အိပ်မက်မှသည် အနာဂတ်ဆီသို့
(ဆောင်းပါးရှင် - သဲသီရိကျော်)
လူတိုင်းမှာ အိပ်မက်ကိုယ်စီ ရှိကြမယ် ထင်ပါတယ်။ အိပ်မက်မှာမှ အိပ်နေစဉ်မက်တဲ့ အိပ်မက်နဲ့ မအိပ်ဘဲမက်နေတဲ့ အိပ်မက်ရယ်လို့လည်း အမျိုးအစားကွဲပြားစွာ ရှိပါလိမ့်မယ်။ ကျွန်မတို့ အိပ်နေစဉ်မှာ နေ့စဉ် တစ်နေ့တစ်မျိုး မရိုးနိုင်အောင် မက်တဲ့အိပ်မက်တွေ၊ တစ်ခါတစ်ရံ တူညီတဲ့အိပ်မက်တွေ၊ အိပ်မက်ဆိုးတွေ၊ အိပ်မက်ကောင်းတွေ စသဖြင့် အမျိုးစုံလှတဲ့ အိပ်မက်တွေ များစွာရှိမှာပါ။ ဒီအိပ်မက်တွေဟာ အိပ်နေစဉ်မှာ မက်ချင်သလိုမက်ပြီး အိပ်ရာနိုးလာချိန်မှာတော့ အရာအားလုံး မေ့ပျောက်ပစ်လို့ရနိုင်တဲ့ ခဏတာအိပ်မက်တွေသာ ဖြစ်ပါတယ်။ ကျွန်မပြောချင်တဲ့ အိပ်မက်ကတော့ မအိပ်ဘဲမက်တဲ့ အိပ်မက်တွေအကြောင်းပါ။
‘အိပ်မက်’ လို့ ဆိုလိုက်တာနဲ့ လူတွေက လှောင်ပြောင်ချင်ကြပါတယ်။ အိပ်မက်တွေက လက်တွေ့ဘ၀နဲ့ ဝေးကွာလွန်းတယ်လို့ သတ်မှတ်ထားကြသူတွေ များပါတယ်။ အိပ်မက်ဆိုတာဟာ စိတ်ကူးယဉ်သက်သက်၊ ခဏတာလေးနဲ့ ပျောက်ကွယ်သွားနိုင်တဲ့ အရာလို့ သတ်မှတ်ထားကြသူတွေ များစွာရှိနေတာကို ကျွန်မကိုယ်တွေ့ သိလိုက်ရတာပါ။ ဟုတ်ပါတယ်။ တချို့သောလူတွေက သူတို့ရဲ့ ငယ်ဘ၀အိပ်မက်ကို ပြောပါ။ အနာဂတ်အိပ်မက်ကို ပြောပါဆိုရင် အရမ်းကို လက်တွေ့နဲ့ ကင်းကွာလွန်းနေတဲ့ ကိစ္စရပ်တွေကို ပြောတတ်ကြပါတယ်။ ရည်မှန်းချက်နဲ့ အိပ်မက်က စကားလုံး အသုံးအနှုန်း ကွာခြားသလို၊ အဓိပ္ပာယ်လည်း ကွာခြားတယ်လို့ သတ်မှတ်ထားပုံရပါတယ်။ လူအတော်များများက ရည်မှန်းချက်လို့ပြောလိုက်ရင် ဖြစ်ချင်တာနဲ့ ဖြစ်နိုင်တာကြားထဲက အဖြေတစ်ခုကို ပြောတတ်ကြပေမယ့် အိပ်မက်လို့ ဆိုလိုက်တာနဲ့ မဖြစ်နိုင်လောက်တဲ့၊ ကိုယ်နဲ့အရမ်းကို အလှမ်းကွာလွန်းတဲ့ အကြောင်းအရာကို ပြောတတ်ကြပါတယ်။ အိပ်မက်တွေဟာ တကယ်မဖြစ်နိုင်တဲ့ အရာတွေ ကိုယ့်စိတ်ထဲ တွေးမိ၊ ထင်မိ ဖြစ်ချင်မိတဲ့ အရာသက်သက်လို့ ထင်မှတ်နေကြသလားလို့ ပြန်မေးချင်ပါတယ်။
