ရေကျော်ဈေးသစ် သတ်မှတ်ရက်အတွင်း ပြီးစီးမည်
ရန်ကုန်၊ ဇွန် ၂
ပုဇွန်တောင်မြို့နယ်ရှိ ရေကျော်ဈေးကို အဆင့်မြှင့်တင်ရန် ဈေးအပါအဝင် အထပ်မြင့် အဆောက်အအုံသစ် တည်ဆောက်လျက် ရှိရာ အခက်အခဲအချို့ ရှိသော်လည်း သတ်မှတ်ရက် ဖြစ်သည့် ၂၀၁၅ ခုနှစ် နှစ်ကုန်ခန့်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တည်ဆောက်ခွင့်ရ အောင်မြင်ပြည့်စုံ ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မင်းက ပြောကြားသည်။
ဆောက်လုပ်ရေး အစပိုင်းတွင် ပိုင်တူးစက် ငှားမရသဖြင့် ဆောက်လုပ်ချိန် နောက်ကျသော်လည်း သတ်မှတ်ကာလအတွင်း အဆောက်အအုံ ပြီးစီးရန်နှင့် ဆိုင်ခန်းများကို သတ်မှတ်ကာလအတွင်း ပြန်လည် အပ်နှံနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းမှာ တစ်နှစ်ခွဲခန့် ကြာမြင့်မည် ဖြစ်ပြီး ဆိုင်ခန်းများကို တစ်နှစ်နှင့် လေးလအကြာတွင် မူလနေရာ အကျယ်အဝန်းအတိုင်း ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဆိုင်ခန်း၂၀၀ ကျော်ရှိသော ရေကျော်ဈေး မြေနေရာတွင် အဆင့်မြင့်ဈေး အပါအဝင် ရှစ်ထပ် အဆောက်အအုံ တည်ဆောက်လျက် ရှိကြောင်း၊ ယင်းအဆောက်အအုံ၏ မြေညီထပ်တွင် ဆိုင်ခန်းများအတွက် နေရာ၊ ဆူပါမားကက်တစ်ခု၊ လူငယ်အကျိုးပြု ဆိုင်ခန်းများ၊ ယာဉ်အစီးရေ ၅၀ ခန့် ရပ်နားနိုင်သော ကားပါကင်၊ လူနေအခန်း ၅၀ နှင့် ကျန်းမာရေး လေ့ကျင့်ကွင်းများ ပါဝင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနက ထုတ်ပြန်ထားသည်။
from The Voice Weekly's Facebook Wall http://ift.tt/1oqMUXj
Comments
Post a Comment