အောင်စည်ဟိန်းလို့ ပြည်အေးငြိမ်းမှာလား
(ဆောင်းပါးရှင် - ဖိုးလမင်း (ဆင်ဖြူကျွန်း))
အားလုံးသိတော့ သိနေကြပါပြီလေ။ တစ်ချိန်က ကမ္ဘာမှာ ချမ်းသာကြွယ်ဝနိုင်တဲ့နိုင်ငံ။ အိမ်နီးချင်းများ စံနမူနာထား လေးစားခံရတဲ့ နိုင်ငံကနေ နှစ်ပေါင်း ၆ဝ အတွင်းမှာ ပြောင်းပြန်လှန်ဖြစ်သွားတဲ့နိုင်ငံ ဘယ်နိုင်ငံဖြစ်မလဲ။ တို့နိုင်ငံပဲပေါ့။ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးက လုပ်လိုက်ကြတာလဲဆိုရင်လည်း တို့နိုင်ငံသားတွေပါပဲ။ လုပ်ရက်လိုက်တာပြောမလား၊ ရက်စက်လိုက်တာပြောမလား။ အားလုံး ပျက်စီးကုန်တယ်မဟုတ်လား။ အဆိုးဆုံးက စိတ်ဓာတ်ပျက်စီးတာပါပဲ။ ဒါကတော့ အတော်ကြာလုပ်ကြရမယ့် ကိစ္စ။
ဗုဒ္ဓဘာသာလူမျိုးများဆိုတော့ ဗုဒ္ဓရဲ့ အဆုံးအမတွေဟာ အကောင်းဆုံးဖြစ်ကြရမှာပါ။ ဗုဒ္ဓကပေးသွားခဲ့တယ် မဟုတ်လား။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ အဲဒီလုပ်မယ့် နည်းလမ်း၊ စည်းကမ်းနဲ့ သဘောတရားတွေပါ။ ဒီနည်းလမ်းတွေနဲ့ သွားကြလုပ်ကြမယ် မဟုတ်လား။ ဒီသုံးချက်လုံး အရေးကြီးလိုအပ်တယ်။ နည်းလမ်းရှိလည်း စည်းကမ်းမရှိရင် အလကားပါပဲ။
လုပ်ကြတဲ့အခါမှာကတော့ အတူပူးတွဲ ညီညွတ်ကြဘို့ပါဘဲ။ ညီညွတ်ရေးသဘောတရားကတော့ ဒီနိုင်ငံရဲ့ အမိဧရာဝတီကြီးပဲပေါ့။ တရုတ်ပြည်က စီးလာတဲ့မေခ။ တိဗက်နဲ့ ဒီနိုင်ငံထိပ်က စီးလာတဲ့ မလိခပေါင်းလာတော့ ဧရာဝတီ။ မေခနဲ့ မလိခ မရှိတော့ဘူး။ နောက်ရွှေလီ၊ ချင်းတွင်း၊ ယောချောင်း၊ စလင်းချောင်း အားလုံးက တညီညွတ်တည်း ဧရာဝတီက ရေတွေတူတော့ ရောပေါင်းတာပေါ့။ အမည်အသေးအကြီး အပူအအေး အပေါ်ယံမပါဘူး။ ရေဆိုတဲ့ သဘောချင်းတူတော့ ကွဲစရာ ခွဲစရာမရှိ ပေါင်းပြီပေါ့။ မြတ်စွာဘုရားက ဒေဝဒတ်လုပ်ကြံခံရတုန်းက ဂိဇ္ဈကုဋ်တောင်မှာ ဟောခဲ့တဲ့တရားလေ။ ရေနဲ့ရေချင်းပေါင်းမယ်။ ဆီနဲ့တော့ မရောဘူး။ တူကြပေါင်းကြမယ်ဆိုရင် အင်အားကြီးလာမယ် မဟုတ်လား။
