ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်တွင် ပထမဆုံး ကိုယ့်ဂိုးကိုယ်သွင်းယူသူအဖြစ် မာဆယ်လို မှတ်တမ်းဝင် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဘရာဇီးလ်အတွက် ပထမဆုံး ကိုယ့်ဂိုးကိုယ်သွင်းယူသူဖြစ်လာ
ဇွန် ၁၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘရာဇီးလ်နှင့် ခရိုအေးရှားအသင်းတို့ပွဲစဉ်တွင် ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့သော ဘရာဇီးလ်နောက်ခံလူ မာဆယ်လိုမှာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ပထမဆုံး ကိုယ့်ဂိုးကိုယ်သွင်းယူသူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
မာဆယ်လိုမှာ ပွဲချိန် ၁၁ မိနစ်တွင် ခရိုအေးရှားဘယ်တောင်ပံမှ အိုလစ်၏ ဖြတ်တင်ဘောကို ကာကွယ်ရန် ကြိုးစားရာမှ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်း ဖြစ်သည်။ မာဆယ်လို၏ သွင်းဂိုးမှာ ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အဖွင့်ဂိုးဖြစ်ခဲ့သလို ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်များတစ်လျှောက် ပထမဆုံး ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် မာဆယ်လိုမှာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဘရာဇီးလ်အသင်းအတွက် ပထမဆုံး ကိုယ့်ဂိုးကိုယ်သွင်းယူသူ ဖြစ်လာခဲ့သလို အဖွင့်ပွဲစဉ်တွင် အိမ်ရှင်အသင်းအတွက် ပထမဆုံး Own Goal အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ ဘရာဇီးလ်အသင်းမှာ ခရိုအေးရှားအသင်း၏ ဦးဆောင်မှုခံခဲ့ရသော်လည်း နေမာက ၂၉ မိနစ်တွင် ချေပဂိုးနှင့် ၇၁ မိနစ် တွင် ပယ်နယ်တီမှတစ်ဆင့် ဦးဆောင်ဂိုးများ ပြန်လည်သွင်းယူခဲ့သည်။ ဘရာဇီးလ်အတွက် အနိုင်သေချာစေမည့် တတိယဂိုးကိုမူ အော်စကာက နာကျင်အချိန်ပို ၉၁ မိနစ်တွင် သွင်းယူခဲ့ခြင်း ဖြစ်သည်။
ဘရာဇီးလ်အသင်းမှာ ဘောလုံးပိုင်ဆိုင်မှု ရာခိုင်နှုန်း ၆၀ ကျော်အထိ အသာစီးရယူကာ ကစားနိုင်ခဲ့သော်လည်း နေမာ၏ ထိုးဖောက်မှုများကိုသာ အဓိက အားပြုကစားခဲ့ရသည်။ ခရိုအေးရှားအသင်းမှာမူ တန်ပြန်တိုက်စစ်ဖြင့်သာ တုံ့ပြန်ကစားခဲ့ပြီး အားထားရသည့် တိုက်စစ်မှူး မန်ဇူကစ် ပွဲပယ်ခံထားရသဖြင့် အားနည်းခဲ့ရသည်။ ဘရာဇီးလ်အသင်းမှာ အဖွင့်ပွဲစဉ်တွင် သုံးမှတ်အပြည့် ရယူနိုင်ခဲ့သောကြောင့် အုပ်စု (က)တွင် (မက္ကဆီကို-ကင်မရွန်းပွဲစဉ် မတိုင်မီ) ထိပ်ဆုံးနေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
(ခရိုအေးရှားအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၁ မိနစ်၌ မာဆယ်လို သွင်းယူလိုက်စဉ် (Photo - AFP))
from Eleven Media Group's Facebook Wall http://ift.tt/1qK4Ld8
Comments
Post a Comment