ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်နှင့် အသစ်ပြန်ရေးရမည့် ဥပဒေ ၁၃၀ ကျော်ရှိဟု လွှတ်တော်ကော်မတီဆို
နေပြည်တော်၊ ဇွန် ၂
ပြည်ထောင်စုအဆင့် လွှတ်တော်သုံးရပ်၏ လက်ကျန် သက်တမ်း ၁ နှစ်ကျော် ကာလအတွင်း ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲရန် လိုအပ်နေသော ဥပဒေပေါင်း ၁၃၆ ခု ရှိနေကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ပြောကြားသည်။
လွှတ်တော်သုံးရပ် အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ အဆင့်ဆင့် စိစစ်မှုအရ ရုပ်သိမ်းရန် ဥပဒေ ၉ ခု၊ ပြင်ဆင်ရန် ဥပဒေ ၆၇ ခု၊ ရုပ်သိမ်း၍ အသစ်အစားထိုး ပြဋ္ဌာန်းရန် ဥပဒေ ၄၁ ခုနှင့် အသစ်ရေးဆွဲရန် ဥပဒေ ၁၉ ခုဟူ၍ စာရင်းပြုစု ရရှိထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
အဆိုပါဥပဒေ အားလုံးနီးပါးမှာ အုပ်ချုပ်ရေးအဖွဲ့များနှင့် တိုက်ရိုက် သက်ဆိုင်သည့် ဥပဒေများ ဖြစ်ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် သက်ဆိုင်သည့် ဥပဒေနှစ်ခုနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် သက်ဆိုင်သော ဥပဒေ တစ်ခုကိုလည်း လိုအပ်သလို ဆောင်ရွက်ရန် စိစစ်တွေ့ရှိထားကြောင်း ဇွန်လ ၂ ရက်နေ့က ထုတ်ပြန်သည့် ပူးပေါင်းကော်မတီ အစီရင်ခံစာအရ သိရသည်။
ဆက်လက် ဆောင်ရွက်ရမည့် ဥပဒေများတွင် လွှတ်တော်နှင့် အစိုးရအကြား အားပြိုင်ခဲ့သည် ဆိုသော နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းလည်း ပါဝင်ကြောင်း၊ မူလက နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို လျစ်လျူရှု၍ ပြင်ဆင် အတည်ပြုထားသည့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြန်လည် ပြင်ဆင်ရန်အတွက် ဥပဒေကြမ်း အသစ်တစ်ခု ရေးဆွဲရန် ဆောင်ရွက်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့ထံမှ သိရသည်။
လွှတ်တော်အရပ်ရပ်၏ လုပ်ငန်း ဆောင်ရွက်ချက်များ မတိုင်မီ မြန်မာနိုင်ငံအတွင်း အတည်ပြု ကျင့်သုံးနေသော ဥပဒေပေါင်း ၄၀၁ ခု ရှိခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က အသစ်ရေးဆွဲ၊ ပြင်ဆင်၊ ရုပ်သိမ်း၊ အစားထိုးခဲ့သည့် ဥပဒေပေါင်း ၉၈ ခု ရှိကြောင်း၊ ယင်းစာရင်းတွင် စီမံကိန်း ဘဏ္ဍာငွေအရ အသုံးဆိုင်ရာနှင့် အခွန်ဆိုင်ရာ ဥပဒေ ၁၁ ခု ပါဝင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
လွှတ်တော် လက်ကျန် သက်တမ်းကာလအတွင်း အထက်ပါ ဥပဒေများကို သတ်မှတ်ချက်အလိုက် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း အသီးသီးကို တိုက်တွန်း အကြောင်းကြားထားကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီထံမှ သိရသည်။
from The Voice Weekly's Facebook Wall http://ift.tt/1iNQY00
Comments
Post a Comment