အိုင်အမ်အက်ဖ်က ဘာတွေပြောသွားလဲ
ခင်မောင်ညို(ဘောဂဗေဒ)| သောကြာနေ့၊ ဇွန်လ ၂၀ ရက်၊ ၂၀၁၄ ခုနှစ်
(စီးပွားရေး ဆောင်းပါး) မြန်မာနိုင်ငံမှာ အိုင်အမ်အက်ဖ် (IMF) အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ဇွန်လ ၄ရက်ကနေ ၁၇ ရက်အတွင်း ခရီးစဉ်အပြီးမှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ အိုင်အမ်အက်ဖ်ရဲ့ သတင်းစာရှင်းလင်းပွဲက ထူးထူးခြားခြား ပြောဆိုချက်တွေ ထွက်ပေါ်မလာနိုင်သလို သူတို့ ဖြေမယ့်အဖြေကိုတောင် ကြိုသိနေတယ်လို့ ပြောနိုင်ပါတယ်။ ပြီးတော့ စာနယ်ဇင်းတွေဘက်ကလည်း စိတ်ဝင်စားမှုနည်းပါတယ်။ မြန်မာဘာသာပြန်ပေးတာရှိပေမယ့် အကြောင်းအရာက နက်ရှိုင်းတာကြောင့် စိတ်ဝင်စားမှု နည်းကြတာ ဖြစ်ပုံရပါတယ်။ တလောက သတင်းထောက်တစ်ယောက်ပြောတဲ့ စီးပွားရေးသတင်းက နိုင်ငံရေးသတင်းထက် စိတ်ဝင်စားမှုနည်းတယ်ဆိုတဲ့ မှတ်ချက်ကို သတိရမိပါတယ်။ သတင်းထောက်လောကမှာလည်း တကယ့် စီးပွားရေးသတင်းတွေ (စီးပွားရေးလုပ်ငန်းတွေရဲ့ ကြော်ငြာမဟုတ်) ရေးတတ်တဲ့ရေး နိုင်တဲ့ သတင်းထောက်က ခပ်ရှားရှားပါပဲ။ အိုင်အမ်အက်ဖ်ရဲ့ အနေအထားကလည်း အရင်ကလို အပြင်ဘက်ကနေ ဝေဖန်တာမျိုးမဟုတ်ဘဲ အစိုးရနဲ့  လက်တွဲဆောင်ရွက်နေတဲ့ အပြောင်းအလဲကိုလည်း သတိထားမိပါတယ်။
အိုင်အမ်အက်ဖ်က သတင်းစာရှင်းလင်းပွဲအပြီးမှာ ဆွေးနွေးပွဲတစ်ခုလုပ်လေ့ လုပ်ထရှိပြီး အဲဒီဆွေးနွေးပွဲမှာတော့ ငွေကြေးလောက ဘဏ်လောကက ပုဂ်္ဂိုလ်တွေကို ဖိတ်ကြားဆွေးနွေးလေ့ရှိပါတယ်။
ဒီဆွေးနွေးပွဲတွေမှာလည်း နိုင်ငံခြားသား တချို့၊ ဘဏ်အရာရှိကြီးတချို့နဲ့လူငယ်အနည်းငယ်သာ တက်ရောက်ကြ၊ မေးမြန်းကြ၊ ဆွေးနွေးကြတာ တွေ့ရပါတယ်။ လွယ်လွယ်ပြောရရင် စိတ်ဝင်စားမှုနည်းတယ်လို့ သုံးသပ်ရမှာပါ။ ဒါပေမဲ့ ပထမသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့ အချက်အလက်တွေရဲ့အသေးစိတ် နောက်ခံတရား စာရင်းအင်းတွေကို ဒီဆွေးနွေးပွဲမှာတွေ့ရပါတယ်။ အခုတစ်ခေါက်လည်း “ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်ကို ထိန်းသိမ်းရမယ့် မြန်မာနိုင်ငံ ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှု တွေလုပ်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ်ကနေ ၂၀၃၃ ကာလအတွက် မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေး၊ စက်မှုလက်မှုနဲ့ ၀န်ဆောင်မှုကဏ္ဍတွေရဲ့ အချိုးအစားနဲ့ အခန်းကဏ္ဍကို ခန့်မှန်းရာမှာ စိုက်ပျိုးရေးကဏ္ဍရဲ့အချိုးအစား လျော့ကျသွားပြီး၊ စက်မှုလက်မှုနဲ့ ၀န်ဆောင်မှုကဏ္ဍရဲ့အချိုးအစားက သိသိသာသာကြီးမားလာတာ တွေ့ရပါတယ်။ စက်မှုကဏ္ဍဟာ တစ်နှစ်ပျမ်းမျှ ခုနစ်ရာခိုင်နှုန်းအထက်မှာ တိုးတက်မယ့် အလားအလာရှိနေပါတယ်။ ဒီအခြေအနေဟာ ကမ္ဘောဒီးယားနိုင်ငံ(၁၉၉၃-၂၀၁၂) ကာလ၊ ဗီယက်နမ်နိုင်ငံ(၁၉၈၈- ၂၀၁၇)၊ ထိုင်းနိုင်ငံ (၁၉၈၀-၁၉၉၆)၊ တရုတ်နိုင်ငံ (၁၉၈၂-၂၀၁၂)ကာလက အတွေ့အကြုံတွေနဲ့အလားတူ ဖြစ်နေတာတွေ ရပါတယ်။ လောလောဆယ်မှာ စိုက်ပျိုးရေးက ပျမ်းမျှတိုးတက်မှုနှုန်း ၇ ဒသမ ၁ ရာခိုင်နှုန်း၊ စက်မှုလက် မှုက ၆ ဒသမ ၃ ရာခိုင်နှုန်းရရှိနိုင်ပါတယ်။
အိုင်အမ်အက်ဖ်ရဲ့ ဆွေးနွေးချက်ထဲက အတော်စိတ်ဝင်စားစရာကောင်းတာက မြန်မာနိုင်ငံရဲ့ လူဦးရေ တိုးတက်မှုနှုန်း (၂၀၁၄-၂၀၃၃)မှာ တစ်ရာခိုင်နှုန်းအောက်မှာပဲ ရှိမယ်။ အသက် ၁၅ နှစ်နဲ့ ၆၄ နှစ်ကြား လူဦးရေတိုးတက်မှုနှုန်းဟာလည်း တစ်ရာခိုင်နှုန်းအောက်မှာပဲ ရှိနေပြီး ကမ္ဘောဒီးယား (၁၉၉၃-၂၀၁၂) ဗီယက်နမ် (၁၉၈၈-၂၀၀၇) ထိုင်း (၁၉၈၀-၁၉၉၆) တရုတ် (၁၉၈၂-၂၀၀၂) တို့ရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းအထိရှိနေတဲ့ လူဦးရေတိုးတက်မှုနှုန်းတွေထက် အဆမတန် နိမ့်ကျတယ်ဆိုပြီး ထောက်ပြတဲ့ အချက်ပါ။ သန်းခေါင်စာရင်းကနေ ရလဒ်တွေ ထွက်ပေါ်လာခြင်းမရှိသေးပေမယ့် မြန်မာနိုင်ငံရဲ့လူဦးရေပမာဏ တိုးတက်မှုနှုန်းဟာ အများလက်ခံထားတာထက် အဆမတန်နိမ့်ကျနေတယ်လို့ တွက်ဆကြတဲ့ တခြားပညာရှင်တွေရဲ့ တွက်ကိန်းနဲ့လည်း တိုက်ဆိုင်နေပါတယ်။
စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုလက်မှုနဲ့ ၀န်ဆောင်မှုကဏ္ဍတွေမှာ ပါဝင်တဲ့၊ အလုပ်သမားတွေရဲ့အချိုးအစားလည်း လယ်ယာကဏ္ဍမှာ နှစ်ရာခိုင်နှုန်းလောက် လျော့ပြီး စက်မှုလက်မှုမှာ လေးရာခိုင်နှုန်း၊ ၀န်ဆောင်မှုမှာ သုံးရာခိုင်နှုန်းလောက် တက်လာနိုင်တယ်လို့ တွက်ဆထားတာ တွေ့ရပါတယ်။
