အင်တာနက် ဘဏ်ဝန်ဆောင်မှု ပေးရန် CB ဘဏ် စီစဉ်
ရန်ကုန်၊ မေ ၂၃
အာဆီယံဒေသတွင်း နိုင်ငံများ၌ တွင်ကျယ်စွာ အသုံးပြုနေပြီး မြန်မာနိုင်ငံတွင် ဝန်ဆောင်မှု ပေးနိုင်ခြင်း မရှိသေးသည့် အင်တာနက်ဘဏ် ဝန်ဆောင်မှု လုပ်ငန်းကို သမဝါယမဘဏ်လီမိတက် (CB) က လုပ်ကိုင်ရန် စီစဉ်နေကြောင်း သမဝါယမဘဏ်လီမိတက် ဦးဆောင် ညွှန်ကြားရေးမှူး ဦးဖေမြင့်က ပြောကြားသည်။
အင်တာနက် အသုံးပြုနိုင်သော ကွန်ပျူတာ၊ မိုဘိုင်းလ်ဖုန်းများဖြင့် ဘဏ်အပ်ငွေစာရင်း စစ်ဆေးခြင်း၊ ဘဏ်စာရင်းအချင်းချင်း ငွေလွှဲပြောင်းခြင်း၊ နိုင်ငံတကာသို့ ငွေလွှဲခြင်းများ ပြုလုပ်နိုင်မည့် ယင်းဝန်ဆောင်မှုကို လုပ်ကိုင်နိုင်ရန် သမဝါယမဘဏ်က လုပ်ဆောင်လျက် ရှိပြီး ဇူလိုင်လ ဝန်းကျင်တွင် ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်သည့် အင်တာနက် ဘဏ်စနစ်၊ မိုဘိုင်းလ် ဘဏ်စနစ်များကို အကောင်အထည်ဖော်ရာတွင် ပြည်တွင်းဘဏ်များမှာ ဆက်သွယ်ရေးလိုင်း မကောင်းခြင်း စသည့် ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်များက ဆိုသည်။
ဘဏ်စနစ်များကို အင်တာနက် ချိတ်ဆက်၍ သုံးစွဲနိုင်သည့်အတွက် ကောင်းမွန်သော်လည်း အင်တာနက်လိုင်း ကျဆင်းမှုကြောင့် ဘဏ်ငွေစာရင်း တစ်ခုမှ တစ်ခုလွှဲပြောင်းခြင်း၊ ဘဏ်များမှ ငွေလွှဲပြောင်းရာတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း သုံးစွဲသူအချို့က ပြောဆိုသည်။
အင်တာနက် ဘဏ်စနစ် လုပ်ကိုင်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး ဗဟိုဘဏ်ကို တင်ပြထားကြောင်း ဧရာဝတီဘဏ်ကလည်း မေလဆန်းပိုင်းက ကြေညာထားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ ဘဏ်ဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ရန် ပြည်တွင်းဘဏ်များက ကြိုးပမ်းလာကြပြီး မိုဘိုင်းလ်ဖုန်း အသုံးပြု၍ ငွေလွှဲပြောင်းခြင်း၊ ငွေလဲနှုန်းများ ကြည့်ရှုခြင်း၊ ငွေစာရင်း စစ်ဆေးနိုင်ခြင်းများ ပြုလုပ်နိုင်သည့် မိုဘိုင်းလ်ဘဏ်စနစ်ကို လတ်တလောတွင် သမဝါယမဘဏ်လီမိတက်နှင့် အင်းဝဘဏ်တို့က လုပ်ကိုင်လျက် ရှိသည်။
from The Voice Weekly's Facebook Wall http://ift.tt/1oeK8Yu
Comments
Post a Comment