(မေလ ၁၃ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)
အာဆီယံဥက္ကဋ္ဌ မြန်မာနှင့် တောင်တရုတ်ပင်လယ်အရေး
မြန်မာနိုင်ငံသည် အာဆီယံခေါ် အရှေ့တောင်အာရှ နိုင်ငံများအသင်း၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူပြီး အာဆီယံထိပ်သီး အစည်းအဝေးများကို ပထမဦးဆုံးအကြိမ် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပပေးလျက် ရှိသည်။ ထိုအစည်းအဝေးများနှင့်အတူ အာဆီယံနိုင်ငံများ အချင်းချင်း နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးများ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်နေသည့် ကိစ္စရပ်များ အပြင် အခါအားလျော်စွာ ပေါ်ပေါက်လာသော အခက်အခဲ၊ ပြဿနာများကို စေ့စပ်ညှိနှိုင်းသော နည်းလမ်းဖြင့် ဖြေရှင်းရန် ဆွေးနွေး အဖြေရှာကြသည်။
မြန်မာနိုင်ငံတွင် ယခုနှစ် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် မီဒီယာများ အပါအဝင် ကမ္ဘာတစ်ဝန်းက လေ့လာစောင့်ကြည့်သူများ စိတ်ဝင်စားကြသည်မှာ တောင်တရုတ်ပင်လယ်ပြင်ရှိ ကျွန်းစုများနှင့် ရေပိုင်နက် ကိစ္စအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် ဗီယက်နမ်၊ ဖိလစ်ပိုင် နိုင်ငံတို့အကြား အငြင်းပွား တင်းမာမှုများကို မည်သို့ ကိုင်တွယ် ဖြေရှင်းမည် ဆိုသော ကိစ္စပင် ဖြစ်သည်။
အာဆီယံဥက္ကဋ္ဌ ရာထူးတာဝန်ကို ပထမဦးဆုံးအကြိမ် တာဝန်ယူ စီမံခန့်ခွဲရမည့် မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံနှင့် များစွာ အလွန်းသင့်သည့် ဆက်ဆံရေး ရှိခဲ့ခြင်းကို အသုံးချကာ ဤအရေးကိစ္စကို နှစ်ဖက်စလုံးက လက်ခံနိုင်သည့် ကြားဝင် စေ့စပ်မှုဖြင့် သဘောတူညီမှု တစ်စုံတစ်ရာ ဆောင်ကြဉ်းနိုင်ပါက အာဆီယံ ဂုဏ်သိက္ခာနှင့် မြန်မာနိုင်ငံ၏ အဆင့်အတန်းကို ပိုမို တောက်ပြောင်လာစေမည် ဖြစ်သည်။
ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ် တစ်ဟုန်ထိုး ဖွံ့ဖြိုးလာသော တရုတ်နိုင်ငံသည် ဒေသတွင်းနိုင်ငံများနှင့် ၎င်း၏ ကမ္ဘာ့အကြီးဆုံး စီးပွားရေး၊ ကုန်သွယ်ရေး လုပ်ငန်းများ အားပြုကာ ချစ်ကြည်ရင်းနှီးမှုမပျက် ဆက်ဆံရေးနည်းလမ်း (Soft Power) နှင့် စစ်အင်အား တိုးချဲ့ကာ စွာကျယ် မောက်မာသော အပေါ်စီး ဆက်ဆံရေးနည်းလမ်း (Hard Power) တစ်မျိုးမျိုးသုံးကာ ဒေသတွင်းတွင် သြဇာ ထူထောင်လာနိုင်ကြောင်း အရှေ့တောင်အာရှ၏ နိုင်ငံရေးသုခမိန် လီကွမ်ယူးက ဟောကိန်းထုတ် သတိပေးခဲ့ဖူးသည်။
