ခိုက်ရန်ဖြစ်ပွားမှုများ တိုးပွားလာ၍ MNL ပွဲများ လုံခြုံရေးနှစ်ဆတိုးမည်
ရဲရင့်ဌေး
ဇွန်လ ၉ ရက်တွင် ပြန်လည်စတင်မည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များအတွက် လုံခြုံရေးအင်အား ပိုမိုတိုးမြှင့်ချထားမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်အောင်က ပြောသည်။
ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များတွင် ပရိသတ်အချို့၏ ဆိုးသွမ်းအပြုအမူများအပြင် ကစားသမား များနှင့် အသင်းတာဝန်ရှိသူ အချို့၏ ရမ်းကားသော အပြုအမူများကြောင့် လုံခြုံရေးကို ပိုမို တင်းကျပ်ရန် အဖွဲ့ချုပ်မှ စီစဉ်နေခြင်း ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ လက်ကျန် ပွဲစဉ်တွေအတွက် လုံခြုံရေးအင်အားကို ပိုမိုတင်းကျပ်နိုင်ဖို့ စီစဉ်နေပါ တယ်။ မြန်မာနေရှင်နယ်လိဂ်ကို တစ်နှစ်ထက် တစ်နှစ်ပိုပြီး တိုးတက်အောင် ဆောင်ရွက်နေတဲ့ အချိန်မှာ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ပထမအကျော့ပွဲစဉ်တွေကလို ဖြစ်ရပ်တွေ ထပ်မဖြစ်ဖို့ ကြိုးစား ဆောင်ရွက်နေပါတယ်” ဟု ဦးတင်အောင်က ဆိုသည်။
၂၀၁၄ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၀ အပြီးတွင် ဒိုင်လူကြီးများ ကိုယ်ထိလက်ရောက် စော်ကားခံရ မှု၊ နှစ်ဖက် ကစားသမားများ ခိုက်ရန်ဖြစ်ပွားမှုစသည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီး နယ်ပွဲစဉ်များတွင်လည်း ဧည့်သည် ကစားသမားများနှင့် ပရိသတ်များအနေဖြင့် လုံခြုံမှုမရှိဘဲ စိုးရိမ်နေရသည်။
မြန်မာနေရှင်နယ်လိဂ် ဒု-အကျော့ ပွဲစဉ်များတွင် ပြိုင်ဆိုင်မှုပြင်းထန်သည့် အသင်းကြီးများ ဆုံတွေ့မည့် ပွဲ စဉ်များ ပါဝင်နေသလို ခါးသီးပြိုင်ဘက်များဖြစ်သည့် ရန်ကုန်-ရတနာပုံပွဲကိုလည်း YUSC ကွင်းတွင်ကစား ရမည်ဖြစ်သောကြောင့် ပြိုင်ပွဲကျင်းပရေးကော်မတီမှ လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ ခြင်း ဖြစ်သည်။ လက်ရှိကျင်းပနေသော မြန်မာနေရှင်နယ် လိဂ်ပွဲစဉ်များတွင် လုံခြုံရေးအတွက် တစ်ပွဲ ပျမ်း မျှ ရဲတပ်ဖွဲ့ဝင်အင်အား သုံးဆယ်ခန့် တာဝန်ထမ်းဆောင်နေပြီး ပြည်ထဲရေး ၀န်ကြီးဋ္ဌာနမှ တာဝန်ရှိသူများ နှင့် ဆွေးနွေးမှု ပြုလုပ်ထားကာ နှစ်ဆတိုးရန် အဖွဲ့ချုပ်မှ စီစဉ်ထားသည်။
“လက်ရှိ မြန်မာနေရှင်နယ်လိဂ် ပွဲတွေမှာ လုံခြုံရေးအင်အားက တစ်ပွဲပျမ်းမျှ သုံးဆယ်လောက် ရှိပါတယ်။ ရန်ကုန်ပွဲတွေမှာ ပြဿနာမရှိပေမယ့် နယ်ပွဲတွေမှာဆို ရဲတပ်ဖွဲ့ဝင်အင်အား နည်းတဲ့အတွက် အခက်အခဲ ရှိပါတယ်။ ဒါပေမဲ့ တာဝန်ရှိသူတွေနဲ့ဆွေးနွေးပြီး အကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်” ဟု ဦးတင်အောင်က ဆက်လက်ပြောကြားသည်။
နယ်မြို့များတွင် ကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များတွင် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား အလုံအလောက် မရသဖြင့် ပုဂ္ဂလိက လုံခြုံရေးဋ္ဌာနများမှ လုံခြုံရေးများကို ငှားရမ်း သုံးစွဲနေရသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/Sah9Xy
Comments
Post a Comment