ထူးချွန်ကျောင်းသား ငါးဦးစီ ပြည်ပပညာတော်သင်လွှတ်ရန် ထူးဖောင်ဒေးရှင်း စီစဉ်
ကျော်စွာဝင်း| အင်္ဂါနေ့၊ ဇွန်လ ၁၀ ရက်၊ ၂၀၁၄ ခုနှစ်
၂၀၁၃-၁၄ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းတွင် အထူးချွန်ဆုံးအောင်မြင်ခဲ့သည့် ကျောင်းသားများကို ရွေးချယ်ပြီး ပညာသင်ဆု အပြည့်အ၀ပေးကာ နိုင်ငံတကာတက္ကသိုလ်များသို့ စေလွှတ်ရန်စီစဉ်နေသည်ဟု အမှုဆောင် အရာရှိချုပ် ဦးပေါ်မြင့်ဦးက မဇ္ဈိမကို ပြောသည်။
ယင်းသို့ စေလွှတ်သည့် ကျောင်းသားများကို နိုင်ငံခြားတွင် နိုင်ငံရေးသိပ္ပံ၊ ဥပဒေပြုပညာရပ်၊ စီးပွားရေးပညာရပ်များ သင်ကြားရန် ထူးဖောင်ဒေးရှင်းက စီစဉ်ထားသည်ဟု ဆိုသည်။
“သြစတြေးလျ နာမည်ကြီးတက္ကသိုလ်က ပညာရှင်တွေနဲ့ ဇွန်လအတွင်း တွေ့ဆုံ ဆွေးနွေးသွားမှာပါ။ နိုင်ငံရေး သိပ္ပံနဲ့ ဥပဒေပြုရေး ပညာသင်ပေးဖို့ကိစ္စပါ” ဟု ဦးပေါ်မြင့်ဦးက ပြောသည်။
ယင်းအစီအစဉ်တွင် မြန်မာနိုင်ငံအတွင်း ပြည်နယ်နဲ့တိုင်း ဒေသကြီးများအလိုက် အထူးချွန်ဆုံးကျောင်းသား ငါးဦးစီရွေးချယ်ကာ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများကို အကြောင်းကြားပြီး ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားသည်ဟု ၎င်းတို့ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။
ထို့ပြင် ကချင်ပြည်နယ် ပူတာအိုတစ်ခရိုင်လုံးတွင်လည်း ထူးဖောင်ဒေးရှင်း ပညာဒါနကျောင်းမှ ကျောင်းသား ၃၃ ယောက် အောင်မြင်ခဲ့ပြီး ဂုဏ်ထူး ၂၁ ယောက်ရရှိခဲ့သည်။ ကချင်ပြည်နယ်အပြင် ယခုနှစ်တွင် ချင်းပြည်နယ်တွင်လည်း ပညာဒါနကျောင်းများ ဖွင့်ထားသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1hCXz2o
Comments
Post a Comment