နည်းမှန်လမ်းမှန် ဖြစ်ဖို့တော့ လိုပါမယ်။ သူခိုးတွေ ပေါင်းစည်းညီညွတ်တာဆိုရင်တော့ ဓားပြပဲဖြစ်မှာပေါ့။ တခြားသူများအတွက်တော့ ကောင်းကျိုးမရှိနိုင်ပါဘူး။ “၁၉၅ဝ” ကျော်လောက်တစ်ချိန်က မင်းဘူးခရိုင်မှာ ရဲဘော်ဖြူတို့ အုပ်စိုးခဲ့တယ်။ ပွင့်ဖြူမြို့နယ်ဘက်စီမှာ ဗိုလ်မှတ်ကြီးဆိုတဲ့ ဓားပြအဖွဲ့ကြီး အုပ်စိုးခဲ့တယ်။ အစိုးရကဝေးနေတော့ သူတို့အရမ်းကြီးပွားခဲ့တယ်။ ဓားပြအဖွဲ့ဆိုတော့ ပြည်သူတွေကတော့ ဘယ်ချမ်းသာမလဲ။ ကြောက်ရတယ်။ နှိပ်စက်သမျှ ခံနေကြရတာကလား။ ပြည်သူတွေအဲဒီမှာ ဘယ်လောက်ဆင်းရဲကြမလဲ စဉ်းစားသာကြည့်ပါတော့။
သိကြားပြည်မှာ တစ်ချိန်ကတုန်လှုပ်သွားလို့ သိကြားမင်းအတော်လန့်သွားဟန် ရှိပါတယ်။ သူကြောက်တာက သူ့နေရာလုမဲ့သူတဦး ဖြစ်နေသလားပေါ့။ ဒါနဲ့ကြည့်လိုက်တော့ ရသေ့တပါး အပြင်းအထန်ကျင့်နေတာသိရတော့ သွားစုံစမ်းတယ်။ အဓိက ကတော့ သူ့နေရာလုမှာလား။ ဒီရသေ့က သိကြားမဖြစ်လိုပါဘူး။ သူလိုတာက သူတော်ကောင်းတရားတွေပါ။
- သူတော်ကောင်းကို မြတ်နိုးချင်တယ်။ နည်းမှန်လမ်းမှန်ဖြစ်ချင်တယ်။
- နည်းမှားနဲ့ သူတပါးမခိုင်းရဘူး။
- အကျိုးသင့်အကြောင်းသင့် ပြောတာလက်ခံရမယ်။
- မှားယွင်းပြောလည်း စိတ်မဆိုးရန်မလုပ်ဘူး။
ရှင်သာရိပုတ္တရာ ပညာအရာကြီးမားလှတဲ့ ရဟန္တာပုဂ္ဂိုလ်ကြီးဟာ တခါက ဆွမ်းခံထွက်ဘို့ပြင်ဆင်တုန်း “၇” ဝါလောက်ရှိတဲ့ ကိုရင်လေးက သင်္ကန်းမညီတာ သတိပေးတာ ကျေကျေနပ်နပ်လက်ခံပြီး ပြင်ဆင်ဝတ်ပြီးမှ ဆွမ်းခံကြွတော်မူတယ်။
ဒီမှာ ကြည့်ကြပါဦး။ တစ်ချိန်က ရေနံဝန်ကြီးတစ်ပါး မန္တလေးမှာ ရေနံမရောင်းပေးသော်လည်း မြစ်အတွင်းက စက်လှေတွေ ဘယ်ကရလို့ သွားသလဲမေးခဲ့တယ်။ ဘယ်သူမှ မဖြေပါဘူး။ သူကအတင်းမေးတော့ အရာရှိတစ်ဦးက တပ်ကထွက်တဲ့ ရေနံတွေနဲ့ သွားတာပါလို့ဖြေတာ တစ်ခါတည်း ဒေါသူပုန်ထပြီး အဲဒီအရာရှိကို ဖြုတ်လိုက်ပါရော။ ရှစ်လေးလုံးအပြီး သတင်းစာတွေ ခြောက်လ တစ်နှစ်ကြာ အာဏာပြန်လွှဲမဲ့သဘော မျက်နှာဖုံးမှာဖော်ပြခဲ့ပေမယ့် ဝန်ထမ်းတွေ “၃၃” ချက် မေးခွန်း လှည့်စားမေးပြီး အဖြေခိုင်းခဲ့တယ်လေ။ နောက်တော့ ဖြုတ်ပစ်တာ နည်းမှမနည်းဘဲ။
