Skip to main content

သစ္စာဖောက်ဦးစောအဖွဲ့က ဗိုလ်ချုပ်တို့ကို ဘယ်လိုလုပ်ကြံခဲ့ကြသလဲ (ဆောင်းပါးရှင် -...



သစ္စာဖောက်ဦးစောအဖွဲ့က ဗိုလ်ချုပ်တို့ကို ဘယ်လိုလုပ်ကြံခဲ့ကြသလဲ



(ဆောင်းပါးရှင် - နီငြိမ်း (အညာတက္ကသိုလ်))



အာဇာနည်နေ့မတိုင်မီ ဗမာပြည်



၂၀၁၄ ခု ဇူလိုင် ၁၉ ရက်မှာ (၆၇) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ ဇူလိုင်မိုးနှင့်အတူ ကျဆုံးသွားရှာသော အာဇာနည်ကြီးများကို ယနေ့တိုင် မမေ့နိုင်သေးသဖြင့် ဤဆောင်းပါးကို ရေးသားတင်ပြရပါသည်။



၁၉၄၅ ခုနှစ် မတ် ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်၍ ဖက်ဆစ်များကို တော်လှန်တိုက်ထုတ်ခဲ့သည်။ ဂျပန်များ ထွက်ခွာသွားသောအခါ ဗြိတိသျှတပ်များ ပြန်ဝင်လာသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးကို စစ်အုပ်ချုပ်ရေးဖြင့် ကိုင်တွယ်ခဲ့သည်။ မြန်မာတစ်မျိုးသားလုံးက မကျေနပ်၍ ဆန္ဒပြသောအခါ ၁၅-၁၀-၁၉၄၅ ရက်တွင် စစ်အုပ်ချုပ်ရေး ရပ်စဲသွားသည်။



သို့တစေ နယ်ချဲ့တို့သည် ဆင်းမလားစီမံကိန်းခေါ် စက္ကူဖြူစာတန်းကို ရေးဆွဲကာ ဗမာပြည်ကိုကြိုးကိုင်ရန် အားထုတ်ခဲ့ပြန်သည်။ ထိုစက္ကူဖြူစီမံကိန်းကိုလည်း တိုင်းရင်းသားပေါင်းစုံက ဆန့်ကျင်ဆန္ဒပြခဲ့ကြ၏။ ၁၉၄၆ ခုနှစ် ဇွန်လတွင် လူထုတစ်သိန်းကျော်က သပိတ်မှောက်ခဲ့ရာ ဆာလ်ရယ်ဂျီနယ်က ရက်ဒေါက်အစိုးရ ပြုတ်ကျသွား၏။ သို့နှင့် ဆာဟူးဘတ်ရန့်စ် တက်လာသည်။



၁၉၄၇ ခုနှစ် ဇန်န၀ါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးတင်ထွတ်၊ ဦးစောနှင့် သခင်ဗစိန်တို့ အင်္ဂလန်သို့ထွက်ခဲ့၍ လွတ်လပ်ရေးစကား ပြောကြသည်။ လွတ်လပ်ရေးအကြိုကာလတွင် အောင်ဆန်းအက်တလီစာချုပ်ကို ချုပ်ဆိုကာ ဗမာပြည်ပြန်လာကြသည်။ ထို့နောက် တောင်တန်း၊ မြေပြန့် ခရီးဆန့်ကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ၁၉၄၇ ခုဖေဖော်ဝါရီ ၁ ရက်တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။



ထို့နောက် ဧပြီလတွင် တိုင်းပြုပြည်ပြု ရွေးကောက်ပွဲကျင်းပရာ ဖဆပလအဖွဲ့က အပြတ်အသတ် အနိုင်ရရှိခဲ့လေသည်။ ၁၆-၆-၁၉၄၇ တွင် လွှတ်တော်အစည်းအဝေးကြီး ကျင်းပကာ ဗိုလ်ချုပ်က လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။ တစ်နှစ်အတွင်း လွတ်လပ်ရေးရတော့မည်မှာ သေချာနေရာ တိုင်းရင်းသားပေါင်းစုံက ဗိုလ်ချုပ်ကို ထောက်ခံခဲ့သည်။



ဦးစောတို့ပါတီ လှုပ်ရှားလာပြီ



ဦးစောသည် နိုင်ငံရေးအာဏာရယူရန် ရည်ရွယ်ချက်ကြီးစွာဖြင့် ဂဠုန်တပ်ဖွဲ့များကို အနယ်နယ်အရပ်ရပ်၌ ဖွဲ့စည်းလှုပ်ရှားခဲ့သည်။ သို့အတွက် သူ့ကို ဂဠုန်ဦးစောဟု အမည်ပေးခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ ဗိုလ်ချုပ်နှင့် ဦးနုအဖွဲ့များကို ဖယ်ရှားကာ အင်္ဂလိပ်အားကိုးဖြင့် နိုင်ငံတော်ကို ထိန်းသိမ်းအုပ်ချုပ်ရန်ပင်ဖြစ်သည်။



သို့နှင့် ဦးစောအဖွဲ့သည် ဇွန် ၂၄ ရက်တွင် ဗိုလ်တထောင် ပင်မခဲယမ်းမီးကျောက်တပ်မှ ဘရင်းဂန်းအလက် ၂၀၀၊ ပြောင်းပို ၂၀၀၊ တော်မီဂန်း၊ စတင်းဂန်းများ၊ ကိုးမမကျည်နှင့် ၃၀၃ ကျည်များစွာထုတ်ယူရာ လက်နက်တိုက်အရာရှိ ကပ္ပတိန်ဗွီဗွီရန်းက AD ဒေးဗစ်ဟူသော လက်မှတ်တုထိုး၍ ထုတ်ပေးခဲ့ပါသည်။ ဦးစောသည် လက်နက်အချို့ကို AD လမ်းနေ အိမ်ခြံဝင်းအတွင်း ၀ှက်ထားကာ လက်နက်ခဲယမ်း အတော်များများကို နယ်သို့ ခွဲဝေပို့ပေးခဲ့သည်။ (ရည်ရွယ်ချက်မှာ သူ့အစိုးရတက်လာလျှင် လုံခြုံရေးလုပ်ရန် ဖြစ်၏။)



ဦးစောကိုယ်တိုင် လုပ်ကြံရန် စီစဉ်ခြင်း



ဦးစောသည် AD လမ်း သူ့ခြံထဲ၌ လုပ်ကြံရန် တာဝန်ပေးထားသူများကို စုစည်းထားသည်။ ဘယ်မှထွက်ခွင့်မပေးဘဲ အိမ်ထဲ၌ ပျော်အောင်ထားသည်။ လက်နက်များဖြုတ်တပ်ခြင်း၊ ပစ်ခတ်ခြင်းများ လေ့ကျင့်ကြ၏။ စိန်ကြီး မောင်စိုးတို့အဖွဲ့အတွက် စစ်ယူနီဖောင်းများချုပ်ကာ အမှတ် (၁၂) တပ်မတော် (Twelve army) ပခုံးတံဆိပ်များ တပ်ဆင်ပေးခဲ့သည်။ စစ်ဖိနပ်က လေးသဖြင့် ကင်းပတ်ဖိနပ်များ စီးစေသည်။



၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်



တစ်မနက်လုံး မိုးရွာနေသည်။ ဖွဲလိုက်၊ သည်းလိုက် မိုးရွာနေစဉ် ရန်ကုန်လူထုက ဘာမျှမသိ သွားလာနေကြသည်။ ဦးစောက သူ့လူများကို သေသေချာချာလုပ်ရန် အကြိမ်ကြိမ်မှာသည်။ ရဲဆေးတင်သည့် အနေဖြင့် နိုင်ငံခြားအရက်များတိုက်ကာ ဂျစ်ကားအမှတ် AC 1814 ပေါ်တင်လွှတ်လိုက်သည်။ ကားကို သုခကမောင်းသည်။ ကားပေါ်တွင် စိန်ကြီး၊ မောင်စိုး၊ သက်နှင်း၊ ရန်ကြီးအောင်တို့ မောင်းပြန်လက်နက်များကိုင်၍ လိုက်ပါသွားကြသည်။



ဝန်ကြီးရုံး အစည်းအဝေးပွဲချိန်ကို နံနက် ၁၀ နာရီ ၁၀ မိနစ် သတ်မှတ်ထားသည်။ လူမစုံသေး၍ စောင့်နေရသည်။



