ခဲရာခဲဆစ်ကို ဇာတ်ဆရာရဲ့
(ဆောင်းပါးရှင် - ဖိုးလမင်း (ဆင်ဖြူကျွန်း))
ရှေးက ဇာတ်ကရာမှာ လူပြက်နဲ့ဇာတ်ဆရာတို့ အမွှမ်းတင်ပြောလေ့ရှိကြပါတယ်။ ဟုတ်တယ်လေ။ သူတို့ ပွဲကြည့်ပရိသတ်ကို သူတို့ဘယ်လိုခေတ်နဲ့အညီ ကြိုးစားဆောင်ရွက်ကြပုံပေါ့။ အဲဒီအချိန်လောက်မှာ ရှေ့ပိုင်း ဦးဇော်ဝိတ်လို ကာယဗလအားရှင်က ဖဲထုပ်တစ်ထုပ်လုံး ဖြဲကြတယ်။ ဦးလော်ပေါ်က ခြင်းလုံး ၁၀ လုံးလောက် ကစားပြပြီး ရွဲလုံးများကိုတောင် ရှေ့ပိုင်းအံ့မခန်း ကစားပြကြတယ်။ အဲ အဲ ခုခေတ်ပြောပါတော့။ ပြည်သူတွေရဲ့ဆန္ဒကို ဖော်ပြတဲ့ လူပြက်များအတွက်နဲ့ အငြိမ့်တွေပျက်၊ ဇာတ်တွေပျက်ကြ ပါပြီကောလား။ ချီးကျူးထိုက်ပါပေတယ်။ ထောင်ကျခံပြီးတောင် တာဝန်ကျေကြပါတယ်။ ရှေးက မြို့တိုင်းရွာတိုင်းမှာရှိတဲ့ဇာတ်တွေ ခုဘယ်ရောက်ကုန်မှန်းမသိ။ အငြိမ့်ရာကျော်ရှိတဲ့ မန္တလေးမှာ ၁၀ ဂဏန်းမပြည့် တပြည့်ရှိတော့တာကလား။
ပြင်ဟယ်ပြင်ဟယ်နဲ့ အာဃာတမကင်း၊ သမိုင်းအသိနဲ့ မေမြို့က ပြင်ဦးလွင်ဖြစ်၊ နှုတ်ကျိုးပြီး ဘားမားကို မြန်မာလုပ်တယ်။ တကယ်ခေတ်နဲ့အညီ ကမ္ဘာသုံးဖြစ်ကြရမှာက မိုင်တွေ ကီလိုမီတာ၊ ပေါင်တွေ ကီလို၊ ဂါလန်တွေ လီတာ လုပ်သင့်တာအများသား။ လစာထုတ်ရာ ခေါင်းကပ်မလို ရေးချမလို။ ၁၅ ပြားတန်ဆိုပေမယ့် ခက်ခက်ခဲခဲ ၁ိ/- ပေးကြရ။ လစာတွေ အဆပေါင်းများစွာတိုးပေးပြီး ဒါလေးများ ဖျက်လိုက်ပါလားဗျာ။
ပြည်သူအများ တကယ်ခက်ခက်ခဲခဲ ဖြစ်နေကြတာတွေက ဒုနဲ့ဒေးပါ။ ဆရာကြီးများ ဘာမဆိုလွယ်မှာပေါ့ဗျာ။ သက်တမ်းတိုးလိုင်စင်လည်း ခဲရာခဲဆစ်ဆရာရေ့။ ဥပမာ ကားလိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ အိမ်ဂရန်၊ သေသေချာချာစစ်ဆေး အထောက်အထားတွေနဲ့ လိုင်စင်ဂရန် လုပ်ပေးတာကလား။ သက်တမ်းတိုးတာ ဘာအထောက်အထား ထောက်ခံစာလိုမလဲ။ သက်တမ်းတိုးဖို့ ခဲရာခဲဆစ်လုပ်ရတာ ဘာကြောင့်လဲ။ ကားလိုင်စင်၊ ဓာတ်ပုံပြန်ရိုက်ခိုင်း။ စက်မှုဇုန်ကားတွေ အမိုးဖြုတ်၊ လုပ်ပြီးသားရှိပြီးသား သက်တမ်းတိုးပေးဖို့ ဘာမှမခက်။ အဲ အိမ်ဂရန်သက်တမ်းတိုးဖို့ကတော့ တန်ဖိုးကြီးလေ ကုန်လေပါပဲဗျာ။