စာပေတွေမှာ ရာထူးဆိုတာ ရူးမှယူတာ ဆိုထင်ပါရဲ့။ ဒီတိုင်းပြည်မှာကတော့ ပြည်သူတွေ ဆင်းရဲပါစေ သူတို့ချမ်းသာပြီးရော။ တဖွဲ့လုံး ညီညီညွတ်ညွတ်ယူလိုက်ကြပြီ မဟုတ်လား။ တောတွေ တောင်တွေ မြစ်တွေ ရောင်းချလို့ကုန် တိုင်းပြည်မွဲ၊ သူတို့ဘာမှ မဖြစ်ဘယ်သူမှ စွဲချက်အတင်မခံရ အရေးယူမခံရ ညီညီညွတ်ညွတ်ဆရာတပည့်တွေ ကောင်းစားချင်တိုင်း ကောင်းစား ပျော်ပျော်ကြီး စားနိုင်ကြပါတယ်လေ။ ဟိန္ဒူလူမျိုးတွေမှာ ဇာတ်ရှိတယ်။
အာခံတွင်းက မွေးတယ်။ ခေါင်းက မွေးတယ်။ ခြေက မွေးတယ်။ အာခံတွင်းကမွေးတဲ့သူတွေက ဂုဏ်ယူကြတယ်၊ မြတ်တယ်၊ တော်တယ်ပေါ့။ ဟုတ်ကြရဲ့လား။ အားလုံး လူတော်လူကောင်းတွေလား။ မှားကြတာ သူတို့မှ မြတ်တော်ကောင်း။
ပြည်သူတွေကတော့ ဗုဒ္ဓဘာသာအသည်းများဆိုတော့ သည်းခံခွင့်လွှတ်နိုင်ကြပါတယ်။ ဘယ်လောက်မိုက်မဲ ဆိုးသွမ်းသလဲ ပြည်သူအချစ်ဆုံးခေါင်းဆောင်ကိုတောင် လုပ်ကြံရဲကြပါတယ်။ အနာက်နိုင်ငံမှာ ဒီလိုဥပဒေမဲ့ ရက်စက်ယုတ်မာမှုမျိုး လုံးဝလုံးဝကို ရှုတ်ချ ကြတယ်။ ဒါပေမယ့် ကြည့်ပါဦး ခေါင်းဆောင်ကြီးက သတ္တိရှိရှိ သည်းခံခွင့်လွှတ်တာ ဘယ်လောက် ဂုဏ်ကျက်သရေရှိသလဲ။ အားလုံး ရှင်းရှင်းကြီးသိကြပေမယ့် မေ့ပျောက်ခွင့်လွှတ်တယ်ဆိုတာ တကယ့်ခေါင်းဆောင်ကြီးမို့သာပါ။ ဒါ ဗုဒ္ဓဝါဒပါ။
လူတိုင်း အမှားမကင်းကြဘူးဆိုပေမယ့် မမှားသင့်တာ တမျိုးလုံးနဲ့ဆိုင်တဲ့ ထိခိုက်မယ့်အမှားမျိုးတော့ အင်မတန် သတိထားသင့်တယ်။ ပိုဆိုးတာက ငါ့အတွက်တစ်ခုတည်း ကြည့်ပြီး ငါ့တစ်ဖွဲ့လုံးကောင်းစားရေးပဲ လုပ်ကြမယ်ဆိုရင်တော့ ဒီတိုင်းပြည် မပျက်ခံနိုင်ပါ့မလား။ နိုင်ငံအတွင်းက တက္ကသိုလ်တွေ နဲ့ မေမြို့က သူတို့အဖွဲ့တက္ကသိုလ်တွေ ကွာလှပါတယ်။ ကျောင်းသားတစ်ယောက် တစ်လတစ်သိန်းမက အကုန်ခံပြီး ပြည်တွင်းတက္ကသိုလ်တွေမှာ ဖြစ်သလို ကိုယ့်စရိတ်ကိုယ်ခံပြီး နေကြရ။ လူဦးရေတွေ ကြည့်ပါဦး။ လိုတာထက် အမြောက်အမြားပိုနေတော့ နေရာမရှိ တခြားတိုင်းပြည်တွေပညာသင်ပို့၊ မဟာဘွဲ့တွေ ထပ်တက်ခိုင်း၊ ခုနောက်ဆုံးလူတွေက ပိုလွန်းတော့ တခြားဌာနတွေပို့။ ရိုးရိုးတောင် မဟုတ်ဘူး။