ကျွန်မကို ဆရာမတစ်ယောက်က ပြောဖူးတာတော့ ‘လက်တွေ့မပါတဲ့ အိပ်မက်က အလကားပဲ’ တဲ့။ ဒါဆို လက်တွေ့ပါတဲ့ အိပ်မက်ကရော...။
ကျွန်မတို့ ငယ်ငယ်တုန်းက လူကြီးတွေလာမေးတတ်တဲ့ မေးခွန်းတွေထဲမှာ ‘သမီးရဲ့အိပ်မက်က ဘာလဲ’။ အဓိပ္ပာယ်ကတော့ အသက်အရွယ်ကြီးလာတဲ့အခါ ဘာဖြစ်ချင်တာလဲ။ လတ်တလောမှာရော ဘာတွေဖြစ်ချင်တာလဲ ဆိုတာမျိုးပေါ့။ ကျွန်မကတော့ အဲဒီတုန်းက ကိုယ်ဘာဖြစ်ချင်လဲ တိတိကျကျ မသိသေးတဲ့အရွယ်၊ သူများတွေလို ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေဖြစ်ဖို့ စိတ်မ၀င်စားတာတော့ အသေအချာ။ အဲဒီတုန်းက ကျွန်မစိတ်ဝင်စားတာက တီဗွီထဲမှာ၊ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေထဲမှာ အမြဲလိုလို တွေ့နေရတဲ့ မင်းသား၊ မင်းသမီးတွေနဲ့ တွေ့ဖူးချင်တယ်။ စကားပြောချင်တယ်။ ကိုယ်သိချင်တာတွေ သူတို့နဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး မေးလိုက်ချင်တာပါပဲ။ အဲဒီတုန်းကတော့ အဲဒါက ကျွန်မအိပ်မက်ပေါ့။ နည်းနည်း အရွယ်ရောက်လာတဲ့အခါ ကျွန်မအိပ်မက်က အဲဒီထက် ပိုများလာပြန်တယ်။ ၀တ္ထုစာအုပ်တွေဖတ်ရင်း သူတို့ရေးသလို စာတွေရေးတတ်ချင်လာတယ်။ ကိုယ်တိုင် စမ်းသပ်ရေးကြည့်ရင်း စာရေးရတာကို ၀ါသနာပါမှန်းမသိ ပါလာတယ်။ အဲဒီအရွယ်မှာ ကျွန်မရဲ့အိပ်မက်ကို မေးလာတော့ အနုပညာရှင်တွေနဲ့တွေ့ဖို့၊ စကားပြောဖို့ဆိုတာ သက်သက်ထက် ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့၊ စာရေးဆရာမတစ်ယောက် ဖြစ်ဖို့ဆိုပြီး တိတိကျကျ ပြောတတ်လာတယ်။ သူများတွေ ပြောပြောနေတဲ့ အိပ်မက်ဆိုတာ ကျွန်မဘ၀ရဲ့ ရည်မှန်းချက်လည်း ဖြစ်တယ်။ ဘ၀မှာ Professional ရပ်တည်မယ့် အလုပ်တစ်ခုလည်း ဖြစ်တယ်။ အိပ်မက်ဆိုတာ မဖြစ်နိုင်တာဆိုရင် ဒါက ကျွန်မအိပ်မက်တွေ မဟုတ်ဘူးလား။ ငယ်ငယ်တုန်းက ကျွန်မအတွက် ဒါတွေက တကယ်ဖြစ်မလာသေးတဲ့ အိပ်မက်တွေ။ အခုချိန်မှာရော။ အိပ်မက်ဆိုတာ မဖြစ်နိုင်တာတွေ မဟုတ်ပါဘူး။ မဖြစ်သေးတဲ့ အရာတွေပေါ့။ တကယ်ဖြစ်လာတဲ့အခါ ဒါ အိပ်မက်တွေကို အကောင်အထည်ဖော် ဖြစ်နိုင်ခဲ့တာပေါ့။ လူတစ်ယောက်ရဲ့ အိပ်မက်တွေက တကယ်ဖြစ်မလာဘူးလို့ ဘယ်သူက ပြောနိုင်ပါသလဲ။ လူတစ်ယောက်ရဲ့ အိပ်မက်တွေက သူ့ဘ၀လည်း ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ လှောင်ပြောင်ရယ်မောသင့်ပါရဲ့လား။ စဉ်းစားဖို့လိုပါတယ်။ ကလေးတစ်ယောက်ပဲဖြစ်ဖြစ်၊ လူကြီးတစ်ယောက်ပဲဖြစ်ဖြစ်၊ အောင်မြင်သူပဲဖြစ်ဖြစ်၊ ရှုံးနိမ့်သူပဲဖြစ်ဖြစ် သူတို့မှာ ကိုယ်မသိနိုင်တဲ့ ‘အိပ်မက်လေးတွေ’ ကိုယ်စီရှိနေနိုင်ပါတယ်။ တချို့က သူတို့အိပ်မက်ကို ထုတ်ဖော်ပြောရဲတယ်။ တချို့က မပြောဘဲ တိတ်တိတ်လေးမက်နေတဲ့ အိပ်မက်လေးတွေ ရှိကြတယ်။ ဥပမာ-ရုပ်ဆိုးဆိုး ကလေးမလေးတစ်ယောက်ရဲ့ အိပ်မက်က ‘တစ်နေ့မှာ အောင်မြင်တဲ့မင်းသမီးတစ်ယောက် ဖြစ်ရမယ်’ ဆိုတဲ့ အိပ်မက်ဖြစ်နေခဲ့ရင်၊ အခုချိန်မှာ အရမ်းကို ဆင်းရဲနေတဲ့ လူတစ်ယောက်က ‘တစ်နေ့မှာ အရမ်းချမ်းသာတဲ့ သူဌေးတစ်ယောက် ဖြစ်ရမယ်’ ဆိုတဲ့ အိပ်မက်မျိုး ရှိနေခဲ့ရင် ‘ဒါကတော့ မဖြစ်နိုင်တာပဲ’ ဆိုပြီး သူတို့ရဲ့အိပ်မက်တွေကို လှောင်ပြောင်ရယ်မောလိုက်မှာလား။ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ သူတကယ်ပဲ သူ့အိပ်မက်ကို လက်တွေ့အကောင်အထည် ဖော်နေသလား၊ အိပ်မက်မက်ရုံသက်သက် အချိန်ဖြုန်းနေသလားဆိုတာ သူ့အိပ်မက်ရဲ့ အဆုံးအဖြတ်ပဲ ဖြစ်ပါတယ်။
အိပ်နေစဉ်မှာ မက်တဲ့အိပ်မက်တွေက မေ့လွယ်ပျောက်လွယ်ပါ။ အိပ်နေစဉ်မဟုတ်ဘဲ မက်တဲ့အိပ်မက်တွေကတော့ တကယ်ကိုယ့်အိပ်မက်ကို တန်ဖိုးထား အကောင်အထည်ဖော်သူတွေ အတွက်ဆိုရင် အိပ်မက်ကနေ အနာဂတ်ကို ပုံဖော်နိုင်တဲ့ ကြီးမြတ်တဲ့အိပ်မက်တွေ ဖြစ်ပါလိမ့်မယ်။ ဂရေဟမ်ဘဲလ်က တယ်လီဖုန်းတွေ တီထွင်နိုင်ခဲ့တယ်။ သောမတ်အက်ဒီဆင်က လျှပ်စစ်မီးတွေ တီထွင်နိုင်ခဲ့တယ်။ သစ်ခုတ်သမား၊ ဆင်းရဲသားတစ်ယောက် ဘ၀ကနေ အမေရိကန်နိုင်ငံရဲ့ သမ္မတဖြစ်လာတဲ့ လင်ကွန်း...