ဆေးရုံငါးခုနှင့် လူမှုအဖွဲ့အစည်း ရှစ်ခုသို့ City Mart ကျပ် ၂၁၃ သိန်း လှူဒါန်း
ရန်ကုန်၊ ဇွန် ၁၄
အမေများနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် “City Love And Hope” ဖောင်ဒေးရှင်းက ဆေးရုံငါးခုနှင့် လူမှုရေးအဖွဲ့အစည်း ရှစ်ခုသို့ ကျပ် ၂၁၃ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း ယင်းကုမ္ပဏီ ဈေးကွက်ဒါရိုက်တာ ဒေါ်မေဇင်စိုးထက်က ပြောကြားသည်။
၂၀၁၄ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် စမ်းချောင်းမြို့နယ် ဗားကရာလမ်းရှိ City Mart Holding ကုမ္ပဏီလီမိတက် ရုံးချုပ်တွင် ကျင်းပခဲ့သော ယင်းအခမ်းအနားတွင် မြောက်ဥက္ကလာပဆေးရုံ၊ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံ၊ တောင်ဥက္ကလာပရှိ အမျိုးသမီးနှင့် ကလေးဆေးရုံ၊ မသန်းစွမ်းဆေးရုံနှင့် ရန်ကုန်အလုပ်သမား ဆေးရုံတို့နှင့် လူမှုရေးအဖွဲ့များ ဖြစ်သည့် မင်္ဂလာဗျူဟာ အသင်းချုပ်၊ ရန်ကုန်နှင့် မန္တလေးရှိ အမျိုးသမီး သင်တန်းကျောင်း၊ သန်လျင် လူငယ်သင်တန်းကျောင်း၊ ငှက်အော်စမ်း လူငယ်ပြုပြင်ရေး သင်တန်းကျောင်း၊ သုခရိပ်မြုံ ပရဟိတဂေဟာ၊ ရတနာ့ပုံရိပ်ငြိမ် အမှတ် (၁) ဘုန်းတော်ကြီး စာသင်ကျောင်း၊ မြန်အောင် သီလရှင် ကျောင်းတို့သို့ လှူးဒါန်းခဲ့သည့် အပြင် အခြားအလှူရှင်များ လှူဒါန်းထားသည့် ကျပ်သိန်း ၃၀ တန်ဖိုးရှိ ကျေင်းသုံး ဗလာစာအုပ်နှင့် စာရေးကိရိယာများကိုလည်း City Mart Holding ကုမ္ပဏီလီမိတက်က ထောက်ပံ့ပေးခဲ့သည်ဟု ၎င်းကဆိုသည်။
“City Love And Hope” ဖောင်ဒေးရှင်းကို City Mart Holding ကုမ္ပဏီလီမိတက်က ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ရာ လက်ရှိအချိန်ထိ ငွေကျပ်သိန်းပေါင်း ၁၀၇၄ ကို မြန်မာနိုင်ငံ ဒေသအနှံရှိ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် အဖွဲ့အစည်းများသို့ လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
(ချစ်စု)
from The Voice Weekly's Facebook Wall http://ift.tt/1vk7tZt
Comments
Post a Comment