Skip to main content

မုန်တိုင်းများနှင့်ဆက်စပ်ပြီး မိုးများနေသည့်အတွက် မြန်မာနိုင်ငံ ဒေသအချို့တွင် ရေ...



မုန်တိုင်းများနှင့်ဆက်စပ်ပြီး မိုးများနေသည့်အတွက် မြန်မာနိုင်ငံ ဒေသအချို့တွင် ရေကြီးရေလျှံမှုများ၊ စိုက်ပျိုးမြေ ရေနစ်မှုများ စတင်ခံစားနေရပြီး မြေပြိုခြင်းဘေးအန္တရာယ်များပါ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထား



တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း ရမ်မာစံ (Rammasun) ၏ အရှိန်နှင့်ဆက်စပ်ပြီး ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ဒေသအများစုတွင် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး ဒေသအချို့တွင် ရေကြီးရေလျှံမှုများ၊ စိုက်ပျိုးထားသည့် လယ်စိုက်ခင်း ရေနစ်မြုပ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။ ထို့ပြင် မိုးကြီးမည့် အခြေအနေများကြောင့် ကမ်းရိုးတန်းဒေသများနှင့် ကုန်းမြင့်ဒေသအချို့တို့တွင် ရေကြီးခြင်း၊ မြေပြိုခြင်း ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ဂရုပြု သင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားသည်။



အလားတူ ဇူလိုင် ၁၈ နှင့် ၁၉ ရက်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြန်မာနိုင်ငံ အချို့ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားပြီး နေအိမ်များကိုစွန့်ခွာကာ ပြောင်းရွှေ့နေထိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။



သံတွဲမြို့တွင် ဇူလိုင် ၁၉ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သံတွဲမြစ်ရေသည် နံနက် ၉ နာရီအချိန်တွင် စိုးရိမ်ရေမှတ်အထက် ၅ ပေခန့်ကျော်လွန်ကာ ယင်းနေ့ညနေ ၆ နာရီ ၃ဝ မိနစ်တွင် ၇ ပေခန့်အထိ မြင့်တက်ခဲ့ကြောင်း၊ ဇူလိုင် ၂ဝ ရက်တွင် အဆိုပါမြစ်ရေသည် သံတွဲမြို့၏ စိုးရိမ်ရေမှတ်အတိုင်း ဆက်လက်တည်ရှိနေပြီး မြစ်ရေမြင့်တက်နိုင်မှု အခြေအနေများအား စောင့်ကြည့်နေရကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။



“သံတွဲမှာတော့ မြစ်ရေလျှံတာ ဖြစ်ခဲ့တယ်။ စခန်းတွေရှိတဲ့ နေရာလောက်ပဲ သတင်းဝင်လာတယ်။ စခန်းမရှိတဲ့ နေရာကတော့ သတင်းမရဘူး။ အဓိက,ကတော့ မြစ်ရေကြီးတာ မြန်မာနိုင်ငံအထက်ပိုင်းမှာ မိုးကောင်းမှ မြစ်ရေကြီးတာ ဖြစ်နိုင်တယ်။ ဒေသတွေမှာ မြစ်ရေကြီးရင်တော့ ခဏလေးပဲ တက်လာတာ၊ များသောအားဖြင့် ဩဂုတ်လနဲ့ စက်တင်ဘာလတွေမှာ အများဆုံးဖြစ်တယ်။ ဇူလိုင်လမှာတော့ မဖြစ်တာမဟုတ်ဘူး။ ဖြစ်ခဲ့တာလေးတွေ ရှိတယ်။ အဓိက,ကတော့ ဇွန်မတိုင်မီ ဧပြီ၊ မေတို့မှာ မြစ်က ရေခံကောင်းပြီး၊ ဇူလိုင်လမှာ မိုးကောင်းတဲ့အခြေအနေတွေကို ကြည့်ပြီးတော့ မြစ်ရေကြီးနိုင်တယ်။ အထက်ပိုင်းမှာ မိုးရွာသွန်းမှုက နည်းနည်းလေးနည်းနေတယ်။ ပူတာအို၊ မြစ်ကြီးနား၊ ခန္တီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ချင်းပြည်နယ်မှာက မိုးများမှ အောက်ပိုင်းတွေမှာ ရွာတဲ့မိုးနဲ့ မြစ်ရေကြီးမှုဖြစ်တာ၊ မြစ်ရေကြီးတာက မြို့တစ်မြို့မှာ ရေခံကောင်းနေရင် မြစ်ရေကြီးတာတွေ ဖြစ်ပွားတယ်။ ရေခံနည်းနေရင်တော့ မြစ်ကရေတက်လာတဲ့ အနေအထားလောက်ပဲ ရှိတယ်။ ဩဂုတ်နဲ့ စက်တင်ဘာက မြစ်ရေကြီးတာကို စောင့်ကြည့်ရမယ်” ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဇူလိုင် ၂ဝ ရက်က ပြောကြားသည်။



