ခေတ်သစ် မှော်ဆရာကြီးပုံပြင်
(ဆောင်းပါးရှင် - မောင်စံပေါ)
(၁)
သူငယ်ချင်းတွေ အများကြီးရှိပါတယ်။ အဲဒီအထဲမှာ တစ်ယောက်ကတော့ ထူးထူးခြားခြား အသိအကျွမ်းများ ဗဟုသုတကြွယ်နဲ့ ပေါက်ပေါက်ရောက်ရောက် ရှိသူပါ။ သူနဲ့တွေ့လို့ စကားပြောရင် တစ်ခုခုတော့ ရစမြဲပါ။ ဗဟုသုတပဲဖြစ်ဖြစ်၊ စဉ်းစားစရာပဲဖြစ်ဖြစ်၊ ဆင်ခြင်စရာပဲဖြစ်ဖြစ် ရပါတယ်။
(၂)
အဲဒီသူငယ်ချင်းက ဖုန်းဆက်လာပါတယ်။
“သူငယ်ချင်းအားလား”
“အားပါတယ်ကွာ”
“အားရင်တွေ့ရအောင်လေ”
“စကားလေးဘာလေး ပြောရအောင်”
ဒီစကားကြားကတည်းက သိလိုက်ပါပြီ။ သူ့မှာ ပြောစရာတစ်ခုခုတော့ ရှိနေပြီဆိုတာ။
“ဘာပြောစရာလဲကွ။ ဖုန်းထဲကပြောလည်း ရတာပဲမဟုတ်လား”
“ပူပူနွေးနွေး ဖြစ်သွားတာကွာ။ မျက်ရည်ကျရတဲ့ကိစ္စ။ ပြောစရာတွေ အများကြီးကွ”
“ဟုတ်ပါပြီ။ ဒါဆိုရင်လည်း ဆုံနေကျ လက်ဖက်ရည်ဆိုင်မှာပဲ တွေ့ကြတာပေါ့။ ငါအခုထွက်ခဲ့မယ်”
ဟုတ်တယ်လေ။ ကိုယ်က တစ်ခုခုရမယ့်လူ နောက်ကျနေလို့ ဘယ်ဖြစ်ပါ့မလဲ။
(၃)
ဆိုင်ရောက်တော့ သူငယ်ချင်းက ရောက်နှင့်နေပြီ။ ဒါနဲ့ လက်ဖက်ရည်မှာပြီး စကားဆက်ခဲ့တယ်။
“ဆိုပါဦး။ သူငယ်ချင်းပြောမယ့် အကြောင်း”
“အေးကွာ။ ငါလည်း ပြောရမှာတောင် စိတ်မကောင်းဘူး။ ကာယကံရှင်တွေဆို ဘယ်လောက်ခံစားရမလဲကွာ”
“အင်းပေါ့လေ။ နံဘေးကလူတွေတောင် တော်တော်ကြီး စိတ်မကောင်းဖြစ်ရတာ”
“ဒါပေါ့။ ဒါအတွက် ပြင်ဆင်ခဲ့ရတာ နှစ်တွေအကြာကြီး”။ နောက်ပြီး ကုန်လိုက်တဲ့ ပိုက်ဆံတွေကွာ။ နည်းလား။
ငြိမ်ပြီး ဆက်နားထောင်နေလိုက်တယ်။
“တိုင်းပြည်ကလည်း အဆင်ပြေလှတဲ့အချိန် မဟုတ်ဘူး။ တိုင်းသူပြည်သားတွေ ဆန္ဒပြကြတာက ရှိသေးတယ်ကွာ။ အဲဒီကြားထဲက ဖြစ်အောင်လုပ်ခဲ့တာကွ”
“တိုင်းပြည်က ဒုက္ခရောက်နေ၊ သဘောမတူသူတွေက အများကြီး။ နောက်ဆုံးတော့ တကယ်ဖြစ်ခဲ့တာပဲ”
“ဘာလဲဟ။ ဒီကောင့်နှယ် ပြောတာ ဘာကိုဆိုလိုနေပါလဲ”
(၄)
“ဒီလိုနဲ့ ကမ္ဘာ့ဖလားပွဲ ဖြစ်ခဲ့တာပေါ့ကွ။ ဘရာဇီးပြည်သူတွေမှာ တကယ်တမ်း ပြိုင်ပွဲရောက်တော့လည်း ခြိမ့်ခြိမ့်သဲသဲ အားပေးကြတာ။ စကိုလာရီကို နည်းပြခန့်ပြီး လူရွေးတာတွေမှာ အငြင်းပွားစရာ စောဒကတက်စရာတွေ ရှိခဲ့ပေမယ့် ညီညီညွတ်ညွတ်နဲ့ အားပေးခဲ့ကြတာ”
