လုပ်သားများအတွက် တောင်းဆိုချက် ၄ ချက် ထုတ်ပြန်
ရန်ကုန်၊ ဇွန် ၆
လက်ရှိ အလုပ်သမားသမဂ္ဂများတွင် နာယကများအဖြစ် ပါဝင်ကြသည့် ၇၄-၇၅ ခုနှစ် သပိတ်မှောက် အကျဉ်းကျ အလုပ်သမားဟောင်းကြီးများ ကွန်ရက်က လုပ်သားများအတွက် လိုအပ်သည့် တောင်းဆိုချက် ၄ ချက်ကို ၂၀၁၄ ခုနှစ် ဇွန်လ ၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း အဆိုပါ ကွန်ရက်ထံမှ သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ- ၄၃၆ နှင့် ဒီမိုကရေစီစံနှုန်း မကိုက်ညီသော ဥပဒေ ပုဒ်မများကို ပြင်ဆင်ပေးရေး၊ အလုပ်သမားများ အခွင့်အရေး အပြည့်အဝရရှိရေး၊ မတရားသိမ်းဆည်းခံ လယ်/ယာ/မြေများ ပြန်လည်ရရှိရေးနှင့် အမျိုးသားညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးတို့ကို တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပုဒ်မ ၄၃၆ နှင့် ဒီမိုကရေစီစံနှုန်း မကိုက်ညီသည့် ပုဒ်မများကို မပြင်ဆင်လျှင် လုပ်သားများ အခွင့်အရေးကို အပြည့်အဝ ကာကွယ်ပေးနိုင်ခြင်း မရှိကြောင်း၊ အချိန်ပို လုပ်ခပြဿနာများနှင့် အချိန်ပို ပြဿနာများကြောင့် လုပ်သားများ အခွင့်အရေး ဆုံးရှုံးနေပြီး မတရားသိမ်းဆည်းခံ လယ်မြေများလည်း တိုးပွားနေကြောင်း၊ သို့ဖြစ်၍ ယခုကဲ့သို့ တောင်းဆိုခြင်း ဖြစ်ကြောင်း၊ ၇၄-၇၅ ခုနှစ် သပိတ်မှောက် အကျဉ်းကျ အလုပ်သမားဟောင်းကြီးများ ကွန်ရက်မှ အတွင်းရေးမှူး ဦးလှဝင်းက ပြောကြားသည်။
“ဒီထုတ်ပြန်ချက်ဟာ ရာနှုန်းပြည့် မထိရောက်ရင်တောင် အကျိုးသက်ရောက်မှုတော့ ရှိမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ထပ်မံပြောကြားသည်။
၇၄-၇၅ ခုနှစ် သပိတ်မှောက် အကျဉ်းကျ အလုပ်သမားဟောင်းကြီးများ ကွန်ရက်ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကာ အဖွဲ့ဝင် ၄၃ ဦးရှိပြီး ၁၉၇၄ ခုနှစ်နှင့် ၁၉၇၅ ခုနှစ်တွင် ဆန်ရရှိရေး၊ လုပ်သားကောင်စီများ ဖျက်သိမ်းရေးအတွက် သပိတ်မှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့် ဖမ်းဆီးထောင်ချခြင်း ခံရသော လုပ်သားဟောင်းများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
from The Voice Weekly's Facebook Wall http://ift.tt/1xmt45y
Comments
Post a Comment