“ဇူလိုင် ၁၈ ရက်က တစ်နေ့လုံး မိုးရွာတယ်။ ညဘက်မှာလည်း မိုးကသဲသဲမဲမဲရွာတယ်။ ဒီနေ့ (ဇူလိုင် ၁၉) လည်းကျရော မနက် ၁ဝ နာရီလောက်မှာ ရေတွေတက်လာတယ်။ တစ်မြို့လုံးရေကြီးနေလို့ ရေလွတ်တဲ့နေရာတွေ ပြောင်းရွှေ့နေရတယ်။ စက်မှုလက်မှု သိပ္ပံကျောင်းက ဆရာမတွေလည်း စိုးရိမ်ပြီးတော့ ကျောင်းဆောင်တွေမှာ မနေနိုင်တော့ဘဲ သံတွဲမြို့ပြင်က အံတော်နားမှာ ရွှေ့နေရတယ်။ မြို့ထဲကလူတွေလည်း အဆင်ပြေမယ့်နေရာတွေ ရွှေ့နေရတယ်။ ဒါပေမဲ့ အခုရေကြီးနေတာက မနှစ်ကလောက်တော့ မဆိုးသေးဘူး” ဟု သံတွဲမြို့ခံတစ်ဦးက ဇူလိုင် ၁၉ ရက် ညပိုင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။



အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ရေဆိုင်ကုန်းကျေးရွာမှ ဒေသခံတစ်ဦးကလည်း “ဒီရက်ပိုင်းမိုးတွေ ဆက်တိုက်ရွာတော့ စိုက်ခင်းတွေရော ကြဲခင်းတွေရော အကုန်ရေနစ်ကုန်တယ်။ ရွာမှာ ရေကတာကျော်နေပြီ။ ဒီနေ့ (ဇူလိုင် ၂ဝ) တစ်နေ့လုံးနဲ့ ညသာဆက်ရွာရင် တစ်ရွာလုံး ရေမြုပ်ပြီ။ အခုတောင် ရေကတာကျော်နေပြီ” ဟု ပြောကြားသည်။



“၁၉ ရက်နေ့က တစ်နေ့လုံးမိုးရွာတယ်။ ည ၉ နာရီလောက်မှာ မိုးကြီးကြီးထပ်ရွာတော့ လမ်းတွေထဲမှာ ရေလျှံတယ်။ တချို့အိမ်တွေ ရေမြုပ်တယ်။ ရန်ကုန်မှာက မိုးကလေးညို့ခနဲဆိုတာနဲ့ တစ်မြို့လုံးရေကြီးပြီ” ဟု ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။ တိုင်ဖွန်းမုန်တိုင်း ရမ်မာစံသည် ဇူလိုင် ၁၆ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသို့ တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၁၂ဝ ဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး မုန်တိုင်းကြောင့် လူ ၁၃ ဦးသေဆုံးကာ လူဦးရေ ၃၅ဝ,ဝဝဝ ဝန်းကျင်သည် နေအိမ်များကို စွန့်ခွာခဲ့ရကြောင်း သိရသည်။



“မုန်တိုင်းရဲ့ အကြွင်းအကျန်တွေက မြန်မာနိုင်ငံဘက်ကို လာမှာမို့လို့ မြန်မာနိုင်ငံအောက်ပိုင်းတွေ မိုးကြီးနိုင်တယ်။ မုန်တိုင်းအကွင်းအကျန်တွေ ဗီယက်နမ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ပြီးတော့ မြန်မာနိုင်ငံကို ဖြတ်ကျော်မှာဖြစ်တယ်။ ဆိုးဆိုးရွားရွားကြီး လေပြင်းတိုက်တာတွေတော့ မရှိနိုင်ဘူး” ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။



