#GODZILLA နဲ့ စေတန်ရဲ့ ကချေသည်
စည်သူအောင်မြင့်
ပြီးခဲ့တဲ့တစ်ပတ်ကျော်က ရန်ကုန်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ “စေတန်ရဲ့ ကချေသည်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား မြို့လယ် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပါတယ်။ လူတွေ သတိမထားမိလိုက်တာ တစ်ခုကတော့ အဲဒီ မြန်မာဇာတ်ကား ရုံတင်ချိန် သူ့အနားမှာ ဟောလိဝုဒ်ဇာတ်ကားတွေ အပြိုင်အဆိုင် ရုံတင်ပြသနေတာပါ။ ဟောလိဝုဒ်ဇတ်ကားတွေဆိုတာကလည်း နယ်နယ်ရရ ဇာတ်ကားတွေ မဟုတ်ပါဘူး။ အမေရိကား Box Office မှာ ရုံဝင်ခအမြင့်ဆုံး စံချိန်တင်ထားတဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ Captain America, Spider-man 2, Rio 2 ဇာတ်ကားတွေပါ။ အမေရိကားမှာ တစ်ပတ်အတွင်း ရုံဝင်ခ ဒေါ်လာသန်း ၇၀ အထက် ရကြတဲ့ ဇတ်ကားတွေချည်းပါ။ ဒါတင်မက ဒီဇတ်ကားတွေဟာ အမေရိကားမှာ စရုံတင်ပြီး နှစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ပြတာမို့ အမေရိကားနဲ့ တစ်ပြိုင်နက်တည်း နီးပါးလို့တောင် ပြောနိုင်ပါတယ်။ အဲရန်ကုန်မှာ ရုံတင်တော့လည်း လူကြိုက်များတာပါပဲ။ ၀င်ငွေကောင်းတာပါပဲ။ “စေတန်ရဲ့ ကချေသည်” ဟာ အဲဒီဇာတ်ကားတွေနဲ့အပြိုင် ပြခဲ့ရာမှာ သတ်မှတ်ဝင်ငွေကျော်ခဲ့လို့ မြို့လယ်အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရက်ထပ်တိုး ပြသခွင့်ရခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ခဲ့ပါတယ်။ ကြိုးစားရင် မြန်မာရုပ်ရှင်ဇာတ်ကားတွေ ဟောလိဝုဒ်ဇာတ်ကားတွေကို ပြည်တွင်းမှာ ဈေးကွက်အရ တကယ်ပြိုင်ဆိုင်နိုင်တယ်ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့ မယ်။
“စေတန်ရဲ့ ကချေသည်” ပြိုင်ရတာ အစောကပြောတဲ့ ဇာတ်ကားတွေလောက်ပဲ လားဆိုတော့ မကသေးပါဘူး။ ပြီးခဲ့တဲ့ အပတ်ကဆို အမေရိကားမှာတစ်ပတ်အတွင်း ဒေါ်လာသန်း ၉၀ ကျော်ဝင်တဲ့ GODZILLA ဇာတ်ကားကြီး၊ ခုတစ်ပတ်ဆို တစ်ပတ်အတွင်း ဒေါ်လာသန်း ၁၀၀ ကျော်စံချိန် ချိုးဝင်ခဲ့တဲ့ X-men ဇာတ်ကား တွေတောင် ပါဝင်ခဲ့ပါတယ်။ နောက်ထူးခြားတာက အဲဒီဇာတ်ကားအားလုံးဟာ အလွန်ကြည့်ကောင်းတဲ့ 3D စနစ်နဲ့ ရုံတင်လာတာပါ။ မြန်မာပရိသတ်တွေဟာ တစ်ဖက်မှာ ဟောလိဝုဒ်ဇာတ်ကားတွေကို ကြည့်ကြသလို၊ မြန်မာဇာတ်ကားကို ကြိုက်ရင်လည်း အားပေးကြတာပါပဲ။ အားပေးတော့ ၀င်ငွေ အမြတ်အစွန်းလည်း ရကြပါတယ်။
