ကြော်ငြာ Billboard များကို ၆၃ နေရာ ထပ်တိုးငှားရမ်း ခွင့်ပြုမည်
ရန်ကုန်၊ ဇွန် ၉
ရန်ကုန်မြို့တော်တွင် နေရာပေါင်း ၆၃ ခုတွင် ကြော်ငြာ Billboard (အမြဲတမ်း ဆိုင်းဘုတ်) များကို ထပ်တိုး စိုက်ထူထားပြီး ငှားရမ်း ကြော်ငြာခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာဌာနက အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ၄၅ ပေ x ၁၅ ပေ အရွယ်အစား ရှိသော အမြဲတမ်း ဆိုင်းဘုတ်များကို ရန်ကုန်မြို့တော်အတွင်း အချက်အချာကျသော နေရာများ၊ လမ်းဆုံလမ်းခွများ၌ နေရာပေါင်း ၆၃ ခုတွင် ထပ်တိုး စိုက်ထူးထားကာ ယခုဘဏ္ဍာရေးနှစ် အတွင်းတွင် အငှားချမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ငှားရမ်းမယ့် ဆိုင်းဘုတ် အားလုံးကို စိုက်ပြီးပါပြီ ဆိုတော့ ငှားရမ်း ကြော်ငြာလိုတဲ့ လုပ်ငန်းကုမ္ပဏီတွေ အနေနဲ့လည်း ဒီလကစပြီး လျှောက်ထားလို့ ရပါပြီ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ငှားရမ်း ကြော်ငြာလိုသူများအနေနှင့် ဆိုင်းဘုတ် တည်နေရာများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရုံးတွင် ထုတ်ပြန် ကြော်ငြာထားပြီး ငှားရမ်းလိုသော တည်နေရာကို လျှောက်ထားကာ ငှားရမ်းနိုင်ကြောင်း စီမံရေးရာဌာနက ထုတ်ပြန်ထားသည်။
ထပ်တိုးခွင့်ပြုမည့် ဆိုင်းဘုတ်နေရာများမှာ တောင်ဥက္ကလာပမြို့နယ်တွင် တစ်ခု၊ မြောက်ဥက္ကလာပမြို့နယ်တွင် ခုနစ်ခု၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် တစ်ခု၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ခြောက်ခု၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လေးခု၊ ကျောက်တံတားမြို့နယ်တွင် တစ်ခု၊ ပန်းပဲတန်းမြို့နယ်တွင် သုံးခု၊ လမ်းမတော်မြို့နယ်တွင် တစ်ခု၊ အလုံမြို့နယ်တွင် နှစ်ခု၊ စမ်းချောင်းတွင် ခြောက်ခု၊ ဒဂုံတွင် သုံးခု၊ တာမွေတွင် တစ်ခု၊ ဒလတွင် ၁ ခု၊ ဒေါပုံတွင် နှစ်ခု၊ ပုဇွန်တောင်တွင် တစ်ခု၊ ဗိုလ်တထောင်တွင် နှစ်ခု၊ သာကေတတွင် ငါးခု၊ မရမ်းကုန်းတွင် ငါးခု၊ မင်္ဂလာဒုံတွင် လေးခု၊ လှိုင်သာယာတွင် နှစ်ခု၊ အင်းစိန်တွင် ငါးခု ပါဝင်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။
from The Voice Weekly's Facebook Wall http://ift.tt/StUTrO
Comments
Post a Comment