်းသာဖြစ်ပြီး လက်ရှိအချိန်တွင် ပဋိပက္ခ ဖြစ်ပွားခဲ့ဖူးသော နယ်မြေအားလုံး တည်ငြိမ်လျက်ရှိ










မန္တလေးမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခဖြေရှင်းရန် တာဝန်ရှိသူများ လုံခြုံရေးယူထားစဉ်






ဇူလိုင် ၁ ရက်ကစတင်ပြီး မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှု အပါအ၀င် မြန်မာနိုင်ငံ ဒေသအချို့တွင် ဖြစ်ပေါ်ခဲ့သော လူမျိုးရေး ပဋိပက္ခများမှာ ဘာသာရေးကို ခုတုံးလုပ်ကာ မငြိမ်သက်အောင် တမင်ဖန်တီးခြင်းကြောင့် ဖြစ်ပေါ်ခဲ့ရခြင်းသာဖြစ်ပြီး လက်ရှိအချိန်တွင် အဆိုပါဒေသ အားလုံး၌ တည်ငြိမ်အေးချမ်းနေကြောင်း သိရသည်။



၂၀၁၂ ဇွန်လတွင် ရခိုင်ပြည်နယ်အတွင်းမှ စတင်ဖြစ်ပေါ်ခဲ့သော လူမျိုးရေးပဋိပက္ခသည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာသို့ ကူးစက်ခဲ့ပြီးနောက် ပဲခူးတိုင်း အနောက်ခြမ်း၊ ရန်ကုန်တိုင်း ဥက္ကံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ စစ်ကိုင်းတိုင်း ကန့်ဘလူနှင့် ၂၀၁၄ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသအချို့တို့တွင် ကူးစက်ဖြစ်ပွားခဲ့ပြီး ယခုနောက်ဆုံး မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ဟု ခေါ်ဆိုနိုင်သော မန္တလေးမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။



သာမန်ရာဇ၀တ်မှုအား လူမျိုးရေးအသွင်ဆောင်စေရန် လှုံ့ဆော်မှုများအား Facebook အပါအ၀င် အွန်လိုင်းစာမျက်နှာများပေါ်၌ အချိန်နှင့်တစ်ပြေးညီတင်ကာ ဆူပူမှုကြီးထွားအောင် ဖန်တီးခဲ့ကြခြင်းဖြစ်ပြီး နောက်ကွယ်တွင် အဖွဲ့အစည်းတစ်ရပ် ရှိနေသည်ဟု ပြောနိုင်ကြောင်း ပဋိပက္ခဖြစ်ပွားရာ နေရာများမှ ဒေသခံများက တညီတညွတ်တည်း ပြောဆိုကြသည်။



“အခုဖြစ်စဉ်အပေါ်ကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒီလူတွေဟာ မန္တလေးကလူတွေ မဟုတ်ဘူးလို့ ပြောတယ်။ ပြည်ထောင်စုလွှတ်တော် နာယကကြီး သူရရွှေမန်းကလည်း ဒါပယောဂပါတယ်လို့ ပြောတယ်။ အမေရိကန်မှာရှိ ၀က်ဘ်ဆိုက်ထဲက ပျဉ်းမနားမှာ အမှုဖွင့်ထားတဲ့ ကိစ္စကိုရေးလို့ မန္တလေးမှာ ပြဿနာ ဖြစ်ရတာ။ ဘယ်သူနဲ့ ဘယ်ဝါနဲ့ ဘာဖြစ်လို့ဖြစ်မှန်း မသိဘဲ လူစုလူဝေးဖြစ်တာ။ ဒါက ပယောဂပါ။ တမင်ဖန်တီးတာပါ။ ပြဿနာတွေ မကြီးထွား ကြီးထွားအောင် အကွက်ချပြီး လုပ်တယ်လို့ ယူဆပါတယ်။ လမ်းပေါ်မှာ အော်သွားတာက ဗမာရပ်ကွက်ကို ကုလားတွေ လာကုန်ပြီ။ ကုလားရပ်ကွက်ကို ဗမာတွေ လာကုန်ပြီ အော်ဟစ်ပြီး ကားတွေဆိုင်ကယ်တွေနဲ့ မောင်းပြေးကြတာ။ အဲဒီလိုဟာတွေကို တားဆီးတာမျိုး မလုပ်တဲ့အတွက် လူတွေက သို့လောသို့လော ဖြစ်ကုန်ကြတာ။ ဒါကြောင့် ပိုကျယ်ပြန်လာတယ်။ တစ်ရက်ထက်တစ်ရက် ပိုကြီးလာတာ” ဟု မန္တလေးမြို့ခံ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။



