(မေလ ၂ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)
ဖွံ့ဖြိုးရေးလား၊ နိုင်ငံရေးလား
အရှေ့အာရှ ဒေသတွင်း ဖွံ့ဖြိုး တိုးတက်သွားသော နိုင်ငံများသည် နိုင်ငံရေးထက် ဖွံ့ဖြိုးရေးကို ဦးစားပေးခဲ့သော နိုင်ငံများ ဖြစ်သည်ကို ပညာရှင်ပေါင်း များစွာက လေ့လာ တွေ့ရှိခဲ့ကြပြီး ဖြစ်ရာ အရှေ့အာရှ ဒေသတွင်းမှ ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နေသော မြန်မာနိုင်ငံ အနေနှင့်လည်း ထိုသင်ခန်းစာကို ခေါင်းတွင် သံမှိုနှက်သကဲ့သို့ စွဲမြဲရန် အရေးကြီးပါသည်။
မြန်မာနိုင်ငံတွင်းတွင် ဖွံ့ဖြိုးရေးသည် နိုင်ငံရေးနှင့် ယှဉ်လိုက်လျှင် အမြဲတမ်း နောက်ကောက်ကျပြီး နောက်လိုက် အဆင့်ဖြင့်သာ ရပ်တည်ခဲ့ရသည်ကို လွတ်လပ်ရေးရပြီး မြန်မာ့သမိုင်း တစ်လျှောက်တွင် မြင်ရသည်။ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံသည် တက်သင့်သလောက် မတက်ဘဲ အများနောက်တွင် ကျန်ရစ်ခဲ့သည်မှာ တိုက်ဆိုင်မှု မဟုတ်ပါ။
ခေတ်အဆက်ဆက် မည်သည့်ပါတီ၊ အဖွဲ့အစည်း အာဏာရသည် ဖြစ်စေ လူနှင့် လုပ်ပုံကိုင်ပုံ၊ အဝတ်အစားသာ ပြောင်းသွားကာ ဖွံ့ဖြိုးရေးကို နိုင်ငံရေးလောက် ဦးစားမပေးသော အချက်တွင်မူ ဒီပုတ်ထဲက ဒီပဲချည်းသာ ဖြစ်သည်။
အာဏာရ အဖွဲ့အစည်း ပါတီများသည် နိုင်ငံရေးခံယူချက်၊ မိမိအား အာဏာရရန် ထောက်ခံသူများ နေရာရရေး၊ လုပ်ပိုင်ခွင့်ရရေး၊ ကျေနပ်နှစ်သိမ့်စေရေး တို့ကိုသာ အဓိကထားကာ နိုင်ငံ တိုးတက်အောင် ဆောင်ရွက်ရေးကိုမူ သာမညအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
ခေတ်အဆက်ဆက် အစိုးရယန္တရားကို တက်စီးနိုင်သူများသည် သူတို့၏ အချိန်များကို အာဏာမရသေးလျှင် အာဏာရရန်၊ အာဏာရပြီးသား ဆိုလျှင် ဆက်လက် အာဏာတည်မြဲရန် အတွက်သာ အများစု သုံးစွဲခဲ့ပြီး နိုင်ငံတိုးတက်အောင် ကြံစည် ဆောင်ရွက်ခြင်းများတွင်မူ အချိန်ပေးမှု နည်းပါးခဲ့သည်။ ပါတီတွင်း၊ အဖွဲ့အစည်းတွင်း အာဏာလုပွဲများ၊ ဆရာမွေး တပည့်မွေးခြင်း များကိုသာ အားစိုက် လုပ်ဆောင်ကြပြီး နိုင်ငံကို ရှေ့သို့ရောက်အောင် တီထွင်ဖန်တီးမှု လုပ်ဆောင်ရာတွင် ခေတ်အဆက်ဆက် အားနည်းခဲ့ကြသည်။
တစ်ဖန် မူဝါဒတစ်ခု၊ အကြံဉာဏ်တစ်ခုကို လက်ခံသင့် မခံသင့်ကို မိမိတို့ နိုင်ငံရေး ခံယူချက်နှင့် ကိုက်မကိုက်၊ ယူဆောင်လာသော သူ၏ နောက်ခံ၊ ထိုမူဝါဒကို ကျင့်သုံးလိုက်လျှင် မိမိ၏ နောက်တော်ပါ ထောက်ခံသူများ ထိခိုက်မခိုက်၊ မိမိ၏ အကျိုးစီးပွား ကျဆင်းနိုင်စွမ်း ရှိ မရှိကိုသာ ကြည့်ပြီး ထိုမူဝါဒ၏ နိုင်ငံတစ်နိုင်ငံလုံးကို အကျိုးသက်ရောက်နိုင်စွမ်းကိုမူ လျစ်လျူရှုခဲ့ကြသည်။
နိုင်ငံရေးတည်းဟူသော ဆန်ခါကြီးနှင့် တိုက်ချလိုက်သည့်အခါ အများပြည်သူအတွက် အကောင်းဆုံး ဖြစ်စေမည့် မူဝါဒများ တင်ကျန်ရစ်ခဲ့ခြင်း မရှိသည့်အတွက် ဒုတိယ၊ တတိယတန်းစား မူဝါဒများသည်သာ နိုင်ငံဖွံ့ဖြိုးရေး မူဝါဒများ ဖြစ်လာသည်။ တစ်ဖန် နိုင်ငံရေး ခံယူချက်ကို ဦးစားပေးကာ လူရွေးသည့်အတွက် အကောင်အထည်ဖော်မည့် သူများနေရာတွင် ဒုတိယတန်းစား၊ တတိယတန်းစား သူများသာ ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် ဒုတိယ၊ တတိယတန်းစား မူဝါဒများကို ဒုတိယ၊ တတိယတန်းစား ပုဂ္ဂိုလ်များနှင့်သာ အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ဝမ်းနည်းဖွယ် တွေ့မြင်ရသည်။
သမိုင်းတစ်လျှောက် မှားခဲ့သော အထက်ပါ အမှားတို့ကို ပြုပြင်ပြောင်းလဲရေး ကာလတွင် (လက်ရှိနှင့် ၂၀၁၅/၂၀၁၆ အလွန်) ထပ်မမှားရန် လိုပါသည်။
အယ်ဒီတာ ( ၁.၅.၂၀၁၄)
from The Voice Weekly's Facebook Wall http://ift.tt/1ubvXo7
Comments
Post a Comment