(မေလ ၂၁ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)
ထိုင်း သင်ခန်းစာ
ပြီးခဲ့သည့် နာရီပိုင်း အတွင်းကပင် ထိုင်းစစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာကာ ဘန်ကောက်မြို့တော်ရှိ အစိုးရ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဓိက အဆောက်အအုံများတွင် နေရာယူ တပ်စွဲထားလိုက်ကြသည်။ ယင်းမတိုင်ခင် ကာလများက ယင်းလပ်အစိုးရကို ဆန့်ကျင်သော အုပ်စုနှင့် ထောက်ခံသော အုပ်စုများအကြား အကြမ်းဖက် တိုက်ခိုက်လာနိုင်သည့် အရိပ်အယောင်များ ရှိနေခဲ့သည်။ တစ်နည်းအားဖြင့် ဆိုရပါက ထိုင်းနိုင်ငံ၏ မငြိမ်မသက်မှု များသည် ပြည်တွင်းစစ် ဖြစ်သွားနိုင်သည်အထိ အခြေအနေ ဆိုးသွားနိုင်သောကြောင့် ထိုင်းစစ်တပ်က စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းလိုက်ခြင်းပင် ဖြစ်သည်။
ထိုင်းနိုင်ငံရေးသည် စင်စစ်အားဖြင့် ငွေကြေး ချမ်းသာသူများ၊ မြို့နေ ပညာတတ် လူတန်းစားများ ပါဝင်သည့် ရှပ်ဝါ အီလစ်အုပ်စုနှင့် မြို့ပြဆင်ခြေဖုံးနှင့် ကျေးလက်ဒေသနေ အခြေခံ ထိုင်းပြည်သူ ရှပ်နီများအကြား ပဋိပက္ခဟု ယေဘုယျအားဖြင့် ဆိုနိုင်သည်။ သို့သော် ယင်းပဋိပက္ခ နောက်ကွယ်တွင် နိုင်ငံ့စီးပွား ရာနှုန်းအများစုကို ချုပ်ကိုင်ထားသည့် ဘုရင့် ဆွေတော်မျိုးတော်များ၊ ၎င်းတို့နှင့် ဆက်စပ်ပတ်သက်သူ အီလစ်များ၊ စစ်ဗိုလ်ချုပ်ဟောင်းများနှင့် ရဲချုပ်ဟောင်း၊ ဥပဒေဘွဲ့ရ၊ ဝန်ကြီးချုပ်ဟောင်း၊ ဆက်သွယ်ရေး ကုမ္ပဏီသူကြွယ် သက်ဆင်ရှင်နာဝပ်၊ နှမဖြစ်သူ ယင်းလပ်တို့၏ နိုင်ငံရေး သြဇာထူထောင်ရေး၊ အာဏာနိုင်ငံရေး အားပြိုင်မှု ရှိနေသည်။
ထိုင်းအတိုက်ခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များသည် ရွေးကောက်ပွဲဖြင့် အနိုင်ရကာ ဝန်ကြီးချုပ် ဖြစ်လာသူ ယင်းလပ် ဦးဆောင်သော အစိုးရကို ဆန်စပါး ဝယ်ယူမည့် နိုင်ငံတော် ဘဏ္ဍာငွေများအား ၎င်းတို့ပါတီ အနိုင်ရရှိရေးအတွက် အလွဲသုံးစား ပြုသည်ဟူသော စွပ်စွဲချက်ဖြင့် ဝန်ကြီးချုပ်ရာထူးမှ ထုတ်ပယ်ရန် ကြိုးစားခြင်း၊ ရှပ်ဝါများက ထိုလုပ်ရပ်ကို ထောက်ခံကာ ယင်းလပ်အစိုးရ နုတ်ထွက်ပေးရန် ကြီးမားသည့် လူစုလူဝေးဖြင့် ဆန္ဒပြ တောင်းဆိုခြင်းတို့ကို ယင်းလပ်အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးခြင်းဖြင့် တုံ့ပြန်ခဲ့သည်။
အစိုးရအဆက်ဆက် နှစ်ပေါင်းများစွာ လျစ်လျူရှုခံ ထားခဲ့ရသော အခြေခံ ထိုင်းပြည်သူလူထုကို ပါးနပ်လိမ္မာသော သက်ဆင်ရှင်နာဝပ်က အတိုင်းအတာ တစ်ခုအထိ လူနေမှု အဆင့်အတန်း မြှင့်တင်ပေးနိုင်ခဲ့ရာ ၎င်းအပေါ် ထောက်ခံမှုများစွာ မြင့်မားလာခဲ့ခြင်း ဖြစ်သည်။ သို့သော် အခြားတစ်ဖက်တွင်လည်း အာဏာကို လိုသည်ထက် ပိုသုံးကာ မီဒီယာ လွတ်လပ်ခွင့်ကို ကန့်သတ်ရန် ကြိုးစားလာခြင်း၊ ဝန်ကြီးချုပ်အာဏာ ပိုကြီးမားလာစေရန် လွှတ်တော်ကိုကျော်ကာ အခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးစားလာခြင်း၊ မူးယစ်ဆေးဝါး သမားများနှင့် ထိုင်းတောင်ပိုင်း ပဋိပက္ခကို သွေးထွက်သံယို နှိမ်နင်းခဲ့ခြင်း တို့ကြောင့် နာမည်ပျက်ခဲ့သော သက်ဆင်အပေါ် ထိုင်းပညာတတ်များကလည်း သဘောမကျကြပေ။