မောင်စိုးတို့ဂျစ်ကားသည် နံနက် ၁၀ နာရီထိုးလုနီးတွင် ဦးစောအိမ်မှ ထွက်လာခဲ့ရာ ၁၀ နာရီ မိနစ် ၂၀ လောက်တွင် အတွင်းဝန်ရုံးသို့ရောက်သည်။ စက်မသတ်ဘဲ စက်ရှိန်လျှော့ထားစဉ် မောင်စိုး၊ သက်နှင်းတို့လေးဦး ကားပေါ်မှခုန်ဆင်းသွားသည်။ ဗိုလ်ချုပ်တို့ အစည်းအဝေးလုပ်နေသော ခန်းမဆီ တက်သွားသည်။



အစည်းအဝေးခန်းမထဲတွင် ကျွန်းစားပွဲအရှည်ကြီး နှစ်လုံးကို ပစောက်ပုံခင်းထားရာ ဗိုလ်ချုပ်က ထိပ်မှထိုင်သည်။ လက်ဝဲလက်ယာ စားပွဲများတွင် ၀န်ကြီးများ ခွဲထိုင်နေသည်။ အစည်းအဝေး စလျှင်စချင်း ဦးစောအဖွဲ့ လက်နက်များခိုးထုတ်မှုကို ဆွေးနွေးနေသည်။



ထိုစဉ် မောင်စိုးဦးဆောင်၍ လူသတ်သမားများ ဗိုလ်ချုပ်အခန်းဝ ရောက်လာကြသည်။ အခန်းစောင့်ရဲဘော်က (မ၀င်နဲ့ဟုတားရာ မောင်စိုးက လက်ဖြင့်တွန်းဖယ်ပြီး တံခါးကြီးကို ခြေဖြင့်ကန်ဖွင့်လိုက်သည်။ အတွင်းသို့ရောက်လျှင် နောက်မှပါလာသော ရန်ကြီးအောင်က (ပစ်၊ ပစ်ဟုအော်ပြောရာ)မောင်စိုးက ဗိုလ်ချုပ်တို့ကို တရစပ် ဒူးထောက်ပစ်သည်။ ရန်ကြီးအောင်ကလည်း ပစ်သည်။ ဗိုလ်ချုပ်က လက်ကာပြီး (ဟေ့... ဟေ့ နေကြဦး) ဟု ပြောနေစဉ်မှာပင် သူ့ကိုယ်တွင်း ကျည်ဆန် ၁၃ တောင့်ဝင်သွားသည်။ ဗိုလ်ချုပ်လည်း ကိုယ်ကိုမထိန်းနိုင်ဘဲ လူရော၊ ကုလားထိုင်ကြီးပါ နောက်လှန်သွားသည်။



ဗိုလ်ချုပ်တို့ အပစ်ခံရချိန်မှာ ၁၀ နာရီ ၃၇ မိနစ်အချိန်ဖြစ်၏။ ဗိုလ်ချုပ်နှင့်အတူ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဗိုလ်ချုပ်အစ်ကိုကြီး ဦးဘ၀င်း၊ စော်ဘွားကြီးစ၀်စံထွန်း၊ ဦးရာဇာတ်၊ မန်းဘခိုင်၊ ခေါင်းဆောင်ကြီး ခုနစ်ဦးနှင့်အတူ အတွင်းဝန်ဦးအုန်းမောင်၊ သက်တော်စောင့်ကိုထွေးတို့ကိုးဦး တစ်ကြိမ်တည်း ကျဆုံးကြပါသည်။



ဗိုလ်ချုပ်တို့လုပ်ကြံမှုတွင် အင်္ဂလိပ်များလည်း ပါသည်။ ထိုလုပ်ကြံမှုကို လေ့လာရန် အတွင်းဝန်ရုံးအောက်ထပ်၌ COD ရုံးခန်းတွင် တောင်ပိုင်းတိုင်းမှူး ဒီယားနက်စ်နှင့် ထောက်လှမ်းရေးမှူး ဘရီးကားရီးယားတို့ ရှိနေသည်။ ပစ်ခတ်သံများကြားမှ အတွင်းဝန်ရုံးက ကားစီး၍ ထွက်ပြေးသည်။