တိုင်ဖွန်းမုန်တိုင်း ရမ်မာစံအရှိန်ကြောင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် နေရာအနှံ့အပြားတို့တွင် မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။



ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများသည် ဧပြီလ၊ မေလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ဖြစ်ပေါ်လေ့ရှိသည်။ မုတ်သုံလေရာသီ ကာလအတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် မုတ်သုံမုန်တိုင်းများ ဖြစ်ပေါ်တတ်ပြီး မိုးကြိုရာသီနှင့် မိုးလွန်ရာသီများတွင်ဖြစ်သော မုန်တိုင်းများသည် အဖျက်စွမ်းအားများ၍ ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။



မိုးရွာသွန်းမှု



မိုးလယ်၊ မိုးနှောင်းကာလများ၌ ဒေသတွင်းနိုင်ငံများတွင် မိုးရွာသွန်းမှု လျော့နည်းမည်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ပုံမှန်ရွာသွန်းမှုထက် ၄ဝ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်းထက် ပိုမိုရွာသွန်းကာ ဒေသအနှံ့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားထားသည်။ ရေကြီးနစ်မြုပ်နိုင်သည့် နေရာများသည် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် မွန်ပြည်နယ်တို့တွင် ဖြစ်ပွားနိုင်ကြောင်း နာဆာဂြိုဟ်တု၏ တိုင်းထွာချက်များအား Myanmar Climate Change Watch မှ ပြန်လည်ဖော်ပြထားသည်။



၂ဝ၁၄ ခုနှစ် ဇွန်လအတွင်း မိုးရွာသွန်းမှုများကြောင့် ဇွန် ၁၇ ရက်နေ့တွင် ကိုကိုးကျွန်းတွင် မိုးရေချိန် စံချိန်သစ်တင်ခဲ့ကြောင်း ယခင်စံချိန်ကျိုးခဲ့သည့်နှစ်မှာ ၂ဝဝ၂ ခုနှစ် ဇွန် ၅ ရက်နေ့ဖြစ်ကြောင်း၊ စံချိန်ဟောင်းမှာ ၁၉၅ မီလီမီတာ၊ လက်မအားဖြင့် ၇ ဒသမ ၆၈ လက်မရှိကြောင်း၊ ယခုစံချိန်သစ်မှာ ၂၇၇ မီလီမီတာ၊ လက်မအားဖြင့် ၁ဝ ဒသမ ၉၁ ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။



၂ဝ၁၃ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်အတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးရေချိန် စံချိန်သစ်တင်ခဲ့ကြောင်း၊ ရှမ်းပြည်နယ်ရှိ မိုင်းဆတ်မြို့တွင် ဇူလိုင် ၂၉ ရက်က ရွာသွန်းခဲ့သည့် မိုးရေချိန်စံချိန်သစ်မှာ ၅ ဒသမ ဝ၄ လက်မ (၁၂၈ မီလီမီတာ)ရှိပြီး ယခင်စံချိန်ဟောင်းမှာ ၅ လက်မရှိကြောင်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်လည်း စံချိန်သစ်တင် မိုးရွာသွန်းမှုကို ဇူလိုင် ၂၉ ရက်က ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ မိုးရေချိန် စံချိန်သစ်သည် ၁ဝ ဒသမ ၉၄ လက်မရှိကာ စံချိန်ဟောင်းမှာ ၁ဝ ဒသမ ၇၁ လက်မရှိပြီး ဇူလိုင် ၂၈ ရက်တွင် ရွာသွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



မြန်မာနိုင်ငံတွင် မိုးကောင်းခြင်းကြောင့် မိုးရွာသွန်းသည့်အပေါ် မူတည်ကာ မြစ်ရေကြီးမှု သဘာဝဘေးကို နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် ဒေသများတွင် ရေဘေးကို ရင်ဆိုင်ရလေ့ရှိကြောင်း၊ မိုးကောင်းခြင်း၊ ရေကြီးရေလျှံခြင်းတို့ကြောင့် လယ်ယာမြေများ ရေနစ်မြုပ်ခြင်းကို ၂ဝ၁၃ ခုနှစ်အတွင်းက ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ကြုံတွေ့ခဲ့ရသည်။