“အလိုမတူဘဲ သားမယားပြုကျင့်တယ်ဆိုတဲ့ အကြောင်းအရာပေါ်မှာ အခြေခံပြီး ဒီပြဿနာတွေ ပေါ်လာတာလို့ ကောက်ချက်ချနိုင်တယ်။ ဒီကိစ္စက လှုံ့ဆော်လို့ အကောင်းဆုံးဆိုတော့ ပြဿနာကို ဖန်တီးချင်တဲ့သူတွေရဲ့ လှည့်ကွက်ထဲကို ပြည်သူတွေ တည့်တည့်ဝင်သွားတယ်လို့ မြင်ပါတယ်။ နောက်ပြီး လုံခြုံရေးပိုင်းကို တာဝန်ယူတဲ့ သူတွေကလည်း အထက်အမိန့် မရသေးတာကို အကြောင်းပြပြီး မီးတောက်ကို ကြီးမှငြှိမ်းသတ်နေကြတယ်။ စောစောစီးစီးကတည်းက တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရင် ဒီလိုပြဿနာတွေ ပေါ်လာစရာ အကြောင်းကို မရှိဘူး။ အခုတော့ မြန်မာတစ်နိုင်ငံလုံး ဟိုနေရာမှာ ပုဒ်မ ၁၄၄ ထုတ်လိုက်၊ ဒီနေရာမှာ ပုဒ်မ ၁၄၄ ထုတ်လိုက်နဲ့ နေရာတော်တော် များနေပြီ။ ပြည်သူလူထုကို အကြံပေးချင်တာက စဉ်းစားချင့်ချိန်ကြပါ။ ဒီလိုအတိုင်း ဖြစ်နေမယ်ဆိုရင်တော့ တစ်တိုင်းပြည်လုံး ပုဒ်မ ၁၄၄ အောက်ရောက်သွားပြီး အမှောင်ခေတ် ပြန်ရောက်သွားမယ်ဆိုတာ သတိပြုကြပါ” ဟု မန္တလေးမြို့မှ နာမည်ကြီး အလွတ်ပညာသင် ကျောင်းဆရာတစ်ဦးက ပြောကြားသည်။



ပြဿနာကို ဖန်တီးတာ ဘယ်ကလူတွေမှန်း မသိဘူး။ အခု မန္တလေးမှာ ဒါမျိုးတွေ ဖြစ်တယ်ကြားပေမယ့် ဒီမှာက အေးချမ်းပါတယ်။ စားဝတ်နေရေး ကျပ်တည်းတဲ့အချိန်မှာ ဆူဆူပူပူဖြစ်မှာကို မြို့လူထုက မလိုလားပါဘူး။ တိုင်းပြည်မှာ ဒီလိုပြဿနာတွေဖြစ်ပြီး ဆူပူနေအောင် ဘယ်လိုအဖွဲ့အစည်းတွေက ဖန်တီးနေတယ်ဆိုတာ အစိုးရက တာဝန်သိသိနဲ့ ဖော်ထုတ်ပေးသင့်ပါပြီ . . . . .



မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် သာမန်အရောင်းအ၀ယ်တစ်ခုမှ စတင်ဖြစ်ပွားခဲ့သော လူမျိုးရေး ပဋိပက္ခကြောင့် ဆူပူမှု ဖြစ်ပွားခဲ့သည်မှာ အချိန်ကာလအားဖြင့် တစ်နှစ်ကျော်လာခဲ့ပြီ ဖြစ်သော်လည်း နှစ်ဖက်လူအဖွဲ့စည်းများမှ ဒုက္ခသည်များသည် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြရဆဲဖြစ်ကာ လူမှုရေးအခက်အခဲ၊ စီးပွားရေးအခက်အခဲများနှင့် ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။ ရခိုင်ပြည်နယ်မှ ပဋိပက္ခပြီးလျှင် အကြီးမားဆုံးသော လူမျိုးရေးပဋိပက္ခဖြစ်ပြီး ဖြစ်စဉ်အတွင်း လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြသလို နေအိမ်အများအပြား မီးလောင်ပျက်စီး ခဲ့ရသဖြင့် အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များမှာ လက်ရှိအချိန်အထိ သေချာရေရာသော ဘ၀ကို ပြန်လည်မရရှိကြသေးပေ။



“ကျွန်တော်တို့ မိတ္ထီလာမှာ ၂၀၁၃ ပဋိပက္ခဖြစ်စဉ်ကြောင့် စီးပွားရေး၊ လူမှုရေး တော်တော်အထိနာခဲ့ပါတယ်။ အခုချိန်အထိလည်း မြို့က ပြန်လည်တည်ဆောက်ရေးကို အရှိန်မြှင့် မလုပ်နိုင်သေးပါဘူး။ တကယ်တော့ သာမန်ရာဇ၀တ်မှုလေးကို အချိန်မီ မတားဆီးနိုင်ခဲ့တဲ့အတွက် အခုလို တစ်မြို့လုံး ထိခိုက်ခံစားခဲ့ရတာပါ။ မြို့လူထုက အခုအချိန်မှာတော့ ကောလာဟလ စကားတွေကို မယုံကြည်တော့ပါဘူး။ အရင်လို တည်ငြိမ်အေးဆေးတဲ့ အခြေအနေမျိုး ပြန်ရောက်ဖို့အတွက်ပဲ စိတ်အားထက်သန်နေပါတယ်။ မိတ္ထီလာက အခုအချိန်မှာ အေးအေးချမ်းချမ်းပါပဲ” ဟု မိတ္ထီလာမြို့မှာ ကားဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် ယခုကဲ့သို့ ဖြေကြားခဲ့သည်။



“ပဋိပက္ခဖြစ်ပြီး စတိုးတက်ဖို့ အရှိန်ယူနေရတဲ့ မိတ္ထီလာမြို့ခံတစ်ယောက် အနေနဲ့ နောက်ထပ်ဖြစ်ပွားမှာကို မလိုလားပါဘူး။ မြို့ခံအချင်းချင်း ဖြစ်ပွားဖို့ကတော့ ရာခိုင်နှုန်း တော်တော်နည်းပါတယ်။ အပြင်ကလာပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ဆူပူမှုတွေဖြစ်အောင် ဖန်တီးမှာကိုတော့ စိုးရိမ်မိပါတယ်။ အုပ်ချုပ်သူတွေအနေနဲ့ တာဝန်ယူမှု တာဝန်သိမှု အပြည့်အ၀နဲ့ မြို့တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ မျှော်လင့်မိပါတယ်” ဟု မိတ္ထီလာမြို့ခံ ကိုမင်းအောင်လှိုင်ကလည်း ဆိုသည်။