ဒီလို ပြောရတာဟာ အကြောင်းရှိပါတယ်။ မြန်မာရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဗီဒီယို ဇာတ်ကား ထုတ်လုပ်ရေးနယ်ပယ်က ထုတ်လုပ်သူ အတော်များများဟာ သူတို့ အရည်အသွေး ကျဆင်းနေတာ၊သူတို့ထုတ်လုပ်လိုက်တဲ့ ဇာတ်ကားတွေကို ပြည်သူတွေ သိပ်ပြီး မကြည့်ချင်ကြဘူးဆိုတာ ၀န်မခံတတ်ကြပါဘူး။ ထုံးစံအတိုင်းရုံတင် နိုင်ငံခြားဇာတ်ကားတွေ၊ နိုင်ငံခြားဇာတ်ကား ဒီဗီဒီအချပ်တွေ၊ ရုပ်ရှင်ဇာတ်ကားတွေကို ဖောဖောသီသီ ပြနေတဲ့ ရုပ်သံလိုင်းတွေကို အပြစ်ဖို့ကြပါတယ်။ တစ်ဆက်တည်း နိုင်ငံခြား ဒီဗီဒီဓာတ်ပြားတွေကို အရေးယူထိန်းချုပ်ဖို့၊ အမြို့မြို့အနယ်နယ်မှာ ဖွဲ့ထားတဲ့ ဗီဒီယိုအခြေခံ အစည်းအရုံးတွေကနေ တစ်ဆင့် ဗီဒီယိုခွေအငှားဆိုင်တွေကို ထိန်းချုပ်ဖို့၊ သူတို့ထုတ်လုပ်တဲ့ ဇာတ်ကားဓာတ်ပြားတွေကို မ၀ယ်မနေရ စည်းကမ်းချက်တွေ ထုတ်ဖို့ ကြိုးစားကြပါတယ်။ တကယ်တော့ သူတို့ ဒီလိုလုပ်တာခုမှ မဟုတ်ပါဘူး။ အရင် စစ်အစိုးရက တင်းတင်းကျပ်ကျပ် ဖိနှိပ်အုပ်ချုပ်ထားတဲ့ အချိန်ကတည်းက လုပ်ခဲ့ကြတာပါ။
အဲဒီထုတ်လုပ်သူ စီးပွားရေးသမားတွေဟာ ရုပ်ရှင်အနုပညာ လွတ်လပ်စွာထုတ်လုပ်ခွင့် တောင်းဆိုတိုက်ပွဲဝင်တာမျိုးမလုပ်ခဲ့ဘဲ စောစောကပြောသလို နိုင်ငံခြားဇာတ်ကား ဓာတ်ပြားတွေကို ပိတ်ပင်ပေးဖို့၊ ဖမ်းဆီးပေးဖို့၊ ဗီဒီယိုဓာတ်ပြားအငှားဆိုင်တွေကို ထိန်းချုပ်ပြီး သူတို့ဇာတ်ကားတွေကိုပဲ ငှားစေဖို့ လုပ်ကိုင်လာခဲ့တာ ဒီနေ့အချိန်ထိပါပဲ။ ဒါကြောင့်လည်း လွတ်လပ်ပွင့်လင်း လာတယ်ဆိုတဲ့ ဒီနေ့ခေတ်ရောက် တဲ့တိုင် ပြည်တွင်းမှာ နိုင်ငံခြားရုပ်ရှင်ဓာတ်ပြား တရားဝင်လိုင်စင်ရယူပြီး ဖြန့်ဖြူး ရောင်းချတာ၊ အငှားဆိုင်တွေကနေ ငှားတာ လုံးဝမရှိခဲ့ပါဘူး။ လက်ရှိ နိုင်ငံခြားဓာတ်ပြားရောင်းနေတဲ့ ဆိုင်တွေအားလုံး တရားမ၀င်ဖြစ်ပြီး ဓာတ်ပြားတွေအားလုံးကလည်း တရားမ၀င်ဓာတ်ပြားတွေချည်းပါ။ ပြည်သူအားလုံးကြည့်နေတဲ့ ဓာတ်ပြား ဇာတ်ကားအားလုံး တရားမ၀င်တွေချည်းပါ။ လမ်းဘေးမှာရောင်းနေတဲ့ဆိုင် အားလုံး ရဲကို လိုင်းကြေးပေးပြီး ရောင်းနေကြတာ ချည်းပါ။
