ကချင်စစ်ပွဲ သုံးနှစ်ပြည့် ငြိမ်းချမ်းရေး ကဗျာရွတ်ပွဲနှင့် ဆုတောင်းပွဲလုပ်
ရန်ကုန်၊ ဇွန် ၉
အစိုးရသစ်လက်ထက် ကချင်ပြည်နယ်တွင် စစ်ပွဲများ ပြန်လည်ဖြစ်ပွားသည့် သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကဗျာချစ်သူများ အသင်းက ငြိမ်းချမ်းရေး ကဗျာရွတ်ပွဲနှင့် ဆုတောင်းပွဲကို ပြုလုပ်ခဲ့ကြောင်း အဆိုပါ အသင်းဝင် ကဗျာဆရာ မောင်ဆောင်းခက ပြောဆိုသည်။
ကဗျာရွတ်ပွဲကို ဇွန်လ ၉ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် အင်းလျား ကန်ဘောင်၌ ပြုလုပ်ခြင်း ဖြစ်ပြီး ပြည်တွင်းစစ် ရပ်တန့်ရေးနှင့် သက်ဆိုင်သော ကဗျာများ ရွတ်ဆိုခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“တိုင်းပြည်တစ်ပြည်အတွက် အလိုအပ်ဆုံးက ငြိမ်းချမ်းရေးပဲ။ ကျွန်တော်တို့ တိုင်းပြည်မှာက မကြေညာဘဲ တိုက်နေတဲ့ စစ်ပွဲတွေကြောင့် အမှန်တကယ် ဒုက္ခရောက်ကြတာ ဒီဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသား ပြည်သူလူထုပဲ။ ဒါကြောင့် စစ်ပွဲ အမြန်ဆုံး ရပ်တန့်ဖို့ ဒီလို ဆုတောင်းပွဲတွေက တစ်ဆင့် တာဝန်ရှိတဲ့ သူတွေကို သိစေချင်လို့ ကဗျာရွက်တာပါ” ဟု ကဗျာဆရာငြိမ်းဝေ (ကဗျာအိုးဝေ) က ရှင်းပြသည်။
ကချင်ဒေသခံများ၏ စစ်ဘေးဒုက္ခများကို ပြည်သူအားလုံး ခံစားနားလည်ပြီး ကိုယ်ချင်းစာနာ တတ်စေရန်၊ တရားမျှတသော ငြိမ်းချမ်းရေး ရရှိရေးအတွက် ပါဝင် လုပ်ဆောင်လာစေရန်နှင့် တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေး ဆုံးရှုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ဘဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေခြင်းသည် တရားမျှတသော ငြိမ်းချမ်းရေးတစ်ခု မဖြစ်လာနိုင်ကြောင်းကို သိရှိစေလိုသဖြင့် ကဗျာရွတ်ဆိုခြင်း ဖြစ်ကြောင်း ကဗျာချစ်သူများ အသင်းက ထုတ်ပြန် ပြောဆိုသည်။
ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် မြန်မာ-တရုတ် နယ်စပ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသော တာပိန် ရေအားလျှပ်စစ် စီမံကိန်းအနီး KIA နှင့် တပ်မတော်တို့ ထိတွေ့မှုများ ဖြစ်ပွားခဲ့ရာမှ ယနေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
အစိုးရသစ် လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင်အများစုနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခဲ့သော်လည်း ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့နှင့်မူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။
(အောင်သီဟ)
from The Voice Weekly's Facebook Wall http://ift.tt/1uPqwL0
Comments
Post a Comment