နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် NCCT မေ၂၁ တွေ့ဆုံမည်
မြစ်ကြီးနား၊ မေ ၁၄
ပြည်ထောင်စ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး စာချုပ် ရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲကို မေလ ၂၁ ရက်နေ့၌ ပြုလုပ်ရန် သတ်မှတ်လိုက်ကြောင်း NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
NCCT အဖွဲ့ အစည်းအဝေးကို မေလ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့၌ ပြုလုပ်အပြီး ယင်းသို့ သတ်မှတ်ခြင်း ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။
“ဒီနေ့ အစည်းအဝေးမှာတော့ အစိုးရနဲ့ ပထမအကြိမ် အပစ်ရပ်စာချုပ် မူကြမ်း သဘောတူညီချက်တွေကို ပြန်သုံးသပ်တာ။ လာမယ့် ဆွေးနွေးပွဲမှာ ညှိနှိုင်းမယ့် အကြောင်းအရာတွေကို ဆွေးနွေးဖြစ်ပါတယ်” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သူ ဖဒိုကွယ်ထူးဝင်းက ပြောဆိုသည်။
အစိုးရနှင့် NCCT ဆွေးနွေးပွဲကို မူလက မေလ ၁၉ ရက်နေ့ သတ်မှတ်ထားသော်လည်း NCCT အဖွဲ့ဝင်အချို့ ကေအိုင်အို ဌာနချုပ် လိုင်ဇာသို့ သွားရောက်မည် ဖြစ်သည့်အတွက် ရက်အနည်းငယ် နောက်ဆုတ်ခြင်း ဖြစ်ပြီး အခြားအပြောင်းအလဲ မရှိကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)မှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။
သြဂုတ်လ မတိုင်မီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ်ကို ပူးတွဲ ပြုစုနေခြင်း ဖြစ်ပြီး စာချုပ်ပါ အချက် သုံးပုံနှစ်ပုံခန့် နှစ်ဖက်သဘောတူပြီး ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
မေလ ၁၅ ရက်နေ့တွင် မြစ်ကြီးနားမြို့ မနောကွင်း၌ ကေအိုင်အိုနှင့် ဒေသခံ ကချင်လူထု တွေ့ဆုံပွဲ ပြုလုပ်မည် ဖြစ်ကြောင်း၊ မေလ ၁၆ ရက်နေ့တွင် NCCT ခေါင်းဆောင်များ ကေအိုင်အို ဌာနချုပ် လိုင်ဇာသို့ သွားရောက်၍ အပစ်ရပ် ညှိနှိုင်းမှုများကို ကေအိုင်အို ဗဟိုကော်မတီသို့ ရှင်းလင်း တင်ပြမည် ဖြစ်ကြောင်း NCCT ထံမှ သိရသည်။
from The Voice Weekly's Facebook Wall http://ift.tt/1qEC0Cg
Comments
Post a Comment