ဦးစောအဖွဲ့ ဖမ်းပြီ



လုပ်ကြံသူများသည် ဗိုလ်ချုပ်တို့အဖွဲ့ကိုပစ်ခတ်ပြီး သူတို့စီးလာသောကားပေါ် ပြန်တက်ကာ ဦးစောအိမ်ဘက် မောင်းထွက်သွားကြသည်။ ဦးစောက သတင်းသိချင်၍ စောင့်နေသည်။ အောင်ပြီ...အောင်ပြီ ဟု မောင်စိုးနှင့် သက်နှင်းတို့က အော်ဟစ်ကြသည်။ ဦးစောက ဣနြေ္ဒမပျက်နေကြရန် သူ့တပည့်များကို သတိပေးသည်။



ထိုနေ့ညနေ ၃ နာရီခွဲတွင် လုံခြုံရေးရဲများ ဦးစောအိမ်သို့ရောက်လာပြီး တစ်ခြံလုံးကို ၀ိုင်းထားလိုက်ကြသည်။ တစ်အိမ်လုံး မြေလှန်ရှာဖွေပြီး လက်နက်ခဲယမ်း မီးကျောက်များကို ပါသိမ်းယူကာ လူ ၃၀ ကိုဖမ်းဆီး၍ အင်းစိန်အကျဉ်းထောင်သို့ ချက်ချင်းပို့လိုက်သည်။ နောက်သုံးရက်ကြာမှ ဦးစောအဖွဲ့မှ အချို့ကို အင်းစိန်ထောင်၌ ဆက်ချုပ်ပြီး အချို့ကို ရန်ကုန်မြို့တွင်း ဘားလမ်းအချုပ်၌ ခွဲချုပ်ထားခဲ့သည်။ အရေးပေါ်ကိစ္စဖြစ်၍ နေ့ညစစ်ဆေးရာ အဦးအစတွင် လိမ်ညာထွက်ဆိုသည်။ နောင် အသားနာလာမှ တစ်စတစ်စ အဖြစ်မှန် ထွက်ဆိုခဲ့သည်။ ဘညွန့်နှင့် ခင်မောင်ရင်တို့က နိုင်ငံတော်သက်သေ အခွင့်အရေးများကိုတောင်း၍ လုပ်ကြံမှုကြီးကို အကုန်ဖော်ခဲ့သည်။



သစ္စာဖောက်တို့ သွားရာလမ်း



ဦးစောတို့အဖွဲ့ လုပ်ကြံမှုမှာ ကမ္ဘာကသိသော မှုခင်းကြီးတစ်ခုဖြစ်ရာ ဘုရင်ခံချုပ် ဒေါ်မန်စမစ်ကလည်း ထိထိရောက်ရောက် အရေးယူရန်၊ တိကျမှန်ကန်စွာ စစ်ဆေးပေးရန် အကြံပြု၍ အထူးရာဇ၀တ် ခုံရုံးတစ်ခုကို ၃၀-၈-၁၉၄၇ ရက်တွင် ဖွဲ့စည်းပေးခဲ့လေသည်။ ခုံသဘာပတိအဖြစ် ဟိုက်ကုတ်တရားသူကြီး ဦးကျော်မြင့်ကဆောင်ရွက်၍ အဖွဲ့ဝင်များအဖြစ် ဦးအောင်သာကျော်နှင့် ဦးစီဘူးတို့က ဆောင်ရွက်ကြသည်။



ဤအမှုကို ဘုရင်မင်းမြတ်နှင့် ဦးစော၊ မောင်စိုး၊ သက်နှင်း၊ မောင်စိန် (ခ) စိန်ကြီး၊ ရန်ကြီးအောင် (ခ) လှထွန်း၊ သုခ၊ ခင်မောင်ရင်၊ မောင်နီ၊ မှုန်ကြီး (ခ) မောင်မှုန်တို့ အမှုဟု မှတ်တမ်းဖွင့်ခဲ့သည်။ ၁၉၄၇ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် အမှုကို စတင်စစ်ဆေးပါသည်။ တရားခံဘက်မှ သက်သေတစ်ရာမျှ ပြခဲ့သော်လည်း ခုံရုံးက အရေးကြီးသက်သေများကို ရွေးစစ်သည်။ ရန်ကုန်ပုလိပ်မင်းကြီး ဦးချိန်ကလည်း အမှုကိုကောင်းစွာ တည်ဆောက်ကာ တရားခံများ ဖမ်းဆီးရမိပုံကို အသေးစိတ် ထွက်ဆိုခဲ့၏။