ဪ ကမ္ဘာ့ဖလားပွဲအိမ်ရှင် ဘရာဇီးအကြောင်းများ။
“ကိုယ့်အသင်းကိုကိုယ် အားမရတာတွေ ရှိပေမယ့် ဒီနှစ်ကမ္ဘာ့ဖလားတော့ ရတန်ကောင်းပါရဲ့ဆိုပြီး မျက်စိမှိတ် အားပေးခဲ့ကြတယ်။ တစ်စုံတစ်ရာသော အထောက်အကူ ဖြစ်ပါစေတော့ဆိုပြီး မှော်ဆရာကြီးတောင် မနေရဘူး။ အစီအစဉ်တွေလုပ်။ ပြိုင်ဘက်အသင်းရဲ့ ကစားသမားတွေကို ခြေကြိုးတုပ် မန်းမှုတ်နဲ့ကွာ”
“အေးပါကွာ။ ငါဖတ်ရပါတယ်။ ဒါပေမဲ့ ဆီမီးဖိုင်နယ်မှာ ဂျာမနီကို ၇-၁ ဂိုးနဲ့ ရှုံးခဲ့တယ် မဟုတ်လား။ ရှုံးလို့ပဲ ဒေါသတွေပေါက်ကွဲ၊ ကြိတ်မနိုင်ခဲမရဖြစ်၊ မျက်ရည်တွေ ပင်လယ်ဝေနဲ့ Rolling Stone ဂီတအဖွဲ့က ဦးဆောင်အဆိုတော် မစ်ခ်ဂျက်ဂါကိုတောင်မှ သူလာအားပေးလို့ ရှုံးရတယ်ဆိုပြီး ပြောသမို့လားကွာ။ ငနီပါလို့ လှေမှောက်တယ် ဆိုသဟာမျိုးပေါ့။ ဖိုးကံစိုး (Pefrio) ဆိုပြီးတော့ အမည်ပြောင်ပေးသေးတာ”
“ဖြည်းဖြည်းပြောပါ သူငယ်ချင်းရာ။ ဒါတွေ မင်းသိကြောင်း ငါသိပါတယ်။ ငါပြောချင်တာက မှော်ဆရာကြီး အကြောင်းကွ”
“ဘာမှော်ဆရာလဲ။ တော်ပါကွာ။ ရှုံးပြီးပြီ မဟုတ်လား”
“မဟုတ်ဘူးကွ။ သူ့မှော်ပညာအစွမ်းကြောင့် ဒီလောက်ဂိုးနဲ့ ရပ်သွားတာ။ နို့မဟုတ်ရင် 2 digit ဖြစ်သွားမှာတဲ့။
(၅)
အဲဒီ ဘရာဇီးက မှော်ဆရာကြီးအကြောင်းကြားတော့ ဒီကမှော်ဆရာကြီး ပုံပြင်ပြောချင်လာလို့ပါကွာ။ ကဲစပါစို့ရဲ့။
တစ်ခါတုန်းက မှော်ဆရာကြီးတစ်ယောက် ရှိသတဲ့။ အဲဒီမှော်ဆရာကြီးက သရဲတွေ မွေးသတဲ့။ စပါးလင်ပင်မှာ အညှီအဟောက် ရေတွေလောင်း၊ သားစိမ်းငါးစိမ်းတွေကျွေး မန်းမှုတ်ပြီးတော့ နေမှာပေါ့ကွာ။
အဲဒီလို သရဲတွေမွေးထားပြီး သရဲတွေကို ကျွေးထားတော့ သရဲတွေကလည်း သူခိုင်းရာလုပ်တာပေါ့။ ဘယ်သူ့ကို သွားဖမ်းစားလိုက်စမ်းဆိုရင် ဖမ်းစားလိုက်။ ဘယ်အိမ်ကကလေးကို ဖျားအောင်၊ နာအောင် လုပ်လိုက်စမ်းဆိုရင် သွားလုပ်လိုက်။ ဘယ်မိန်းမကို ကြောက်အောင်လန့်အောင် သွားခြောက်လိုက်စမ်းဆိုရင် ခြောက်လိုက်လှန့်လိုက်နဲ့ပေါ့။