ကမ္ဘာနဲ့အ၀န်း လာဘ်ပေးလာဘ်ယူကိစ္စ အော်နေကြတယ်။ တကယ်လုပ်ချင်ရင် လုပ်ချလိုက်ကြတာပဲလေ။ တရုတ်ပြည်များ ဘယ်လောက်များသလဲမသိ။ သေဒဏ်အထိ ကြားနေရပြီ။ နိုင်ငံခေါင်းဆောင်ကြီးများ ရာထူးထွက်ပြီး ဒီအမှုတွေကမနေဘူး။ လိုက်တာပဲ။
စာရေးသူတစ်ခါက ဇနီးသည် မကျန်းမာလို့ ရန်ကုန်ဆေးရုံမှာ အတော်ကြာကုခဲ့ရတယ်။ ပြန်ဆင်းတော့ အပေါင်းအသင်းများ အကူအညီနဲ့ အထူးတန်းနှစ်တွဲနဲ့ ပြန်ဖို့စီစဉ်ခဲ့တယ်။ ဒါပေမဲ့ အရေးကြီးပုဂ္ဂိလ်ကိစ္စဆိုပြီး ထွက်ခါနီးတွဲ မရတော့ဘူးဆိုတယ်။ မနည်းတစ်တွဲရအောင်လုပ်ပြီး ပြန်ခဲ့ကြရတယ်။ အပြန်လမ်းမှာ အထူးပုဂ္ဂိုလ်ဆိုတဲ့အခန်းတွေမှာ ယူနီဖောင်းပုဂ္ဂိုလ်နှစ်ဦးနဲ့ လက်ဆောင်ပစ္စည်းတွေ၊ တောင်းတွေ၊ သေတ္တာတွေစုံလို့။ နာမည်ရေးထိုးထားတဲ့ ပစ္စည်းမျိုးစုံ တွဲထဲအပြည့်ပါပဲကလား။ လမ်းခရီးတစ်ဝက်လောက်က ဘူတာမှာဆင်းတော့ ကားစိမ်းကြီးနှစ်စီးနဲ့ လူတချို့ လာသယ်သွားကြတယ်။ သိရတာကတော့ ကန်တော့ခံပွဲပါပဲ။ ကုမ္ပဏီဌာနစုံက လူကြီးပွဲတချို့မှာ ထုံးစံအတိုင်းရတဲ့ ကန်တော့ပွဲတွေ ဖြစ်ပါတယ်။ ဒါ အစဉ်အလာတစ်ခုပေါ့။
အမြော်အမြင်ကြီးကြီးနဲ့တော့ ခေတ်ပြောင်းခေါင်းဆောင်ကြီးများ တတ်သမျှ လုပ်ကြပါတယ်။ ပြင်ဦးလွင် တောင်ပေါ်အပန်းဖြေမြို့။ နိုင်ငံခြားတွေ အကြိမ်ကြိမ်ရောက်ခဲ့တော့ တပည့်ကြီးများ သစ်ပင်စိုက်အမိန့် အကြီးအကျယ်ပေးကြတယ်။ တပည့်တွေကလည်း လူတော်တွေဆိုတော့ တစ်မြို့လုံး တွေ့ကရအပင်တွေစိုက်၊ တစ်ခါတစ်ရံဆို အိမ်တွေ ဘယ်နှပင်စိုက်ရမယ်။ မစိုက်ရင် ဒဏ်ငွေသောင်းချီ အမိန့်ထုတ်။ ဟုတ်ဟုတ်လေသေးတော့ အမိန့်က မတိကျမမှန်တော့။ ဖြစ်ချင်တာက ပန်းမြို့တော်။ ဖြစ်လာတာကတော့ တော။ သစ်ရိုင်း၊ သစ်ပွ သုံးမရတဲ့ တောတွေ။ တစ်လမ်းတစ်လမ်း သစ်ပင် ၁၅ မျိုး။ နှစ်ကလေးရ၊ တောလေးထလာကြတော့ လေပြင်းတိုက်ရင် မိုးသည်းရင် ကျိုးကြ၊ လဲကြတော့တာကလား။ ဖြစ်ပြီပေါ့။ မီးပြတ်၊ ဖုန်းပြတ် မကြာခဏ။ တစ်ခါက လုပ်သားတွေ တောပင်တွေလှဲမိလို့ ထောင်ချမယ်လုပ်လို့ မနည်းတောင်းပန်ကြရဆိုပဲ။ ခဲရာခဲဆစ် ကောင်းလိုက်တဲ့ပညာရှိကြီးများ အမိန့်။