ပြည်ပြေးဘဝ ရောက်သွားသော်လည်း ၎င်း၏နှမဖြစ်သူ ယင်းလပ်ကို ဝန်ကြီးချုပ် ဖြစ်စေခဲ့သည်အထိ သက်ဆင်၏ သြဇာအရှိန်အဝါ ရှိနေခြင်းမှာလည်း အကြောင်းမဲ့ မဟုတ်ပေ။ အခြေခံ ထိုင်းပြည်သူများကို ကူညီမြှင့်တင်ပေးသည့် စီမံကိန်းများ လက်တွေ့အကောင်အထည် ဖော်ပေးခဲ့ခြင်းကြောင့် ရွေးကောက်ပွဲ ထပ်မံကျင်းပလျှင်လည်း ယင်းလပ်ခေါင်းဆောင်သော ဖေ့အ်ထိုင်း ပါတီကသာ အနိုင်ရရှိဦးမည် ဖြစ်သည်။
ထိုအခြေအနေကို သိရှိထားသော အတိုက်အခံ ဒီမိုကရက်ပါတီသည် ယင်းလပ်ကို တရားရုံးတင်ပြီး အရေးယူခြင်းဖြင့် သက်ဆင်မျိုးဆက်ကို ထိုင်းနိုင်ငံရေးမှ ထွက်ခွာသွားစေရန် ကြိုးစားခဲ့သည်။ ထိုအခါ ရှပ်နီနှင့် ရှပ်ဝါများအကြား တဖြည်းဖြည်း တင်းမာလာကာ ပြည်တွင်းစစ် ဖြစ်သွားနိုင်ကြောင်း ရှပ်နီအုပ်စုက ခြိမ်းခြောက် ပြောကြားလိုက်ပြီးနောက် တင်းမာမှု အရှိန်အမြင့်ဆုံးသို့ ရောက်သွားချိန်တွင် ထိုင်းစစ်တပ်က အခြေအနေကို ဝင်ရောက် ကိုင်တွယ်လိုက်ခြင်း ဖြစ်သည်။ ထိုင်းစစ်တပ်သည် ထိုင်းနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးအလို့ငှာ အခြေအနေအရ စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းရသော်လည်း အာဏာသိမ်းခြင်း မဟုတ်ဟု ငြင်းဆိုထားသည်။
ဤနေရာတွင် အထူးသတိထားရမည့် အချက်မှာ ထိပ်တိုက်တွေ့နေသော ရှပ်နီနှင့် ရှပ်ဝါအုပ်စု နောက်ကွယ်မှ အင်အားစု နှစ်ခုစလုံးသည် ထိုင်းပြည်သူများနှင့် ထိုင်းနိုင်ငံ၏ အကျိုးစီးပွားထက် ၎င်းတို့ အာဏာတည်မြဲရေး၊ ကိုယ်ကျိုး စီးပွားကာကွယ်ရေးအတွက် ၎င်းတို့ကို ထောက်ခံသူများအား အသုံးချနေသည့် ကစားကွက် ဖြစ်သည်။ လက်ရှိတွင်ပင် ထိုင်းနိုင်ငံရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၊ ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများ ကြီးစွာ ထိခိုက်နစ်နာလျက် ရှိသည်။ ထိုင်းစီးပွားရေး တစ်ခုလုံးအတွက် အထူးစိုးရိမ်ဖွယ် ရှိနေသည်မှာ ရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သွယ်ဖက် နိုင်ငံများ၏ ယုံကြည်မှု ကျဆင်းသွားမည့် အန္တရာယ် ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း လက်ရှိ ကြုံတွေ့နေရသည့် ရှေ့မတိုး နောက်မဆုတ် နိုင်ငံရေး အခြေအနေများကို ထိုင်းနိုင်ငံထံမှ သင်ခန်းစာယူကြည့်လျှင် လူပုဂ္ဂိုလ် တစ်ဦးချင်းမှသည် မိမိတို့အုပ်စု၊ အင်အားစု၊ အဖွဲ့အစည်း၏ သြဇာအာဏာနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးထက် သန်းခြောက်ဆယ်သော တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးနှင့် ပြည်ထောင်စု နိုင်ငံတော် တစ်ခုလုံး၏ အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာကို အလေးထားနိုင်ကြလိမ့်မည်ဟု မျှော်လင့်ရသည်။
အယ်ဒီတာ (၂၀-၅-၂၀၁၄)
from The Voice Weekly's Facebook Wall http://ift.tt/1vD7mt9
Comments
Post a Comment