(၆)
“တော်ပါတော့ သူငယ်ချင်းရာ။ ဒါကြီးက ငါကြားဖူးပြီးသားကြီးပါ။ သရဲတွေကို မှော်ဆရာကြီးက ဝအောင်မကျွေးနိုင်တဲ့ တစ်နေ့မှာ သရဲတွေက မှော်ဆရာကြီးကို ပြန်စားလိုက်တဲ့အကြောင်း မဟုတ်လား”
“မဟုတ်ဘူး သူငယ်ချင်း။ မင်းတို့ အဲဒါ ခက်တာပေါ့ကွာ။ စကားကိုဆုံးအောင် နားထောင်စမ်းပါဦး။ ကိုယ့်အသိ ဗဟုသုတလေး တစ်ထွာတစ်မိုက်လောက်နဲ့ ကြားတာ တစ်ခွန်းနှစ်ခွန်းကို လျှောက်သုံးသပ်၊ သေသေချာချာ မလေ့လာမစဉ်းစားဘဲ ဆုံးဖြတ်၊ ထင်ရာမြင်ရာတွေ လျှောက်လုပ်တတ်တဲ့ အကျင့်မျိုးတွေ ပြင်ပါသူငယ်ချင်းရာ။ ငါပြီးအောင် ဆက်ပြောပါရစေဦး”
(၇)
“အဲဒီမှော်ဆရာကြီးရဲ့ရွာမှာ သရဲတွေ အဆင်ပြေနေတယ်ဆိုတဲ့ သတင်းကို ရွာနီးချုပ်စပ်က သရဲတွေရော၊ ခပ်ဝေးဝေးက သရဲတွေရော ကြားကြသတဲ့”
“ဒါလည်း ဆန်းလှတဲ့ကိစ္စမှ မဟုတ်တာကွာ။ ပုရွက်ဆိတ်တွေတောင် သကြားရှိရာရှာပြီး လာတတ်ကြတာပဲ ဥစ္စာ”
“ဒါနဲ့ ရွာနီးချုပ်စပ်ကရော၊ တခြားအဝေးက ရွာတွေကရော သရဲတွေတပ်ချီပြီး အဲဒီ မှော်ဆရာကြီးရဲ့ရွာကို ရောက်လာကြတယ်။ ရွာခံသရဲတွေကလည်း ရောက်လာတဲ့ သရဲတွေက သူတို့ထက် အကောင်ကြီးပြီး အင်အားလည်းများတော့ သူတို့ခွဲတမ်းထဲကဖဲ့ပြီး ကျွေးရမွေးရတာပေါ့။ သရဲအသစ်တွေမှာ ငတ်နေတာကြာပြီဖြစ်တဲ့ အကောင်တွေလည်း အများကြီး ပါလာတာကိုး။ ဟိုကောင်တွေ ပူဇော်ပသတာလောက်က နံကြိုနံကြားတောင် မကပ်ဘူးတဲ့။ အဲဒါနဲ့ နောက်ဆုံးတော့ မှော်ဆရာကြီးကိုရော၊ မှော်ဆရာကြီးမွေးထားတဲ့ သရဲတွေကို စားပစ်လိုက်ကြသတဲ့။
“ဟေ့ကောင် ရွာသားတွေ ဘာဖြစ်သွားလဲ”
“မသိဘူးကွာ ပုံပြင်က ပြီးသွားပြီ”
“ဟိုသရဲတွေမှာရော။ အနောက်ကခိုင်းတဲ့ မှော်ဆရာကြီး ရှိသေးလား”
“ပုံပြင်ပြီးသွားပြီဆိုမှကွာ။ ပြန်မယ်”
ပုံပြောတဲ့သူငယ်ချင်း ပြန်သွားပါတယ်။ ဒါနဲ့ လက်ဖက်ရည်ဖိုးရှင်းပြီး ပြန်ခဲ့ပါတယ်။
from Eleven Media Group's Facebook Wall http://ift.tt/1sOXs52
Comments
Post a Comment