ဒါတွေက သူတို့ရဲ့ အိပ်မက်တွေကနေ ဖြစ်တည်လာတာပဲ မဟုတ်ပါလား။ ကိုယ့်အိပ်မက်တွေကို တန်ဖိုးထားပြီး တချို့လူတွေအတွက် မဖြစ်နိုင်ဘူးထင်တဲ့ အရာတွေကို ဖြစ်အောင်ဖန်တီးနိုင်ခဲ့၊ လုပ်နိုင်ခဲ့တာပဲ မဟုတ်ပါလား။ ဒီသာဓကတွေကနေ ‘မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး’ ဆိုတဲ့အဖြေကို ပေးထားပြီးသား မဟုတ်ပါလား။ နောက်ထပ် အနီးစပ်ဆုံး ဥပမာတစ်ခု ထပ်ပေးရရင် စင်ကာပူနိုင်ငံလို ဘာသဘာဝ သယံဇာတမှ မရှိ၊ တခြားနိုင်ငံတွေကနေ ရေတောင်ဝယ်သောက်နေရတဲ့ နိုင်ငံငယ်လေးက ကျွန်မတို့ကိုကျော်တက်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခု ဖြစ်လာတာကရော...သူတို့ အိပ်မက်တွေကြောင့်ပဲ မဟုတ်လား။ ကိုယ့်ထက် ဘယ်နေရာမှာ ဘာတွေပဲသာနေပါစေ တစ်နေ့မှာ သူတို့ထက် ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ ဖြစ်ရမယ်ဆိုတဲ့အိပ်မက် သူတို့မှာ မရှိခဲ့ဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ။ ဒါကြောင့် ကျွန်မတို့ လူသားတစ်ဦးချင်းစီ အနေနဲ့ရော၊ အဖွဲ့အစည်း တစ်ခုချင်းစီ အနေနဲ့ရော၊ တိုင်းပြည်အနေနဲ့ရော အားလုံးက ကိုယ်ပိုင်အိပ်မက်တွေ ထားရှိရမှာပါ။ ရည်မှန်းချက်တွေ၊ အိပ်မက်တွေ၊ အနာဂတ်မျှော်လင့်ချက်တွေ အသေအချာရှိနေပြီး အဲဒီအိပ်မက်တွေက ကိုယ်တစ်ဦးတည်းအတွက်ရော၊ တခြားသူတွေအတွက်ရော ထိခိုက်နစ်နာမှုမရှိတဲ့အိပ်မက်၊ ကောင်းမွန်တဲ့အိပ်မက်တွေ ဖြစ်ဖို့လည်း လိုပါတယ်။ အဲ့ဒီလို အိပ်မက်တွေကို စကားလုံးတွေအနေနဲ့ပဲ ကိုယ်တိုင်ကျေနပ်ဖို့၊ သူများတွေကျေနပ်ဖို့ပဲ တဖွဖွ ရွတ်ပြနေမယ့်အစား တကယ်တန်ဖိုးထားပြီး လက်တွေ့အကောင်အထည်ဖော်နိုင်အောင် ကြိုးစားကြမယ်ဆိုရင်ဖြင့် အိပ်မက်တွေက အနာဂတ်အတွက် အကောင်းဆုံးတွေကို ဖန်တီးပေးနိုင်မှာပါ။ ‘အိပ်မက်’ ဆိုတာ လက်တွေ့ဖြစ်နိုင်ပါတယ်ဆိုတာ ပြောကြားရင်း.....မှန်ကန်တဲ့အိပ်မက်တွေ ဖြစ်ပါစေ၊ လက်တွေ့ပါသော အိပ်မက်တွေ ဖြစ်ပါစေလို့။
from Eleven Media Group's Facebook Wall http://ift.tt/1sxgCil
Comments
Post a Comment