ခေါင်းဆောင်ကြီးတွေ တကယ်ပါပဲ။ အံ့သြလောက်အောင် ပြဿနာရှင်းတတ်ပါရဲ့။ စီးပွားရေးအခက်အခဲရှိလိုက် ပြည်သူပိုင်သိမ်းလိုက်၊ ငွေစက္ကူတွေ ဖျက်လိုက်။ ချက်ချင်း ဖြေရှင်းနိုင်တာပဲ။ ကျောင်းသားတွေ ဆူလိုက်၊ ကျောင်းတွေ ပိတ်လိုက်၊ ဆူဦးမလားမေး၊ ထောင်တွေချလိုက် ငြိမ်ပိသွားခဲ့ကြမဟုတ်လား။ ဆူဖို့တော့မကြံနဲ့ ဘုန်းကြီးလည်း မသက်သာကြပါဘူး။ ကြွေးတွမဆပ်နိုင်တော့ လိုက်အလှူခံလိုက်၊ ကံကလိုက်တော့ ဟုတ်တုတ်တုတ်နဲ့ လုပ်နေကြတယ်လေ။ ခုထိတော့ ခြေမကိုင်မိ လက်မကိုင်မိတော့ ဖြစ်ပုံမရသေး။
ခဲရာခဲဆစ်ကလေးတွေတော့ ရှင်းနိုင်သေးမဟုတ်လား။ ဒါပေမဲ့ ခုချိန်မှာတော့ ရှားရှားပါးပါး ကိုယ့်လူကိုစပြီး သိန်းတစ်ရာလောက်နဲ့ပြပြီး ဖမ်းခဲ့ကြရရှာပါပြီ။ အပြတ်ရှင်းမှာလား။ ဒီလမ်း၊ ဒီစခန်း ဆက်ပြီးသွားကြမှာလားကတော့ မသိသေး။ ထူးထူးခြားခြား ဒီတစ်ချိန်မှာက ကိုယ့်ကိုပတ်ကြမှာမို့ ရှင်းတာလား ဒီအမျိုးတွေ တကယ်ရှင်းတော့မှာလား။ ရှေ့ဆက် ဘယ်လိုရှင်းမလဲဆိုတာကတော့ စောင့်ကြည့်ကြရဦးမှာပါပဲလေ။ ခဲရာခဲဆစ်တွေကို ဆရာတို့ရဲ့။
ကိုယ့်နိုင်ငံအခြေအနေအရလည်း တကယ်ပဲ အရေးကြီးလာနေပါပြီ။ အနောက်ဘက်ကတစ်မျိုး။ လူအင်အားတွေအဆမတန်ကြီး ပေါက်ကွဲခမန်းကြီး။ တရုတ်ပြည်က တံတိုင်းကြီးမျိုး တကယ်လုပ်နိုင်ရင်တော့ အကောင်းသား။ ကိုယ့်ဆရာလေးတို့ကလည်း အားမကိုးရတော့ ခဲရာခဲဆစ်ပဲ ဆရာတို့ရေ။ ၁၉၅၀ ခုနှစ်လောက်ကစခဲ့တဲ့ မှတ်ပုံတင် တိုင်းပြည်တစ်ဝက် ခုထိမပြီးသေး။ စည်းကမ်းနည်းလမ်းတွေ အမျိုးမျိုးလုပ်နေကြတာပဲကလား။ မြေမျိုလို့ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်နိုင်တာဗျ။ လုပ်ကြပါရဲ့ တကယ်မှတ်ပုံတင် အတော်များများရနေကြ တာက ကိုယ့်နိုင်ငံစကားမပြောတတ်သူတွေ ဆိုပဲ။ အဲဒါတွေရှာပြီး ပြန်စစ်ဖို့ဆိုတာလည်း ခက်ခဲလှတာက မဖြစ်နိုင်သလောက်ပဲတဲ့။ စည်းကမ်းတွေ တစ်မျိုးပြီးတစ်မျိုး မရိုးအောင် ထုတ်လုပ်ကြပါတယ်တဲ့။ အဲဒီတော့ ကိုယ့်အမျိုးသားစစ်စစ်တို့ ရပြီးသားမှတ်ပုံတင်ကတ် ပျောက်ရင်၊ ပျက်ရင်ကအစ ပြင်ဖို့ရာ ခက်သထက်ခက်၊ အသစ်လုပ်ရတာထက် ခက်ပါတယ်တဲ့ဗျာ။ မှတ်ပုံတင်ကိစ္စ ခုအခါမှာ တိုင်းရေးပြည်ရေး အခက်အခဲအရေးကြီးဆုံး ဖြစ်နေတယ်မဟုတ်လား။ ပျောက်လို့ပျက်လို့ဆိုလည်း မှတ်တမ်းရှိပြီးသားပါ။
