တာဝန်ယူဖို့ နှောင့်နှေးနေတယ်
အယ်ဒီတာ ခင်ဗျား
ကျွန်တော်တို့က ပြီးခဲ့တဲ့ဧပြီလ ၁၂ ရက်၊ နေပြည်တော် အမြန်လမ်းမှာ တောင်ကြီး-ရန်ကုန် ခရီးစဉ်မောင်းနှင်လာတဲ့ တောင်ပြာတန်း Express မီးလောင်လို့ သေခဲ့ရတဲ့သူတွေရဲ့ မိသားစုဝင်တွေပါ။
ကျွန်တော်တို့မှာ သေဆုံးတဲ့သူတွေအတွက် ပူဆွေးသောက ရောက်ရတဲ့အပြင် ရရှိရမယ့် ကရုဏာကြေး ငွေထောက်ပံ့မှုတွေ မရသေးတာကြောင့် လူမှုဒုက္ခများစွာနဲ့ တွေ့ကြုံရင်ဆိုင်နေရတာကို မဇိ္ဈမသတင်းစာကနေ တာဝန်ရှိသူတွေသိအောင် တင်ပြချင်လို့ စာရေးပေးပို့လိုက်ပါတယ်။
အဖြစ်မှန်က တောင်ပြာတန်း Express ကားကြီးက မိုင်တိုင် ၁၁၆ ၂/၃ မှာ ယာဉ်ငယ်တစ်စီးကို နောက်မှ ၀င်တိုက်ပြီး ကားနှစ်စီးစလုံး မီးလောင်ကျွမ်းမှုဖြစ်ခဲ့ရာမှာ Express ကားကြီးမှ ခြောက်ဦးနဲ့ ယာဉ်ငယ်ပေါ်မှ ခြောက်ဦး စုစုပေါင်း ၁၂ ဦး အခင်းဖြစ်နေရာမှာတင် မီးလောင်သေဆုံးခဲ့ရပြီး ဒဏ်ရာရသူများထဲမှ တစ်ဦးလည်း ၁၇-၄-၁၄ ရက်မှာ ထပ်မံသေဆုံးခဲ့ပါတယ်။
ဒီလို ဖြစ်ပျက်ခဲ့တာကို တောင်ပြာတန်းယာဉ်လိုင်းမှ တာဝန်ရှိသူတွေဟာ ယာဉ်လိုင်းတွေအပေါ် မိမိအသက်ကို ယုံကြည်အပ်နှင်းပြီး စီးနင်းလိုက်ပါ အားပေးခဲ့တဲ့ ပြည်သူတွေကို တန်ဖိုးမထားဘဲ ကျန်ရစ်တဲ့ မိသားစုဝင်တွေကို သတင်းမေးဆက်သွယ်ပြီး လူမှုရေးကိစ္စတွေကိုကူညီဖို့ နှုတ်နဲ့ရောလက်နဲ့ပါ လုံးဝ ဆောင်ရွက်ပေးခြင်း မရှိခဲ့ပါဘူး။ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေမှာလည်း လူကိုဆုံးရှုံးရတဲ့အပြင် အတူပါ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများနဲ့ ပစ္စည်းတွေဆုံးရှုံးခဲ့တာကြောင့် တချို့မှာ ခိုကိုးရာမဲ့လို့ တချို့မှာ ဘ၀ပျက်မတတ်ဖြစ်ရသလို တချို့မှာငွေကြေးမပြည့်စုံတဲ့အတွက် တွေ့ကြုံရတဲ့ အခက်အခဲတွေက အများကြီးပါပဲ။
ဒဏ်ရာရသူတွေကိုတော့ ပေးတယ်ဆိုရုံပေးပြီး နှစ်သိမ့်ပါတယ်။ မျက်နှာတစ်ခုလုံးနဲ့ ကိုယ်တစ်ခြမ်း မီးလောင်တာကို တစ်သိန်းပေးပြီး ပေးတဲ့အချိန်တစ်ခါပဲလာလို့ သတင်းတောင်မမေးဘူးလို့ လူနာမိသားစုက ပြောပါတယ်။ သေသူနဲ့ ဒဏ်ရာရသူ မိသားစုတွေကသာ ယာဉ်လိုင်းကို ဆက်သွယ်နေကြရပြီး သူတို့က ဆက်သွယ်တာ မရှိပါဘူး။ ကားလိုင်းဂိတ်ကို ဆက်သွယ်ရင်လည်း ဘာမှမေးလို့ ပြောလို့မရဘဲ ကားဂိတ် တာဝန်ခံဆိုသူကတော့ ကျွန်တော်တို့ကို နေပြည်တော်က အဘက ခဏခဏခေါ်တာ သွားနေရလို့ မအားတာကြောင့် ခင်ဗျားတို့ဆီ မလာနိုင်ဘူးတဲ့။