မြစ်ရေကြီးမှု



မြန်မာနိုင်ငံတွင် ဇွန်လကို မိုးဦးကာလ၊ ဇူလိုင်နှင့် ဩဂုတ်လများကို မိုးလယ်ကာလ၊ စက်တင်ဘာလကို မိုးနှောင်းကာလဟု ပိုင်းခြားသတ်မှတ်နိုင်ပြီး အများအားဖြင့် မြစ်ရေကြီးမှုများကို နှစ်စဉ်ကြုံတွေ့ရသည်မှာ မိုးလယ်ကာလနှင့် မိုးနှောင်းကာလတို့ဖြစ်သည်။ အထူးသဖြင့် ဩဂုတ်နှင့် စက်တင်ဘာလများသည် မြစ်ရေကြီးမှုဖြစ်စဉ် အများဆုံးဖြစ်ပွားသော ကာလဖြစ်ပြီး မြစ်ငယ်လေးများသည် အောက်တိုဘာလတွင် မြစ်ရေကြီးမှုများ ဖြစ်ပွားတတ်ကြောင်း သိရသည်။



လက်ရှိအခြေအနေတွင် ဖြစ်ပေါ်နေသည့် မြစ်ရေကြီးမှုများအား ၂ဝဝ၁ မှ ၂ဝ၁၄ လက်ရှိအချိန်ထိ ဖြစ်ပေါ်ခဲ့မှုများအား နှိုင်းယှဉ်ကြည့်ပါက မြစ်ရေကြီးနိုင်သည့် အနေအထားမှာ အနိမ့်ဆုံးအခြေအနေတွင် ရှိနေကြောင်း၊ ၂ဝဝ၄ ခုနှစ်က စိုးရိမ်ရေမှတ်အထိ ကျော်လွန်ကာ စံချိန်တင် မြစ်ရေကြီးခဲ့ကြောင်း သိရသည်။ မြစ်ရေခန့်မှန်းချက် ထုတ်ပေးသည့် မြစ်ကြီးရှစ်ခုရှိကြောင်း၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ဒုဌဝတီမြစ်၊ ငဝန်မြစ်၊ ပဲခူးမြစ်၊ ရွှေကျင်မြစ်၊ စခန်းပေါင်း ၃ဝ မှ မြစ်ရေခန့်မှန်းချက် ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ လက်ရှိရရှိထားသော အချက်အလက်များအရ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် မိုးများနေသည့်အတွက် မြစ်ရေတက်လာကြောင်း၊ ရွှေကျင်တွင် မြစ်ရေမှာ သုံးပေခန့်တက်လာကာ စိုးရိမ်ရေမှတ်ရောက်ရန် ၁ဝဝ စင်တီမီတာခန့်သာ လိုတော့ကြောင်း၊ ပဲခူးတွင် ဇူလိုင် ၁၉ ရက်က သုံးပေခန့်တက်လာကာ ၂ဝ ရက်နေ့တွင်လည်း တစ်ပေခွဲခန့် ထပ်မံမြင့်တက်လာကြောင်း၊ ဘားအံတွင် ၂ဝ ရက်နေ့ တိုင်းထွာချက်အရ နှစ်ပေခန့်တက်လာကာ စိုးရိမ်ရေမှတ်ရောက်ရန် ငါးပေခန့်သာ လိုတော့ကြောင်း သိရသည်။



၂ဝ၁၂ ခုနှစ်အတွင်း မိုးဦးကာလတွင် ဧရာဝတီမြစ်တွင် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ကသာမြို့တို့၌ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခြင်းကို ကြုံတွေ့ခဲ့ရသည်။ မိုးလယ်ကာလတွင်လည်း စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သံလွင်မြစ်ရေသည် ဘားအံမြို့တို့၌ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးကို ကျော်လွန်ခဲ့ကာ မြစ်ရေကြီးခြင်း သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။ ၂ဝ၁၃ ခုနှစ်တွင်လည်း မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများဖြစ်သည့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် အပါအဝင် မြစ်ကြီးမြစ်ငယ်များတွင် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိခဲ့သည်။



