တောင်သူလယ်သမား နည်းဥပဒေ အလျင်အမြန် ပြဋ္ဌာန်းရန် ဆန်စပါး အသင်းချုပ် တိုက်တွန်း
ရန်ကုန်၊ ဇူလိုင် ၁၃
နည်းဥပဒေထွက်ရန် ကာလထက် ခြောက်လကျော် နောက်ကျနေသည့် တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးနှင့် အခွင့်အရေးမြှင့်တင်ရေး နည်းဥပဒေ အလျင်အမြန် ထွက်ရှိရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။
မြန်မာ့လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲမှု များစွာအနက် လက်တွေ့ လုပ်ဆောင်ရမည့် အချက်မှာ အဆိုပါ နည်းဥပဒေ အမြန်ဆုံး ထွက်ပေါ်ရန်သာ ဖြစ်ကြောင်း ၎င်းကဆိုသည်။
တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးနှင့် အခွင့်အရေး မြှင့်တင်ရေး ဥပဒေတွင် လုပ်ကွက်ငယ် လယ်သမားများ တိုးတက်ရေးဆိုင်ရာ အချက်များ ပါရှိပြီး နည်းဥပဒေအရ အကောင်အထည် ဖော်ပေးနိုင်ရန် လိုအပ်သည်ဟု ၎င်းကဆိုသည်။
အဆိုပါ နည်းဥပဒေ ထွက်ရှိရေးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ် အချို့သို့ အကြံပြုစာ ပေးပို့ထားကြောင်း လွတ်လပ်သော တောင်သူလယ်သမား အသင်းချုပ် ဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောကြားသည်။
“အကြံပြုစာမှာ စိုက်ပျိုးစရိတ် ချေးငွေ နှစ်ရှည်ချေးပေးဖို့၊ လယ်ယာလုပ်ငန်းခွင် ပြဿနာ ဖြေရှင်းပေးဖို့ဆိုတဲ့ အချက်မျိုးတွေ ပါတယ်” ဟု ၎င်းကဆိုသည်။
ဥပဒေတစ်ခုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး သုံးလအကြာ၌ အစိုးရအဖွဲ့က နည်းဥပဒေ ရေးဆွဲရမည် ဖြစ်သည်။
သို့သော်လည်း တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးနှင့် အခွင့်အရေး မြှင့်တင်ရေး ဥပဒေကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး တစ်နှစ်နီးပါး ကြာသည့်တိုင် နည်းဥပဒေ ထွက်ရှိလာခြင်း မရှိသေးပေ။
from The Voice Weekly's Facebook Wall http://ift.tt/1n1qUoU
Comments
Post a Comment