အမျိုးသမီးငယ်တစ်ဦးအား ဘာသာခြားတစ်ဦးက ဓာတ်ဆီဖြင့်လောင်း မီးရှို့မှုကြောင့် လူမျိုးရေးပဋိပက္ခ ဖြစ်ပွားခဲ့သော လားရှိုးမြို့ တွင်လည်း အခြေအနေမှာ တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း ဒေသခံများအား ဆက်သွယ်မေးမြန်းချက်အရ သိရသည်။ မန္တလေး-မူဆယ် လမ်းကြောင်းပေါ်တွင်ရှိသော လားရှိုးမြို့မှာ မြန်မာ-တရုတ် ကုန်သွယ်မှုတွင် အရေးပါသော မြို့တစ်မြို့ဖြစ်ပြီး မန္တလေးမှ အချိန်တိုအတွင်း သွားရောက်နိုင်သော မြို့တစ်မြို့ဖြစ်သော်လည်း ယခုပဋိပက္ခတွင် သက်ရောက်မှုမရှိခဲ့ကြောင်း သိရသည်။



“၂၀၁၃ တုန်းက ဖြစ်ခဲ့တယ်ဆိုပေမယ့် အဲဒီတုန်းက မြို့ခံတွေပါခဲ့တာ မဟုတ်ဘူး။ ပြဿနာကို ဖန်တီးတာ ဘယ်ကလူတွေမှန်း မသိဘူး။ အခု မန္တလေးမှာ ဒါမျိုးတွေ ဖြစ်တယ်ကြားပေမယ့် ဒီမှာက အေးချမ်းပါတယ်။ စားဝတ်နေရေး ကျပ်တည်းတဲ့အချိန်မှာ ဆူဆူပူပူဖြစ်မှာကို မြို့လူထုက မလိုလားပါဘူး။ တိုင်းပြည်မှာ ဒီလိုပြဿနာတွေဖြစ်ပြီး ဆူပူနေအောင် ဘယ်လိုအဖွဲ့အစည်းတွေက ဖန်တီးနေတယ်ဆိုတာ အစိုးရက တာဝန်သိသိနဲ့ ဖော်ထုတ်ပေးသင့်ပါပြီ။ ကြာရင် ပြည်သူလူထုရဲ့ အစိုးရအပေါ် ယုံကြည်မှုဟာ ကျန်မှာမဟုတ်တော့ဘူး” ဟု လားရှိုးမြို့ ရပ်ကွက် (၃) မှ ကိုအောင်မင်းက ပြောကြားသည်။



အချို့ဒေသများတွင် မြို့ခံလူထုအချင်းချင်း၊ ဘာသာရေး အသင်းအဖွဲ့များ အချင်းချင်းတို့သည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်းကာ မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန် ပြင်ဆင်ထားကြကြောင်း သိရသည်။ မိမိတို့ဒေသသို့ ဒေသခံမဟုတ်သူများ အလွယ်တကူ မလာရောက်နိုင်ရန် ဟန့်တားမှုများ ပြုလုပ်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများရှိကြောင်း သိရသည်။



“ဘာမှန်းမသိ၊ ဘယ်ကလာမှန်းမသိတဲ့ လူတွေရောက်လာမှာကိုပဲ စိုးရိမ်ပါတာ။ မြို့အနေနဲ့တော့ စိုးရိမ်စရာ မရှိပါဘူး။ တခြားမြို့က ပဋိပက္ခတွေ မကူးစက်အောင် မသင်္ကာစရာရှိရင် အချင်းချင်း ချိတ်ဆက်ဖို့ ဖုန်းနံပါတ်တွေ ဖလှယ်ထားပါတယ်။ မနေ့ကဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ အစ္စလာမ်ဘာသာက အဖွဲ့အစည်း ငါးခု၊ ဗလီ၊ စာသင်ကျောင်း၊ အစ္စလာမ်လူငယ့်ရေးရာ၊ လူမှုကူညီရေးအသင်းနဲ့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဦးဆောင်ဆရာတော်တွေ၊ မြို့နယ်ရဲမှူး၊ မြို့နယ်ထွေအုပ်ဒုဦးစီး၊ CSO အနေနဲ့ မအူပင်က လူမှုရေးအသင်းတွေ စုဖွဲ့ထားတဲ့ NGO NETWORK အဖွဲ့ တွေ့ဆုံစည်းဝေးဖြစ်ခဲ့တယ်။ နှစ်ဖက်သံသယတွေမရှိအောင် ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ နောက်ထပ်တွေ့ဆုံဖို့တွေလည်း ရှိပါတယ်” ဟု မအူပင်မြို့၊ ပျိုးခင်းသစ်ဖောင်ဒေးရှင်းမှ ဦးသန်းထိုက်အောင်က ပြောကြားသည်။



