(မေလ ၅ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)
အရွယ်ရောက်ခြင်း၊ မရောက်ခြင်း
နှစ်တစ်နှစ် ပြောင်းသွားသည်နှင့် ကျွန်ုပ်တို့ အားလုံးလည်း အသက်တစ်နှစ် ကြီးသွားကြသည်။ သေချာသည်မှာ အသက်ကြီးသွားသည့် အခါတိုင်း ကျွန်ုပ်တို့သေဖို့ တစ်နှစ် နီးသွားခြင်းပင် ဖြစ်သည်။ အသက်တစ်နှစ် ကြီးသွားတိုင်း ကျွန်ုပ်တို့ ပြုအပ်သည့် ကိစ္စမှာ မိမိကိုယ်ကိုယ် ပြန်လှန် မေးခွန်းထုတ်ခြင်းပင် ဖြစ်သည်။ ပြန်လှန် မေးခွန်းထုတ်သည်များကို ဖြေဆိုကြည့်ပါက ကျွန်ုပ်တို့ အရွယ်ရောက်ပြီလော၊ အရွယ်မရောက်သေးသော ကလေးအရွယ် ဖြစ်နေသေးသလော ယေဘုယျအားဖြင့် သိနိုင်သည်။
ကုန်သွားသည့် တစ်နှစ်အတွင်း ကျွန်ုပ်တို့ ကြံစည်၊ အားထုတ်၊ လုပ်ကိုင် ဆောင်ရွက်သမျှသည် ကျွန်ုပ်တို့၏ ကိုယ်စီဘဝများနှင့် ကျွန်ုပ်တို့ ပါဝင် ပတ်သက်နေသော မိသားစုဘဝများ၊ အလုပ်ခွင်များ၊ အဖွဲ့အစည်းများ၊ ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်းအတွက် တန်ဖိုးရှိရှိ ဖြတ်သန်းခဲ့ပါသလော။ ကျွန်ုပ်တို့၏ အယူအဆ၊ အတွေးအခေါ်များ ဖွံ့ဖြိုးလာသလော၊ ခံယူချက်၊ စိတ်ထားများ ပိုရင့်ကျက်လာသလော၊ ရှုမြင်ပုံ မြင်ကွင်းများ ပိုကျယ်ပြန့်လာသလော၊ ကျွန်ုပ်တို့ လူဖြစ်လာစေရန် မွေးထုတ်ပေးခဲ့သည့် မိဘနှစ်ပါးကို တစ်နှစ်အတွင်း မည်မျှ ကျေးဇူးဆပ်နိုင်ခဲ့ပါသနည်း၊ ကျွန်ုပ်တို့၏ မွေးဇာတိ ဒေသကို မည်မျှ အကျိုးပြုခဲ့ပါသနည်း၊ ကျွန်ုပ်တို့ နေထိုင်ရာ နိုင်ငံအပေါ် မည်မျှ တာဝန်ကျေခဲ့ပါသနည်း၊ ကျွန်ုပ်တို့ လူသားမျိုးနွယ် အားလုံးကို မှီခိုအားထားရာ မြေကမ္ဘာ ရှည်ကြာစွာ တည်တံ့ရေး မည်မျှ ထည့်သွင်း စဉ်းစားခဲ့ပါသနည်းဟု မေးစရာ ရှိသည်။
ခြုံရလျှင် ကျွန်ုပ်တို့ ကုန်ခဲ့သည့် တစ်နှစ်အတွင်း မိမိကိုယ်ကျိုး အတ္တနှင့် အများအကျိုး ပရ၊ ကောင်းမှုကုသိုလ်နှင့် မကောင်းမှု အကုသိုလ် မည်သည့် အရာကို ပိုလုပ်ဖြစ်ခဲ့သနည်းဟု မေးရပေမည်။ ထိုမေးခွန်းများကို ဖြေကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့ ရောက်နေသော အဆင့်အတန်းကို (ဝါ) အရွယ်ကို သိနိုင်ပေမည်။
တစ်ခါတစ်ရံတွင် မိမိကိုယ်ကိုယ် မြှင့်တင်ခြင်း သက်သက်သာ အာရုံစိုက်သူများသည် မိမိတာဝန်ယူ ခေါင်းဆောင်သော မိသားစု၊ အဖွဲ့အစည်းများ ဖွံ့ဖြိုးရေးကိုမူ မေ့လျော့ထားတတ်ကြသည်။ ထို့ကြောင့် မိသားစု၊ အဖွဲ့အစည်းနှင့် လူ့အဖွဲ့အစည်း အချို့တွင် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ထွန်းလင်း ထွက်ပေါ်လာတတ်ပြီး ထိုတစ်ဦးလွန်သော် နောက်ထပ် အစားထိုးစရာ မရှိဘဲ အရာအားလုံး မှေးမှိန်သွားတတ်သည်။
မိသားစုတစ်စုတွင် အုပ်ထိန်းသူ ဖခင်ဖြစ်သူကသာ ကြိုးစား အားထုတ်မှုဖြင့် ရာထူးတစ်ဆင့်ပြီး တစ်ဆင့်တက်သွားကာ အောင်မြင် ထင်ရှားသူ ဖြစ်သွားသော်လည်း ၎င်းဦးဆောင်သော ကျန်မိသားစု ဝင်များကိုမူ လေ့ကျင့် ပျိုးထောင်မှု၊ တာဝန်ပေး၊ တာဝန်လွှဲအပ်မှု မရှိသောကြောင့် ဖခင် အပေါ်တွင်သာ အားလုံးက မှီခိုနေရသည့် အစွမ်းအစမဲ့သူများ ဖြစ်သွားတတ်သည့် သာဓကကဲ့သို့ပင် ဖြစ်သည်။
ကျွန်ုပ်တို့ တစ်ဦးချင်းစီသည် မိမိကိုယ်ကိုယ် အရွယ်ရောက်ရန် သက်သက်သာ စိတ်သန် ဆောင်ရွက်နေပါက၊ တစ်နည်းအားဖြင့် မိမိကိုယ်ကျိုး အတ္တကိုသာ အရောင်တင်ရန် ကြိုးစားနေပါက ကျွန်ုပ်တို့ မည်သည့်အခါမျှ အရွယ်ရောက်လာမည် မဟုတ်ပေ။ ထို့အတူ ကျွန်ုပ်တို့ တစ်ဦးချင်းစီ ပါဝင် ပတ်သက်နေသော မိသားစု၊ အဖွဲ့အစည်း၊ တိုင်း၊ နိုင်ငံနှင့် လူ့အဖွဲ့အစည်းများလည်း အရွယ်ရောက်လာမည် မဟုတ် ဆိုသည်ကို အဓိက ပြောလိုရင်း ဖြစ်သည်။
အယ်ဒီတာ (၄-၅-၂၀၁၄)
from The Voice Weekly's Facebook Wall http://ift.tt/1iTbJ9f
Comments
Post a Comment