၂၀၁၃ မှာရှိတဲ့ နိုင်ငံခြားသီးသန့် ရန်ပုံငွေဟာ ဂျီဒီပီရဲ့ ငါးရာခိုင်နှုန်း၊ သွင်းကုန် သုံးလစာရှိနေတာတွေဟာ မြင့်မားလှတာ မဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်နိုင်တယ်လို့ တွက်ဆရတဲ့အတွက် ပြင်ပငွေပေးငွေ ယူရှင်းတမ်းလိုငွေတွေကို ၂၀၁၅ နောက်ပိုင်းမှာ ကာမိတာထက်တောင် ပိုလွန် သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
နိုင်ငံရဲ့ ဘဏ္ဍာရေးအခြေအနေကို ကြည့်ရင် ၂၀၁၂-၁၃ နောက်ပိုင်းမှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေက ရှာပေးနေတဲ့ ဘဏ္ဍာငွေအချိုးအစားလည်း တစ်ဝက်လောက် ဂျီဒီပီရဲ့နှစ်ရာခိုင်နှုန်းကနေ တစ်ရာခိုင်နှုန်းအထိ လျော့ကျလာခဲ့ပါတယ်။ ပြည်ထောင်စုအစိုးရရဲ့ ဘတ်ဂျက်ကတော့ လိုငွေပြနေပြီး ပြည်တွင်းအရင်းအမြစ် ဗဟိုဘဏ်နဲ့ ပြင်ပအရင်းအမြစ်တွေက ၀ိုင်းဝန်းဖြည့်ဆည်းကြတယ်။ ဗဟိုဘဏ္ဍာရဲ့ ဖြည့်ဆည်းမှု အချိုးအဆလျော့ကျပြီး ပြည်တွင်းနဲ့ ပြည်ပအရင်းအမြစ်တွေက ဖြည့်ဆည်းမယ့် အချိုးအစားတွေများလာပါတယ်။ အိုင်အမ်အက်ဖ်က အခွန်ကောက်ခံရရှိမှုဟာ ဂျီဒီပီရဲ့ငါးရာခိုင်နှုန်း ၀န်ကျင်သာရှိပြီး တခြားအိမ်နီးချင်းနိုင်ငံများထက် နိမ့်ကျနေတာကိုလည်း အစဉ်အလာမပျက် မပျက်မကွက် ပြောသွားခဲ့ပါသေးတယ်။
အစိုးရက တင်ရှိနေတဲ့ ပြည်သူ့ကြွေးမြီဆပ်နိုင်စွမ်း ကောင်းမွန်ဆဲဖြစ်ကြောင်းကိုလည်း ဖော်ပြသွားခဲ့ပါတယ်။ ပြည်သူ့ ကြွေးမြီဟာ တိုင်းပြည်ဝင်ငွေရဲ့ သုံးပုံတစ်ပုံ လောက်ပဲရှိပြီး ဒီဝန်းကျင်မှာ ဆက်လက်ထိန်းထားနိုင်သမျှ အခြေအနေကောင်းနေတာပါ။
ထုံးစံအတိုင်း အိုင်အမ်အက်ဖ်က အဆောတလျင်လုပ်ဆောင်တာကို အားမပေးပါဘူး။ မြန်မာပညာရှင်တချို့ကတော့ ဘဏ္ဍာရေးကဏ္ဍ အပြောင်းအလဲတွေ နှေးနေသလားလို့ မြင်ကြတယ်။ ပြည်တွင်းဘဏ်တိုးချဲ့ရင် နိုင်ငံခြားဘဏ်တွေကို ပြည့်စုံတဲ့ စည်းမျဉ်းစည်းကမ်း ခိုင်ခိုင်မာမာမရှိဘဲ ဖွင့်ပေးရင် မနိုင်မနင်းဖြစ်မှာကိုလည်း စိုးရိမ်ပုံရပါတယ်။
မြန်မာနိုင်ငံရဲ့ ရှေ့ခရီးဟာ အခွင့်အလမ်းတွေ တိုးတက်မှုတွေနဲ့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ၊ အန္တရာယ်တွေ ရောပြွမ်းနေလို့ သတိကြီးစွာနဲ့ ဉဏ်ပညာရှိရှိ လျှောက်လှမ်းရမယ့် လမ်းဖြစ်တယ်ဆိုတာ အိုင်အမ်အက်ဖ် ခရီးစဉ် သတင်းထုတ်ပြန်ချက်တွေက သတိပေးနေပါတယ်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1qkG1bL
Comments
Post a Comment