ဓနုဖြူမြို့မှ မြို့မိမြို့ဖတစ်ဦးက “ကျွန်တော်တို့ ဓနုဖြူမြို့မှာက ပဋိပက္ခဖြစ်အောင်လည်း မလုပ်ရဲကြပါဘူး။ လူမှုရေးအဖွဲ့တွေက မြို့ကိုနိုင်တယ်။ အာဏာပိုင်တွေကလည်း မြို့မိမြို့ဖတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ၁၁ ရပ်ကွက်က အစ္စလာမ်ဘာသာရေး စာသင်ဆောင်ကို ကျူးကျော်ပြီး ဗလီဆောက်မယ်လုပ်လို့ မကျေနပ်မှုတွေ ရှိခဲ့ပေမယ့် မြို့ခံဆရာတော်တွေ အပါအ၀င် အဖွဲ့အစည်းပေါင်းစုံ အားလုံးပူးပေါင်းပြီး ထိန်းသိမ်းနိုင်ခဲ့ပါတယ်” ဟု ပြောကြားသည်။



ဆူပူအကြမ်းဖက်မှုဒဏ်ကို အဆိုးဆုံးခံစားရသည့် ရခိုင်ပြည်နယ်တွင် အခြေအနေမှာ တည်ငြိမ်နေပြီဖြစ်ပြီး နှစ်ဖက်လူ့အဖွဲ့အစည်းများကလည်း ပြဿနာကို ထပ်မံဖြစ်ပွားမှု မဖြစ်အောင် ထိန်းသိမ်းနေကြသည်ဟု ဒေသခံများက ပြောကြားသည်။



“ရခိုင်မှာ ပဋိပက္ခ မဖြစ်လာတာကတော့ လက်ရှိအခြေအနေမှာ လုံခြုံရေး ထူထပ်စွာ ချထားတယ်။ နောက်ပြီး စစ်တွေ၊ ကျောက်ဖြူ စသဖြင့် ပဋိပက္ခဖြစ်ခဲ့တဲ့ နေရာအားလုံးမှာ ဘင်္ဂါလီနဲ့ တိုင်းရင်းသားတွေဟာ သီးခြားစီနေပြီးတော့ အရင်လို ထိတွေ့ဆက်ဆံမှု မရှိတော့ဘူး။ မောင်တောမှာဆိုရင်လည်း ဘင်္ဂါလီရွာနဲ့ တိုင်းရင်းသားရွာတွေဟာ ရောရောနှောနှော သိပ်မရှိကြတော့ဘူး။ တစ်ဖက်နဲ့ တစ်ဖက်လည်း ပဋိပက္ခမဖြစ်အောင် ထိန်းသိမ်းဆင်ခြင်နေကြတယ်။ အဓိကကတော့ ဘင်္ဂါလီတွေ အများစုရှိနေတဲ့ စစ်တွေ၊ ကျောက်တော်တို့မှာလည်း ဘင်္ဂါလီနဲ့ တိုင်းရင်းသားတွေ သီးခြားဖြစ်နေတော့ ထိတွေ့ဆက်ဆံမှုမရှိလို့ ပဋိပက္ခစတင်ဖို့ လွယ်လွယ်ကူကူ မဖြစ်နိုင်ဘူးလို့ ပြောလို့ရတယ်။ ပြည်သူတွေ ကိုယ်၌ကိုက ပြဿနာမဖြစ်ဘဲ တည်တည်ငြိမ်ငြိမ် နေချင်ကြတယ်” ဟု ရခိုင်ပြည်နယ်လွှတ်တော် ဥပဒေအကြံပေးအဖွဲ့ဝင် ဦးကောင်းစံရှီက ပြောကြားသည်။



