မန္တလေးတွင် အော်ရီဒူးမိုဘိုင်းလ် ဖုန်းဆင်းမ်ကတ် ရောင်းမည့်ဆိုင်များ စာရင်းစတင် ကောက်ခံ
မန္တလေး၊ ဇွန် ၁၃
ကာတာနိုင်ငံအခြေစိုက် အော်ရီဒူး ဆက်သွယ်ရေးကုမ္ပဏီ၏ မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များနှင့် ငွေဖြည့်ကတ်များ ဖြန့်ဖြူးမည့် အော်ရီဒူးဖြန့်ချိရေး ကုမ္ပဏီနှစ်ခုက ရောင်းချလိုသည့် ဖုန်းအရောင်းဆိုင်များ စာရင်းနှင့် အချက်အလက်များ စတင်ကောက်ခံလျက် ရှိကြောင်း မန္တလေးခရိုင် ချမ်အေးသာစံမြို့နယ်ရှိ ပိုင်အိုးနီးယား ဖုန်းရောင်းဝယ်ရေးဆိုင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“စာရင်းလာကောက်တာက အော်ရီဒူး လိုင်းကတ်နဲ့ ငွေဖြည့်ကတ်တွေ ဖြန့်ဖြူးရောင်းချပေးမယ့် ပြင်ပကုမ္ပဏီက ဝန်ထမ်းတွေ လာရောက်ကောက်ခံတာပါ။ MDRGMS ကုမ္ပဏီက ဝန်ထမ်းလေးတွေပါ။ သူတို့ပေးတဲ့ ဖောင်က A4 စာရွက်နှစ်ရွက်စာ ရှိတယ်။ အဲဒီအထဲမှာ ဆိုင်နာမည်၊ လိပ်စာ၊ ပိုင်ရှင်အမည် အများကြီးပဲ။ ပြီးတော့ ဘယ်လိုမန်ဘာပုံစံ ရောင်းချမလဲ ဆိုတာကအစ သူတို့တွေက စိတ်ရှည်ရှည်နဲ့ ရှင်းပြပါတယ်” ဟု ၎င်းက ထပ်မံဆိုသည်။
အော်ရီဒူး ဆက်သွယ်ရေး ကုမ္ပဏီက ၎င်းတို့၏ ဖုန်းဆင်းမ်ကတ်များနှင့် ငွေဖြည့်ကတ်များကို ဖြန့်ဖြူးရောင်းချပေးမည့် ကုမ္ပဏီများကို တရားဝင် ထုတ်ပြန် ကြေညာထားခြင်း မရှိသော်လည်း မန္တလေးမြို့တွင်းရှိ ဖုန်းအရောင်းဆိုင်များတွင်မူ အော်ရီဒူးလိုင်းကတ်နှင့် ငွေဖြည့်ကတ်များ ဖြန့်ဖြူးရောင်းချမည့် ကုမ္ပဏီနှစ်ခုဖြစ်သော UMG နှင့် MDRGMS ကုမ္ပဏီများက တရားဝင် ဖုန်းအရောင်းဆိုင်များကို စစ်တမ်း ကောက်ခံလျက် ရှိနေပြီ ဖြစ်ကြောင်း မန္တလေးမြို့တော်ရှိ ဖုန်းအရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။
“မေလ ဒုတိယပတ်လောက်ကတည်းက စတင် ကောက်ခံနေတာပါ။ ဖုန်းအရောင်းဆိုင်တွေချည်း မဟုတ်ပါဘူး။ စတိုးဆိုင်ကြီးတွေ ကုန်စုံဆိုင်တွေပါအစ အကုန်လုံးကို စာရင်းလိုက် ကောက်နေတာပါ။ အော်ရီဒူးလိုင်းကတ်နဲ့ ငွေဖြည့်ကတ်တွေ စတင်ရောင်းချတဲ့ အချိန်မှာ ခုစာရင်းကောက်ခံပြီး လက်ခံရရှိထားတဲ့ ဆိုင်တွေအနေနဲ့ အဆင်ပြေပြေနဲ့ မြန်မြန်ဆန်ဆန် ရောင်းချပေးနိုင်အောင် ကြိုတင်စာရင်း ကောက်ခံနေရခြင်း ဖြစ်ပါတယ်” ဟု MDRGMS ကုမ္ပဏီ အရောင်းတာဝန်ခံတစ်ဦးက ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် အော်ရီဒူးကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်သီရိကြာညိုထံ The Voice က ဆက်သွယ်မေးမြန်းရာ ဖြေကြားရန် အစီအစဉ် မရှိသေးကြောင်းသာ ပြန်လည်ဖြေဆိုသည်။
from The Voice Weekly's Facebook Wall http://ift.tt/1ivP6sO
Comments
Post a Comment