ချေးငွေ အကြေပြန်မဆပ်နိုင်သော်လည်း မိုးစပါးအတွက် ထပ်မံထုတ်ချေးပေးမည်
စည်သူမောင်မောင်| ကြာသပတေးနေ့၊ မေလ ၂၂ ရက် ၂၀၁၄ ခုနှစ်
ဧရာဝတီတိုင်းအတွင်း ၂၀၁၃ ခုနှစ် မိုးစပါး စိုက်စရိတ်ချေးငွေ ကြွေးကျန်များရှိခဲ့သော်လည်း ယခုနှစ်မိုးစပါး စိုက်စရိတ် ချေးငွေ ကျပ်သန်း ၂၇၁ ဒသမ ၂၁ ဘီလီယံအထိ တိုးမြှင့်ပေးသွားမည်ဟု စိုက်ဘဏ်တိုင်းမန်နေဂျာ ဦးခင်မောင်ဝင်းက မေလ ၂၁ ရက်တွင် ပြောသည်။
၂၀၁၃ ခုနှစ် မိုးစပါးတွင် စိုက်ဘဏ်ချထားပေးသည့် ငွေကျပ် ၂၄၃ဒသမ ၅၆ ဘီလီယံတွင် ပြန်ဆပ်ငွေ ၈၁ ဒသမ ၈၉ ရာခိုင်နှုန်းရှိခဲ့သည်ဟု ဆိုသည်။
“နာဂစ်နှစ်တုန်းကတောင် အကြွေးကျေတယ်၊ အခုနောက်ပိုင်းနှစ်တွေမှာတော့ တောင်သူတွေ အကြွေးကျန်တွေ ရှိလာတယ်။ ကျွန်တော်တို့အနေနဲ့ အရမ်းတွန်းတွန်းတိုက်တိုက်တောင်းဖို့ အခက်အခဲရှိနေတယ်” ဟု စိုက်ဘဏ်တိုင်းမန်နေဂျာက ဆိုသည်။
ဧရာဝတီတိုင်းတွင် ၂၀၁၂ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေကြွေးကျန် ၁၆၂ သိန်းကျော်နှင့် ဆောင်းစိုက်ပျိုးစရိတ် ကြွေးကျန်မှ ၁၀၇သိန်းကျော် ကျန်ရှိနေသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ယခင်နှစ်က စိုက်ပျိုးရာသီကြာချိန်အလိုက် ချေးငွေများတွင် အတိုးနှုန်း ၈ ဒသမ ၅၀ ကျပ် တောင်းခံခဲ့သော်လည်း ယခုနှစ်တွင် ငါးကျပ်တောင်းခံကာ မိုးစပါးအတွက် တစ်ဧက ကျပ်တစ်သိန်းနှုန်း ထုတ်ချေးမည်ဟုလည်း ဦးခင်မောင်ဝင်းက ပြောသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1lTCWMw
Comments
Post a Comment