ငွေကြေးဖောင်းပွမှု တည်ငြိမ်ရန် မူဝါဒချမှတ်ရေးအဆို လွှတ်တော်တွင် ဆွေးနွေးမည်
နေပြည်တော်၊ ဇွန် ၁၃
ငွေကြေးဖောင်းပွမှုကို တည်ငြိမ်စေရေး မူဝါဒ ချမှတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို အမျိုးသားလွှတ်တော်တွင် လက်ခံဆွေးနွေးမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော်တွင် ဇွန်လ ၁၃ ရက်နေ့က ဆုံးဖြတ်လိုက်သည်။
ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ရင်ဆိုင်နေရသဖြင့် လွှတ်တော်သို့ ယင်းအဆို တင်သွင်းရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၈) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည်က ဇွန်လ ၁၃ ရက်တွင် ကျင်းပသော အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။
“ဆီကုန်သည်ကြီးများ၊ ဆန်ကုန်သည်ကြီးများ စသဖြင့် အသင်းကြီးတွေဟာ နိုင်ငံစီးပွားရေးကို ချုပ်ကိုင်နေသူများ ဖြစ်ပါတယ်။ ဒီလိုအသင်းတွေနဲ့ နိုင်ငံတော်နဲ့ ညှိနှိုင်းပြီး ကုန်ဈေးနှုန်း မြင့်မားမှု၊ ငွေကြေးဖောင်းပွမှုတွေကို ထိန်းချုပ်သင့်ပါတယ်” ဟု ဒေါက်တာမြင့်ကြည်က တင်ပြပြောဆိုသည်။
လက်ရှိတွင် နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးခြင်း၊ လျှပ်စစ်မီတာခ တက်ခြင်းနှင့် တစ်ပြိုင်နက် ကုန်ဈေးနှုန်း မြင့်တက်ခြင်းများသည် မဖြစ်သင့်သည့် ကိစ္စရပ်များဖြစ်ပြီး အဖြေရှာ ထိန်းချုပ်မှုကို ဗဟိုဘဏ်အနေနှင့် လွတ်လပ်စွာ ဆောင်ရွက်သင့်ကြောင်း ၎င်းက အကြံပြု ပြောဆိုသည်။
ယင်းအဆိုကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) မှ ကိုယ်စားလှယ် ဦးဆွေအောင်က ထောက်ခံခဲ့ပြီး ကန့်ကွက်သည့် ကိုယ်စားလှယ် မရှိသောကြောင့် ဆွေးနွေးလိုသူ ကိုယ်စားလှယ်များအား လွှတ်တော်ရုံးတွင် အမည်စာရင်း ပေးသွင်းရန် လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၁ ခုနှစ်တွင် ၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် ၂ ဒသမ ၈၅ ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၁၃ ခုနှစ်၏ ငွေကြေးဖောင်းပွနှုန်း ၅ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိမည်ဟု အစိုးရအဖွဲ့မှ မျှော်မှန်းထားခဲ့သော်လည်း ပထမ ခြောက်လပတ် စစ်ဆေးမှုတွင် ၅ ဒသမ ၇၇ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ ပြောဆိုထားသည်။
သို့သော် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ယင်းပမာဏထက် များနိုင်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။
from The Voice Weekly's Facebook Wall http://ift.tt/1qK1qux
Comments
Post a Comment