ရှမ်းနှစ်ပါတီပူးပေါင်းရေး ပဏာမသဘောတူညီမှုရ
ဂျွန်ချစ်ငြိမ်း
တောင်ကြီး၊ မဇ္ဈိမ။ ။ ရှမ်းပါတီကြီးနှစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)နှင့် ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီ(SNDP)တို့ ပူးပေါင်းနိုင်ရေးအတွက် မေလ ၃ရက်က ပထမအကြိမ်တွေ့ဆုံဆွေးနွေးရာ ပဏာမသဘောတူညီချက် ရရှိခဲ့ပြီဟု
နှစ်ပါတီပေါင်းစည်းရေး အတွက် SNDPဘက်မှ အဖွဲ့ခေါင်းဆောင်ဖြစ်သူ၊ ပါတီ၏ ဒုဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီက မဇ္ဈိမကို ပြောသည်။
" ရှမ်းပါတီ နှစ်ခု ပူးပေါင်းရေးအတွက် ပထမအဆင့်ပေါ့၊ ရှေ့လျှောက်တွေ့ပြီးတော့ မူဝါဒပိုင်းကွဲလွဲတဲ့ ကိစ္စတွေ၊ ရွေးကောက်ပွဲ ကော်မရှင်မှာ ရှိနေတဲ့ ဥပဒေတွေနဲ့အညီ ဘယ်လို လုပ်ဆောင်သွားမယ်ဆိုတာကို အန်ကယ်တို့ ဆက်လက်တွေ့ဆုံ ဆွေးနွေး
သွားကြမှာပါ " ဟု ဦးစိုင်းဆောင်ဆီက ပြောသည်။
ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ ပါတီနှစ်ခု ပူးပေါင်းဆောင်ရွက်မည်ဆိုလျင် နှစ်ပါတီ လုံးဖျက်သိမ်းရမည်ဟု ပါရှိသည်။ ထိုအချက်ကြောင့် ၂၀၁၄ခုနှစ် ဇန်န၀ါရီက မူဆယ်တွင် ကျင်းပခဲ့သည့် ကျားဖြူပါတီညီလာခံတွင် ကိုယ်စားလှယ် အားလုံးက ပါတီဖျက်သိမ်းခြင်းကို ဘယ်လို အကြောင်းနှင့်မျှ မပြုရန် ဆန္ဒပြုထားသည့်အတွက် အခက်ခဲတစ်ချို့လည်း ရှိနေသေးသည်ဟု ဒီမိုကရက်တစ်ပါတီ (SNDP) ပါတီ၏ ဆွေးနွေးပွဲ
အဖွဲ့ခေါင်းဆောင် ဦးစိုင်းဆောင်ဆီက ဆိုသည်။
ယင်းကဲ့သို့ ပါတီနှစ်ခု၏ မူဝါဒပိုင်း အခက်ခဲများကို နှစ်ပါတီ စလုံးက အသိမှတ်ပြုပြီး ပေါင်းစည်းရန်အတွက် နည်းလမ်းများစွာ ရှာဖွေ
သွားရမည် ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ဘက်မှ ဆွေးနွေးပွဲတွင်ပါဝင်သည့် ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ဦးစိုင်းခင်မောင်ညွန့်က ပြောသည်။
"အဓိက အခက်ခဲက နှစ်ပါတီ ဖျက်ရေး၊ မဖျက်ရေးမှာ သူ့ပါတီ ကိုယ့်ပါတီ မူဝါဒတွေရှိသလို ကျားဖြူပါတီညီလာခံမှာ ပါတီ ဖျက်ရေးကို
သဘောမတူထားတဲ့ အခက်ခဲတွေလည်း ရှိနေပါသေးတယ်"ဟု ဦးစိုင်းခင်မောင်ညွန့်က မဇ္ဈိမကို ပြောသည်။
သို့သော် ရှမ်းနှစ်ပါတီ ပူးပေါင်းဆောင်ရွက်ရေးအတွက် နှစ်ဖက် ပါတီမှ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးပွဲ
သည်လည်း ရှမ်းတိုင်းရင်းသား ဘာသာစကားဖြင့် ပြောဆိုဆွေးနွေးခဲ့ကြသည့်အတွက် ပွင့်လင်းမြင်သာပြီး ရင်းနှီးမှု ရရှိခဲ့ကြသည်ဟု ဦးစိုင်းခင်မောင်ညွန့်က ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)တို့ နှစ်ပါတီ ပေါင်းစည်းရေးအတွက်
ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLDမှ ဒုဥက္ကဋ္ဌ ဦးစိုင်းစောအောင် ဦးဆောင်သည့် ကိုယ်စားလှယ် (၅) ဦး နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP မှ ဒုဥက္ကဌ ဦးစိုင်းဆောင်ဆီ ဦးဆောင်သည့် ကိုယ်စားလှယ် (၅) ဦးစီ ပါဝင်
ဆွေးနွေးခဲ့ကြသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1moChDp
Comments
Post a Comment