ဖန်တီးမှု၊ လှုံ့ဆော်မှုများမှတစ်ဆင့် ကူးစက်ဖြစ်ပွားခဲ့သော ပဋိပက္ခ အများအပြား မြန်မာနိုင်ငံ ဒေသအချို့တွင် ဖြစ်ပွားခဲ့ရသည်။ အသက်သေဆုံးမှုများ၊ အိမ်ရာအဆောက်အအုံ ပျက်စီးဆုံးရှုံးမှု၊ လူမှုဘ၀ ထိခိုက်ဆုံးရှုံးမှုများ တွေ့ကြုံခဲ့ကြရသည်။ သွေးဆူလွယ်ခြင်း၊ စိတ်ခံစားမှု ပြင်းထန်ခြင်းတို့အပေါ် အခွင့်ကောင်းယူ လုပ်ကြံဖန်တီးမှုများကို သတိဖြင့် ရင်ဆိုင်ကျော်လွှားရန် ယခင်ထက် ပိုမိုအလေးထားလာကြပြီ ဖြစ်သည်။ ပြည်သူလူထုအနေဖြင့် ပဋိပက္ခ ပြဿနာများ၏ ခါးသီးမှုကို ရင်ဆိုင်ထားရသဖြင့် အဆိုပါ အခြေအနေမျိုး မလိုလားကြကြောင်း၊ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဖန်တီးသူများကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူဟန့်တားရန် လိုလားနေကြကြောင်း သိရသည်။


မန္တလေးမြို့တွင် ဖြစ်ပွားသော ပဋိပက္ခ ဖြစ်စဉ်အကျဉ်း



ဇူလိုင် ၁ ရက် - ဖေ့ဘုတ်စာမျက်နှာများတွင် ဘာသာခြားမှ မုဒိမ်းမှု ကျူးလွန်ခဲ့သည်ဟူသော အဖြစ်အပျက်ကို အခြေခံကာ ဘာသာရေးနှင့် ပတ်သက်သော ကောလာဟလကြောင့် ည ၈ နာရီခန့်မှ စတင်ကာ မန္တလေးမြို့ ၈၂ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်အနီး၌ လူစုဝေးဖြစ်ပေါ်ခဲ့။



ဇူလိုင် ၂ ရက် - လူစုလူဝေးနှင့် ဖျက်ဆီးမှုအချို့ ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင် ၂ ရက် နံနက် ၃ နာရီခန့်တွင် လူစုကွဲသွား။ မန္တလေးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ထပ်မံပြီး ဘာသာရေးပဋိပက္ခနှင့် အခြားမလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရန်အတွက် လက်ရှိလုံခြုံရေးအင်အား အပါအ၀င် မန္တလေးတိုင်းရဲတပ်ဖွဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အင်အား ၅၀၀ နှင့် တပ်ဖွဲ့ခွဲ လုံခြုံရေးပါ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း အသိပေး။ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ဆောင်ရွက်နေသော်လည်း ဇူလိုင် ၂ ရက် ညပိုင်းတွင် ၈၃ လမ်းနှင့် ၃၄ လမ်းထောင့်၌ ကိုထွန်းထွန်း ဓားဖြင့်ခုတ်သတ်ခံရပြီး ၃၅ လမ်းနှင့် ၇၄လမ်း ၇၅ လမ်းကြားတွင် ဆိုင်ကယ်မတော်တဆမှု ဖြစ်ပွားရာမှ ဓားခုတ်မှုဖြစ်ကာ လူစုလူဝေးနှင့် ရိုက်နှက်မှုဖြစ်ပွား။ ၂၆ လမ်း၊ ၈၉ နှင့် ၉၀ လမ်းကြားရှိ အမှတ် (၆) ရဲစခန်းကို လူ ၅၀ ခန့်မှ ခဲဖြင့်ပစ်ပေါက်မှု ဖြစ်ပွား။