၂ဝ၁၄ ခုနှစ် ဇူလိုင်လအတွင်း ခန့်မှန်းချက်များအရ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေသည် အဆိုပါမြစ်များ၏ စိုးရိမ်ရေမှတ်ထက် အနည်းဆုံး တစ်ပေခန့်မှ အများဆုံး ရှစ်ပေခန့်အထိ မြင့်တက်နိုင်ကြောင်း၊ မြစ်ရေမြင့်တက်နိုင်မှု အခြေအနေများတွင် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင် ငါးပေမှ ခုနစ်ပေခန့်၊ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့တွင် လေးပေမှ ၆ ပေခန့်နှင့် ပခုက္ကူ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် တစ်ပေမှ သုံးပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။



မိုးလယ်ကာလတွင် မြစ်ရေကြီးနိုင်မှု အခြေအနေများ၌ ချင်းတွင်းမြစ်သည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ မော်လိုက်၊ ကလေးဝတို့တွင် တစ်ကြိမ်စီ၊ ဧရာဝတီမြစ်ရေသည် ကသာ၊ မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ညောင်ဦးနှင့် ဇလွန်မြို့များတွင် တစ်ကြိမ်ခန့်စီနှင့် ဟင်္သာတမြို့တွင် နှစ်ကြိမ်ခန့်၊ စစ်တောင်းမြစ်သည် တောင်ငူနှင့် မဒေါက်တွင် နှစ်ကြိမ်ခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အထက် အသီးသီး ကျော်လွန်နိုင်ကြောင်း သိရသည်။



စိုက်ပျိုးရေးဆိုင်ရာ မိုးလေ၀သ အချက်အလက်များ



၂ဝ၁၄ ခုနှစ် ဇူလိုင် ပထမ ၁ဝ ရက်ပတ်အတွင်း မိုးရွာသွန်းမှု အခြေအနေများမှာ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ပျမ်းမျှမိုးရေချိန်ခန့်သာ ရှိခဲ့ပြီး ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် ပျမ်းမျှမိုးရေချိန်တို့ထက် ပိုခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၏ မြို့ကြီးများတွင် ပျမ်းမျှမိုးရေချိန်တို့အောက် လျော့နည်းခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။



မြန်မာ့ရာသီဥတု



ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ရာသီဥတုဖောက်ပြန်မှု၏ သက်ရောက်ခြင်းကို အမြင့်မားဆုံး ကြုံတွေ့ရသည့် နိုင်ငံများ၌ မြန်မာနိုင်ငံ ပါဝင်နေကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။



မြန်မာနိုင်ငံ၏ သမိုင်းဝင်ရေကြီးမှုများ



၁၉၇၄ ခုနှစ် ဧရာဝတီမြစ်ရေကြီးမှု (မြို့နယ်ပေါင်း ၂၀)



၁၉၇၆ ခုနှစ် ချင်းတွင်းမြစ်ရေကြီးမှု (၁၈ မြို့နယ်)



၁၉၇၉ ခုနှစ် ဧရာဝတီမြစ်ရေကြီးမှု (၁၄ မြို့နယ်)



၁၉၉၁ ခုနှစ် ချင်းတွင်းမြစ်ရေကြီးမှု (၁၆ မြို့နယ်)



၁၉၉၇ ခုနှစ် စစ်တောင်းမြစ်ရေကြီးမှု (၁၉ မြို့နယ်)



၂၀၀၂ ခုနှစ် ချင်းတွင်းမြစ်ရေကြီးမှု (၁၅ မြို့နယ်)



၂၀၀၄ ခုနှစ် ဧရာဝတီမြစ်ရေကြီးမှု (၂၁ မြို့နယ်)





မုန်တိုင်းများနှင့်ဆက်စပ်ပြီး မိုးများနေသည့်အတွက် မြန်မာနိုင်ငံ ဒေသအချို့တွင်...

news-eleven.com

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း ရမ်မာစံ (Rammasun) ၏ အရှိန်နှင့်ဆက်စပ်ပြီး ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ဒေသအများစုတွင် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး ဒေသအချို့တွင် ရေကြီးရေလျှံမှုများ၊ စိုက်ပျိုးထားသည့် လယ်စိုက်ခင်း ရေနစ်မြုပ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။ ထို့ပြင…

from Eleven Media Group's Facebook Wall http://ift.tt/WnQ9GT

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3