၂၅.၆.၂၀၁၄ ရက်နေ့ ၁၈၀၀ အချိန်တွင် ထန်းတပင်မြို့နယ်၊ ရန်ကုန်-ညောင်တုန်းကားလမ်း အစုကြီးကျေးရွာအနီးတွင်အငှားယာဉ်မောင်းထံမှငွေများအားခရီးသည်အမျိုးသား(၂)ဦးမှ လုယက်မှုဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်နေ အငှားယာဉ်မောင်း ဦးမိုးအောင်ဇော်၊ (၄၀)နှစ်သည် ၎င်း၏အငှားယာဉ်ဖြင့် လှိုင်သာယာမြို့နယ်၊ ဒဂုံ-ဧရာအဝေးပြေးဝင်းရှေ့၌ ခရီးသည်စောင့်ဆိုင်းနေစဉ် အမျိုးသားလူငယ်(၂)ဦးမှ ထန်းတပင်မြို့နယ်သို့ငွေကျပ်(၅၀၀၀)ဖြင့်ငှားရမ်းခဲ့၍ လိုက်ပို့ပေးခဲ့ကြောင်း၊ ထန်းတပင်မြို့နယ်၊ ရန်ကုန် -ညောင်တုန်းလမ်း၊ အစုကြီးကျေးရွာထိပ်အနီးအရောက် ယာဉ်နောက်ခန်းတွင် လိုက်ပါလာသူလူငယ်မှ အပေါ့သွားမည်ပြောသဖြင့် ယာဉ်အားခေတ္တရပ်ပေးခဲ့ပြီး ဆက်လက်မောင်းနှင်ခဲ့ကြောင်း၊ ဓါတ်တိုင်(၂)တိုင်ခန့်အရောက်တွင် ယာဉ်ရှေ့ခန်းရှိလူငယ်မှလည်း အပေါ့သွားလိုကြောင်းပြောသဖြင့် ယာဉ်အားရပ်ပေးခဲ့ပြီး ပြန်တက်လာစဉ် ယာဉ်နောက်ခန်းတွင် လိုက်ပါလာသည့်လူငယ်မှ ၎င်း၏လည်ပင်းအား သိုင်းဖက်၍ချုပ်ထားကာ ယာဉ်ရှေ့ခန်းရှိလူငယ်မှ ၎င်း၏လက်အား ဆွဲကိုက်ခဲ့ကြောင်း၊ ၎င်းမှရုန်းကန်စဉ် ယာဉ်နောက်ခန်းရှိလူငယ်မှအိတ်ကပ်အတွင်းရှိ ငွေ(၂၁၀၀၀)ကျပ်အားလုယူခဲ့၍ သံတုတ်ဖြင့်ရိုက်မည်ပြုရာ လူငယ်(၂)ဦးမှာ ယာဉ်ပေါ်မှဆင်းပြေးသွားခဲ့ပါသည်။
ထို့နောက် ဦးမိုးအောင်ဇော်မှ ဒဂုံ-ဧရာအဝေးပြေးဂိတ်ရှိ သူငယ်ချင်းများအား သွားရောက်ခေါ်ဆောင်ပြီး တက်သစ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အဆိုပါလူငယ်(၂)ဦးအားလိုက်လံရှာဖွေရာ ယာဉ်ရှေ့ခန်းတွင်လိုက်ပါခဲ့သူ လူငယ်အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးရာ လှိုင်သာယာမြို့နယ်၊(၈)ရပ်ကွက်နေ ပိုင်မင်းလွင်၊ (၁၈)နှစ်၊ (ဘ)ဦးသိန်းစိုးဖြစ်ကြောင်းသိရှိရပြီး ထွက်ပြေးသွားသူမှာ ၎င်းနှင့် ယောက္ဖတော်စပ်သူ ကောင်းခန့်ဇော်၊ (၂၅)နှစ်ဖြစ်ကြောင်းသိရှိရပါသည်။
၎င်းတို့(၂)ဦးအား ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်း(ပ)၈၆/၂၀၁၄၊ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်အရေးယူကာ ထွက်ပြေးတိမ်းရှောင်သွားသူကောင်းခန့်ဇော်အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1rCkZWe
Comments
Post a Comment