ဇူလိုင် ၃ ရက် - ဗလီတက်ရန် နံနက် ၄ နာရီတွင် အိမ်မှထွက်လာသည့် ဦးစိုးမင်းထွေး ၂၉ လမ်းအနီးအရောက် အမည်မသိ လူတစ်စုနှင့်တွေ့ပြီး ၀ိုင်းဝန်းအရိုက်ခံခဲ့ရာမှ အခင်းဖြစ်နေရာတွင် သေဆုံး။ ယင်းနေ့နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင် ၉၃ လမ်း၊ ၃၄ နှင့် ၃၅ လမ်းကြားတွင် နေထိုင်သူ ဦးမြင့်လွင် (ခရစ်ယာန်ဘာသာဝင်) အစ္စလာမ်ဘာသာဝင်ပုံ ပေါက်နေသူကို လူငယ်သုံးဦးမှ ရိုက်နှက်မှုဖြစ်ပွား။ ယင်းသို့ဖြစ်စဉ်များ ဖြစ်ပေါ်ပြီးနောက် မန္တလေးမြို့ပေါ်တွင် ဈေးများ၊ ဘဏ်များ စောစီးစွာပိတ်သိမ်းခဲ့ပြီး မန္တလေးလူထုကြား စိုးရိမ်ထိတ်လန့်မှု မြင့်တက်လာ။ မန္တလေးမြို့ ၆ မြို့နယ်တွင် ည ၉ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ-၁၄၄ ထုတ်ပြန်။



ဇူလိုင် ၄ ရက် - ပုဒ်မ-၁၄၄ ထုတ်ပြန်သည့် နယ်မြေစာရင်းတွင် ပုသိမ်ကြီးမြို့နယ်ကိုပါ ထည့်သွင်းလိုက်ပြီး လူစုလူဝေးဖြင့် ဆူပူမူဖြစ်ပေါ်အောင် ပြုလုပ်ပါက ပစ်ခတ်နှိမ်နင်းသွားမည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိ။ ဆူပူအကြမ်းဖက်မှုတွင် သေဆုံးခဲ့သူ ကိုထွန်းထွန်း၏နာရေးတွင် ၎င်း၏ရုပ်အလောင်းကို ပုသိမ်ကြီးမြို့နယ်မှ သယ်ဆောင်ကာ ကျုံးတစ်ပတ်ပတ်ပြီး မန္တလေးမြို့ခံ သောင်းဂဏန်းခန့်က နိုင်ငံတော်သီချင်း သီဆိုကာ လိုက်ပါပို့ဆောင်။ ကိုထွန်းထွန်း၏ အသုဘအခမ်းအနား မန္တလေး အေးရိပ်ငြိမ်သုသာန်၌ ပြုလုပ်လုပ်နေစဉ် လူစုလူဝေးဖြင့် ဆူပူမှုဖြစ်ပေါ်ကာ အနီးရှိ အခြားဘာသာဝင်များ၏ သုသာန်အား မီးရှို့ဖျက်ဆီးမှု ဖြစ်ပွား။ ဓာတ်ပုံသတင်း ရိုက်ကူးသူများကို တုတ်၊ ဓား ကိုင်ဆောင်သူများက မရိုက်ရန် တားမြစ်။



ဆူပူအကြမ်းဖက်မှု ကောလာဟလများ ဆက်တိုက်ထွက်ပေါ်နေ၍ မန္တလေးမြို့ရှိ ဈေးများနှင့် ရှော့ပင်းမောများ မွန်းလွဲပိုင်းမှ စတင်ကာ အကုန်ပိတ်သိမ်း။








from Eleven Daily News http://ift.tt/1vOmwZR

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3