ပြောချင်တာ အရင်ခေတ်က ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ အရည်အသွေးမရှိတာ၊ အဲဒီစီးပွားရေးလုပ်ငန်းတွေ မထွန်းကားတာဟာ စစ်အစိုးရဖိနှိပ်ထားလို့ဆိုပြီး အကြောင်းပြသူပြ၊ နိုင်ငံခြား ရုပ်ရှင်တွေကို လက်ညှိုး ထိုးသူထိုး လုပ်ခဲ့ကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ခုဆိုရုပ်ရှင်နဲ့ အနုပညာဖန်တီးခွင့် အထိုက်အလျောက် လွတ်လပ်ခွင့်ရနေကြပါပြီ။ဘယ်သူ့မှ လက်ညှိုးမထိုးဘဲ ကြိုးစားရင် ဖြစ်နိုင်တယ်ဆိုတာ အခု “စေတန်ရဲ့ ကချေသည်” ဇာတ်ကားမျိုးကလည်း သက်သေပြနေပါတယ်။
နောက်ပြဿနာတစ်ခုက မြန်မာနိုင်ငံမှာ ရုပ်ရှင်ရုံတွေ နည်းပါးလာတဲ့ ပြဿနာပါ။ အရင်ခေတ်အဆက်ဆက် ရုပ်ရှင်ရုံလုပ်ငန်းတွေကို အစိုးရကပဲ လက်ဝါးကြီးအုပ် လုပ်ခဲ့တော့ သူက ဒီလုပ်ငန်းတွေအပေါ် အာရုံမစိုက်တော့တဲ့အခါ၊ ကိုယ်ကျိုးစီးပွားပြဿနာတွေ ရောယှက်လာတဲ့အခါ ရုပ်ရှင်ရုံတွေ နိဂုံးချုပ်သွားတဲ့ အခြေအနေ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက လုပ်ခဲ့တဲ့ မကောင်းမှုတွေပါ။ အခု မြန်မာရုပ်ရှင် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုရင် အမြို့မြို့အနယ်နယ်မှာ ရုပ်ရှင်ရုံတွေပြန် ပေါ်ပေါက်လာအောင် လုပ်ရပါဦးမယ်။ အဲဒီရုံတွေမှာ ကြည့်ရတာ အိမ်မှာ ကြည့်ရတာထက် သာတယ်၊ ဈေးနှုန်းလည်း သင့်တင့်တယ်ဆိုတဲ့ အခြေအနေမျိုးရောက်အောင် လုပ်ပေးရပါမယ်။ လိုအပ်ရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ဘယ်လို ပေါင်းစပ်မလဲ ကြိုးစားကြဖို့ လိုပါတယ်။
နောက်ထပ် လိုအပ်နေတာက မြန်မာရုပ်ရှင်နည်းပညာ အတတ်ပညာ ချို့တဲ့နေမှုပါ။ ရုပ်ရှင်ဒါရိုက်တာတွေ လောကသားတွေ အများကြီး လေ့လာသင်ယူဖို့ လိုနေပါတယ်။ အနည်းဆုံး အိမ်နီးချင်းနိုင်ငံတွေက ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အသိပညာရှင် အတတ်ပညာရှင်တွေဆီကနေ အများကြီးသင်ယူဖို့ လိုပါတယ်။ လုပ်ငန်းရှင် အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းနာတွေ အများကြီးရှာဖို့လိုပါတယ်။ ကြားကာလ ကိုယ့်နိုင်ငံ ရောက်နေတဲ့ အဆင့်အတန်း၊ ရောက်နေတဲ့ အခြေအနေအောက်ကနေ အကောင်းဆုံးဖန်တီးမှုတွေ လုပ်ကြရမယ် ဖြစ်ပါတယ်။ နိုင်ငံခြား ရုပ်ရှင်တွေကို လက်ညှိုးထိုး အပစ်ရှာဖို့ မဟုတ်သလို၊ အနယ်နယ် အရပ်ရပ်က ခွေအငှားဆိုင်တွေကို နည်းပေါင်းစုံနဲ့ “ကျပ်” ဖို့ မဟုတ်ပါဘူး။ ကြိုးစားထားရင် ရန်ကုန်မြို့လယ်မှာ တောင် ဟောလိဝုဒ်က GODZILLA နဲ့ ယှဉ်လို့ရပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1oPWJip
Comments
Post a Comment