ရာထူးတစ်ဆင့်တက်ပေးတာပေး။ တကယ်တော့ သူတို့လိုတဲ့ ပညာသင်ခဲ့ပြီး မဆိုင်တဲ့ဌာနတွေပို့တာ နှမြောစရာမကောင်းဘူးလား။ ဌာနအလုပ် သူတို့မတတ်လို့ ဌာနထိခိုက်တာထက် သူတို့လိုရင်လိုသလို ခိုင်းရနိုင်ဖို့ပဲ ဖြစ်တာပါ။ ဒီတော့ ဌာနကလူတွေ စိတ်ဓာတ်ကျပြီး ဌာနလုပ်ငန်းတွေ ထိခိုက်ကုန်ပါရောလား။ မတတ်ဘဲနဲ့ အုပ်ချုပ်ရေးပိုင်း ရာထူးကြီးတွေထားတယ်။ တကယ်ကို တိုင်းပြည်နစ်နာရတယ်။ တပ်ရင်းမှူးတောင် မခန့်နိုင်တဲ့ရာထူးတွေ သစ်လုပ်ငန်းပို့ခဲ့ပြီး သစ်တွေ မတရားခုတ်ခဲ့လို့ တောတွေ ပြောင်တာ ဒါဟာတစ်ချက်ပါပဲ။ သိကြတဲ့အတိုင်း သူတို့စရိတ် အရှေ့တောင်အာရှမှာ အများဆုံး။ ပြည်သူတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ အနည်းဆုံး။ ဒီအမျိုးက တိုင်းပြည်မွဲသထက် မွဲဖို့ပါပဲ။
တို့များအားလုံး စည်တော်ဟိန်းသံ ကြားချင်နေကြပါပြီ။ ဗုဒ္ဓအဆုံးအမများအတိုင်း ကိုယ့်အလုပ်ကိုသိအောင် လုပ်မယ်။ ကောင်းတယ်ထင်ရင်လည်း ဆက်လုပ်ကြပေါ့ဗျာ။ အဲ မကောင်းဘူးဆိုတာသိရင်တော့ လုပ်ဖို့လိုတာရှိပါတယ်။
မှားတယ်လို့သိရင် မှားတာဝန်ခံကြရမှာပါ။ ပြီးတော့ တောင်းပန် ခွင့်လွှတ်ရန်မေ့ထားလို့ မဖြစ်ပါဘူး။ ဒီအခါမှာ ဗုဒ္ဓဝါဒီတို့တစ်တွေက သည်းခံခွင့်လွှတ်ပြီး အားလုံးမေ့ပျောက်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းမှန် လမ်းမှန်ရောက်ကြပြီဆိုရင် မူဝါဒတွေ ရွေးချယ်ချမှတ်ပြီး နည်းလမ်းတွေရွေး အောင်စည်သံဟိန်း ထွက်လာအောင်တီးပြီး ပျော်ပျော်ပါးပါးညီညီညွတ်ညွတ် စည်းနဲ့ကမ်းနဲ့ ချီတက်ကြရပါမယ်။ ထိုသောအခါ ပြည်ငြိမ်းချမ်းပြီး ကြီးပွားတိုးတက် ဆင်းရဲတွင်းက ထွက်ကြမယ်လို့ ရဲရဲကြီးပဲ အကြံပေးချင်ပါရဲ့။
ဒါကတော့ ဗုဒ္ဓက သုတ်၊ ဝိနည်း၊ အဘိဓမ္မာထားခဲ့တယ်လေ။ နည်းလမ်း၊ စည်းကမ်းနဲ့ သဘောတရား ဒီလိုလမ်းကဘယ်တော့မှ မမှားပါဘူး။
from Eleven Media Group's Facebook Wall http://ift.tt/1rRSAyp
Comments
Post a Comment