တွေးကြည့်တော့ သေတဲ့သူတွေ သေတာနှစ်လနီးပါးရှိနေပြီ။ နေပြည်တော်က အဘက တစ်ရက်တစ်ခါ ခေါ်နေလို့ သူတို့ကားလိုင်းက တစ်ခါမှဖုန်းမဆက်နိုင်တာ၊ မလာနိုင်တာ ဖြစ်မယ်ထင်ပါတယ်။
ယာဉ်လိုင်းက လူကြီးတွေ ပိုင်ရှင်တွေဆိုတာ အခုထိတစ်ခါမှ မမြင်ဖူးသေးပါဘူး အာဏာပိုင်တွေနဲ့ပိုင်တယ်ဆိုပြီး စီးပွားရေးလုပ်ငန်းရှင်တွေက ဆင်းရဲသား ပြည်သူတွေကို ဂရုမစိုက်တာကို ကာယကံရှင်တွေက ခံပြင်းလွန်းလို့ ၁၅-၅-၁၄ ရက်မှာ သမ္မတကြီးနဲ့ ၀န်ကြီးဌာနတွေကို တင်ပြ အကူအညီတောင်းတဲ့စာပို့တော့မှ ကားဂိတ်တာဝန်ခံက သေတဲ့လူ မိသားစုဝင်တစ်ယောက်ဆီ ဖုန်းဆက်ပြီး ခင်ဗျားတို့အတွက် အာမခံ ငါးသိန်းရအောင် ကားဂိတ်က လျှောက်ပေးနေတယ်လေ။ ခင်ဗျားတို့ တိုင်စာပို့စရာလားလို့ မာန်မဲဟိန်း ဟောက်ပြီး ဖုန်းဆက်လာပါတယ်။
ဖြစ်စဉ် တစ်ခုလုံးကိုခြုံကြည့်ရင် တောင်ပြာတန်းယာဉ်မောင်းရဲ့ ပေါ့ဆမှု၊ တာဝန်မဲ့မှုတို့ကြောင့် ကြီးကျယ်တဲ့ မီးလောင်မှုဖြစ်ပွားခဲ့ရတာကို ယာဉ်လိုင်းပိုင်ရှင်နဲ့ တာဝန်ရှိသူတွေအနေနဲ့ ယာဉ်လိုင်းအပေါ် မိမိယုံကြည်အားပေးတဲ့ ပြည်သူတွေကို လူသားချင်းစာနာ ထောက်ထားမှု မရှိတာကို ကြုံတွေ့ရပါတယ်။ တကယ်ဆိုရင် ထိုက်တန်တဲ့ ကရုဏာကြေးပေးခြင်း၊ အားပေးစကားပြောခြင်းများကို ယာဉ်လိုင်းအနေနဲ့ ပြုလုပ်ပေးသင့်ပါတယ်။
နိုင်ငံတော် အစိုးရအနေနဲ့လည်း လူသားချင်းစာနာထောက်ထားမှု မရှိမှု၊ မတရားမှုများကို ညှိနှိုင်း ပံ့ပိုးဖြေရှင်းပေးမှုများ လမ်းညွှန်မှု ပြုလုပ်စေလိုပါတယ်။ ကျွန်တော်တို့လည်း အစိုးရထုတ် သတင်းစာတွေနဲ့ ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်တွေ နေ့စဉ်ဖတ်နေသူတွေပါ။ တောင်ပြာတန်းကားဖြစ်ပြီး နောက်တစ်လမှဖြစ်တဲ့ ရာဇာမင်းကား တိမ်းမှောက်မှုဖြစ်စဉ်မှာ နိုင်ငံတော် အဖွဲ့အစည်းတွေက တစ်တပ်တစ်အား၊ အားပေးကူညီကြတာ၊ အရေးယူတာ၊ ထောက်ပံ့တာတွေ ဖတ်ရ၊ မြင်တွေ့ရတော့ အဖြစ်ချင်းတူတာတောင် အခြေအနေချင်းမတူတဲ့ ကျွန်တော်တို့ ဘ၀တွေအတွက် အမြန်ဆုံး အကူအညီတွေ ရရှိနိုင်ဖို့ မဇ္ဈိမသတင်းစာမှတစ်ဆင့် တင်ပြလိုက်ရပါတယ်။
စာဖတ်သူတွေရဲ့ ခံစားချက်၊ အသံတွေကို ပေးပို့ချင်တယ်ဆိုရင် ဆက်သွယ်ဖို့အတွက် မဇ္ဈိမ မီဒီယာဂရုပ်၊ အခန်းအမှတ် ၄၀၇၊ (၄)လွှာ၊ ပုလဲကွန်ဒို (စီ)ဆောင် ကမ္ဘာအေးစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1wRgYAW
Comments
Post a Comment