ဒီအတိုင်း ဓာတ်ပုံနဲ့ ပြန်လုပ်ပေးဖို့မှာတော့ ဒီလောက်ကြီးခက်ခဲမယ် မထင်ပါဘူး။ နောက်ဆုံး ဥပဒေစည်းကမ်းတစ်ခုက ငါးဦးကော်မတီထောက်ခံချက်တဲ့ဗျာ။ ဘယ်သူတွေလဲဆိုတော့ ရပ်ကွက်၊ ရဲစခန်း၊ ကျန်းမာရေး၊ စီမံကိန်းနဲ့ လ.၀.ကတို့ပါပဲတဲ့။ ကော်မတီအားလုံးရှေ့ မှာလည်း စစ်မှာမဟုတ်နိုင်ပါဘူး။ တစ်ဦး၊ တစ်ဌာနချင်း၊ ထောက်ခံချက်နဲ့ ယူပြီးတင်လည်းရဆိုပဲ။ ဒီလို ထောက်ခံချက်တောင်းဖို့က လွယ်မှလွယ်ပါ။ သူတို့က ဘာတာဝန်ခံရမှာလဲ။ တကယ်တော့ ပေးဖို့အတွက် အကာအကွယ်ဖြစ်များနေသလားဆိုရမှာပါပဲ။ ဒီလို (Save-Side) ယူတာတွေကို မဖြစ်သင့်ပါဘူး။ တစ်ချိန်က ဗိုလ်မှူးကြီးတစ်ယောက် ပင်စင်ဘဏ်မှာသွားထုတ်တော့ အသက်ရှင်လျက်ရှိကြောင်း ရဲစခန်းမှ ထောက်ခံစာမပါလို့ ဘဏ်ကငြင်းဆိုပဲ။ ဗိုလ်မှူးကြီးက ငါကိုယ်တိုင်လာတာ အသက်ရှင်ကြောင်းထောက်ခံဖို့ လိုသေးသလားဆိုတော့။ ပုံစံမှာ ဒီအတိုင်းဆိုထားလို့ ပုံစံမပြည့်ရင် ထုတ်မပေးနိုင်ဘူးလို့ ငြင်းတယ်တဲ့။ မလိုအပ်ဘဲ ခက်ခဲအောင် အကာအကွယ်ယူတဲ့ စည်းကမ်းတွေကိုလည်း မလုပ်သင့် မရှိသင့်ပါဘူး။
မှတ်ပုံတင် တကယ်လုပ်ပေးစေချင်ရင် တောရွာတွေ၊ ရပ်ကွက်တွေ သင့်တော်တဲ့အဖွဲ့နဲ့ တကယ်သွားလုပ်ရင် တစ်ထိုင်တည်း တစ်ရပ်ကွက်လုံး၊ တစ်ရွာလုံး ပြီးမှာပါပဲ။ ကိုယ့်လူမျိုးရုပ်၊ အသံ၊ ရွာကအားလုံးသိ ဘာစည်းကမ်းမှ ဘာဥပဒေမှ မလို၊ ပြီးနိုင်မှာပါ။ ခုတော့ ခဲရာခဲဆစ် လုပ်ကြလေဦးဗျာတို့။ ဘယ်လိုအကျိုးထူးရသလဲတော့ မဆိုနိုင်ဘူး။
တစ်ခါက ရွာတစ်ရွာမှာ တိရစ္ဆာန်ကောင်တွေရောဂါကျလို့ လိုက်သုတ်သင်ကြဆိုပဲ။ သူတို့လည်းကြောက်တော့ ပုန်းကြပေါ့။ အများအပြားရှာမရနိုင်တော့ နည်းလမ်းရှာကြတယ်။ အဲဒီမှာ ကြေးစည်ထုတာကလား။ မနေနိုင်ဘူး၊ အူကြတော့တယ်။ အားလုံးပေါ်ပြီးမိတော့တာပဲ။ တစ်ချိန်မှာ ဒီနည်းမျိုးနဲ့ မသူတော်တွေ၊ အန္တရာယ်ပေးမယ့်သူတွေ အူမယ့်ဖော်မယ့်နည်း ပေါ်ပါစေတော့။ ခဲရာခဲဆစ် ကလေးတွေပဲ ဗျာတို့။
(ဒလ - ပန်းဆိုးတန်း ကူးတို့ရေယာဉ်စီးရန် စောင့်ဆိုင်းနေသော ဒလဒေသခံများအား တွေ့ရစဉ်)
from Eleven Media Group's Facebook Wall http://ift.tt/1whLukA
Comments
Post a Comment