မြန်မာနိုင်ငံတွင် AFC (A) လိုင်စင်ရ နည်းပြ အရေအတွက် ၃၉ ဦးအထိရှိလာ
ရဲရင့်ဋ္ဌေး| အင်္ဂါနေ့၊ ဇွန်လ ၃ ရက်၊ ၂၀၁၄ ခုနှစ်
မြန်မာ့ဘောလုံးလောကတွင် အာရှဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု A လိုင်စင်ရ နည်းပြအရေအတွက် ၁၅ ဦးသာ ရှိရာမှ ယခုအခါ မေလ ၆ ရက်မှ ဇွန်လ ၁ ရက်အထိ ဖွင့်လှစ်ခဲ့သော သင်တန်းအပြီးတွင် ၃၉ ဦးအထိရှိလာခဲ့ပြီ ဖြစ်သည်။
အဆိုပါ A လိုင်စင်သင်တန်းကို အာရှ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ပူးပေါင်းပြီး AFC (A) လိုင်စင်သင်တန်းကို မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား ၂၄ ဦး တက်ရောက်သင်ကြားကာ A လိုင်စင်ရခဲ့သည်။ ယင်း A လိုင်စင်သင်တန်းတွင် ဖိလစ်ပိုင်နိုင်ငံသား ကာစလစ်ဘ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဦးဝင်းသူမိုးတို့က သင်တန်းဆရာများအဖြစ် သင်ကြားပေးခဲ့သည်။
“ကျွန်တော်တို့နိုင်ငံမှာ A လိုင်စင်ရ နည်းပြအရေအတွက်က အရမ်းနည်းတယ်။အခုလို သင်တန်းမျိုးတွေ များများရှိတာ အကျိုး ရှိပါတယ်။ အဖွဲ့ချုပ်အနေနဲ့ နောက်ထပ်လည်း ဒီလိုသင်တန်းမျိုးတွေ ဆက်လုပ်ဖို့ ရှိပါတယ်” ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဦးဝင်းသူမိုး က ပြောသည်။
အာရှဘောလုံးအဖွဲ့ချုပ်၏ သတ်မှတ်ချက်အရ နိုင်ငံလက်ရွေးစင်အသင်းများ၏ နည်းပြချုပ်မှာ A လိုင်စင် ရှိရမည် ဖြစ်သောကြောင့် ယခုကဲ့သို့ မြန်မာနည်းပြများ A လိုင်စင်ရရှိရန် အဖွဲ့ချုပ်မှကြိုးပမ်းနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသော နည်းပြအရေအတွက် ၃၀၀၀ ကျော်သာရှိပြီး မြန်မာနေရှင်လိဂ်ကလပ်များကို တာဝန်ယူကိုင်တွယ်နေသော နည်းပြအများစုမှာ B လိုင်စင်သာ ရှိသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1l1ZCfC
Comments
Post a Comment