ယနေ့ တရုတ်နိုင်ငံသည် လီကွမ်ယူး ဟောကိန်းထုတ်ခဲ့သည့် နည်းလမ်း နှစ်မျိုးအနက် မည်သည့် နည်းလမ်း ရွေးချယ်နေသည်ကိုမူ လောလောဆယ် ယတိပြတ်ပြောရန် ခက်သော်လည်း ဒုတိယနည်းလမ်း အသုံးများလာသည်ကို တွေ့ရသည်။ အာဆီယံနိုင်ငံတွင် တရုတ်နိုင်ငံ၏ သြဇာကို မလွန်ဆန်နိုင်သည့် ကမ္ဘောဒီးယားနှင့် ဘရူနိုင်းကဲ့သို့ နိုင်ငံအချို့ ရှိနေလင့်ကစား ထိုနည်းလမ်း နှစ်မျိုးအနက် ပထမနည်းလမ်းကို ရွေးချယ်စေရန်မှာ အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံး၏ စည်းလုံးညီညွတ်မှု၊ ရေရှည် မြော်မြင်နိုင်မှုတို့ အပေါ်တွင် မူတည်သည်။
တစ်နှစ်ပြီးတစ်နှစ် အလုပ်လုပ်နိုင်သော ငယ်ရွယ်သူ လုပ်သားထုဦးရေ တိုးတက်လာပြီး လူဦးရေ စုစုပေါင်း သန်း ၆၂၀ ကျော် ရှိနေသော အာဆီယံ ဆယ့်တစ်နိုင်ငံ အနေနှင့် လူအိုအရေအတွက် တစ်နေ့တခြား တိုးပွားလာကာ အလုပ်လုပ်နိုင်သော အရွယ်ငယ်သူဦးရေ ကျဆင်းလာသော လောလောဆယ် လူဦးရေ ၁၃ ဘီလီယံ (သန်း ၁၃၀၀ ကျော်) ရှိ တရုတ်နိုင်ငံကို မိတ်မပျက် တန်းတူရည်တူ ဆက်ဆံနိုင်ရန် ရေရှည်စီမံကိန်းများဖြင့် ပြင်ဆင်ထားရန် အထူးလိုအပ်လှသည်။
စစ်အင်အားကို အရင်ပြုထားသည့် ပါဝါအမာထက် အသိဉာဏ် စွမ်းရည်နှင့် စီးပွားရေးအပေါ် အခြေပြုထားသည့် ပါဝါ အပျော့သည်သာ ရေရှည်တွင် အသာရနိုင်သည် ဆိုသော်လည်း ထိုပါဝါနှစ်ခုကို မျှခြေ ဖြစ်စေရန် ထိန်းညှိ သုံးစွဲနိုင်လျှင် မည်သည့်နိုင်ငံနှင့်မဆို ချစ်ကြည်ရင်းနှီးစွာ တန်းတူရည်တူ ဆက်ဆံနိုင်မည် ဖြစ်သည်။
ပူပူနွေးနွေး အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံအနေနှင့် မာန်မာနကြီးကာ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်ကြီး၊ အင်အားကြီး တရုတ်နိုင်ငံနှင့် ကမ္ဘာပေါ်တွင် ပဒေသာစုံ ယဉ်ကျေးမှုဖြင့် အထူးဆန်းသစ် ဖွံ့ဖြိုးလာတော့မည့် တက်သစ်စနေ အာဆီယံအကြား မည်မျှ ချိန်ခွင်လျှာ ညှိနိုင်မည် ဆိုသည်မှာ များစွာ စိတ်ဝင်စားဖွယ် ဖြစ်သည်။
အထူးသဖြင့် မြန်မာနိုင်ငံအနေနှင့် ယခင်အစိုးရ လက်ထက်က အလွန်အကျွံ ရင်းနှီးသည့် ဆက်ဆံရေး ရှိခဲ့သည့် တရုတ်နိုင်ငံနှင့် အာဆီယံအကြား ပြဿနာများ ဖြေရှင်းပုံ၊ ဖြေရှင်းနည်းသည် လက်ရှိ အာဆီယံဥက္ကဋ္ဌ ရာထူးနှင့် မည်မျှ ထိုက်တန်ကြောင်း ပြသရာ ရောက်မည်ကို အထူးသတိပြုအပ်ပေသည်။
အယ်ဒီတာ (၁၂-၅-၂၀၁၄)
from The Voice Weekly's Facebook Wall http://ift.tt/SVpZK3
Comments
Post a Comment