ဦးစောက သူ့အတွက် မစ္စတာဗတ်နီ (Vertanes) နှင့် အင်္ဂလန်မှ ကားတစ်ဘားနက် Curtis Barnet စသော နိုင်ငံခြားရှေ့နေကြီးများကို ငှားသည်။ နောက်လိုက်များအတွက် သာယာဝတီအုတ်ဖိုမှ ဦးစံဝင်း၊ ဦးသိန်းမောင်တို့ကိုသာ ငှားပေးရာ ခင်မောင်ရင်၊ စိန်ကြီးတို့က မကျေနပ်ပေ။



တရားလိုပြအဖြစ် အတွင်းဝန် ဦးတင်အုန်းကို စစ်ဆေးရာ ဦးတင်အုန်းက ဦးစောအဖွဲ့ ဆောင်ရွက်မှုများကို အသေးစိတ် ထွက်ဆိုခဲ့ပါသည်။ ဖော်ကောင်ဘညွန့်က ဦးစော၏ အစီအစဉ် ညွှန်ကြားဆောင်ရွက်မှုများကို မထိမ်မချန် ထွက်ဆိုခဲ့၏။ ဦးစောမှာ လုံးဝလွတ်လမ်း မရှိတော့ပေ။ သို့အတွက် သူက ဒေါက်တာဘမော်နှင့် သခင်ဗစိန်ကို သက်သေပြသေးသည်။ သူ၏ အဓိကထွက်ဆိုချက်မှာ သူသည် ဗိုလ်ချုပ်ကိုလုပ်ကြံရန် ဘယ်တုန်းကမှ မရည်ရွယ်ကြောင်း၊ သူ့တွင် တပည့်များသဖြင့် AD လမ်းအိမ်ဝိုင်းအတွင်း အ၀င်အထွက် အသွားအလာများကာ တပည့်အချို့ ဆောင်ရွက်ခြင်းဖြစ်၍ သူ့တွင်အပြစ်မရှိဟု လျှောက်လဲ၏။



သို့တစေ ရုံးတော်က လက်မခံပါ။ ၃၀-၁၂-၁၉၄၇ တွင် နောက်ဆုံးစီရင်ချက်ချသည်။ (စီရင်ချက်-ရာဇသတ်ပုဒ်မ ၃၀၂(၁) (ခ) အပိုဒ် (၃၄) အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် သက်နှင်း၊ မောင်စိုး၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ကို မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေ။ အလားတူ ဦးစော၊ သုခ၊ ခင်မောင်ရင်၊ မှုန်ကြီးနှင့် မောင်နီတို့အား ပုဒ်မ ၃၀၂ (၁)(ခ) အပိုဒ် (၁၀၉) အရ ပြစ်မှုထင်ရှားသဖြင့် ကြိုးပေးသတ်စေဟု စီရင်ချက်ချခဲ့သည်။



ဦးစောက သူ့အမှုကို သမ္မတကြီးထံ အသနားခံစာ တင်သေးသည်။ ပယ်ချခြင်းခံရပြီး ၈-၅-၁၉၄၈ ရက်တွင် လုပ်ကြံသူများဖြစ်သော ဦးစော၊ သက်နှင်း၊ မောင်စိုး၊ မှုန်ကြီးတို့ကို အင်းစိန်ထောင်ကြီးအတွင်း၌ လည်းကောင်း၊ ရန်ကြီးအောင်၊ စိန်ကြီးတို့ကို ရန်ကုန်ထောင်ကြီးအတွင်း၌ လည်းကောင်း ကြိုးပေးကွပ်မျက်ခဲ့သည်။ နိုင်ငံတော် သစ္စာဖောက်သူတို့မှာ လောကတွင်မကောင်း၊ သံသရာတွင် မကောင်းဖြစ်ကာ ငရဲဘုံတွင် အမှန်ပင် ခံစားကြရပေတော့မည်။



ကျမ်းကိုး

-နီငြိမ်း၏မှတ်စုများ

-မြန်မာ့ရေးရာသုတပဒေသာ

(ပြန်ကြားရေးဝန်ကြီးဌာနထုတ်)

-ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ (ပိဋကတ်တိုက်)



(ဗိုလ်ချုပ်၏ရုပ်အလောင်းကို ရဲဘော်များ သယ်လာစဉ်)







from Eleven Media Group's Facebook Wall http://ift.tt/Uf9Vmf

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...