ကာလုံထောက်ခံချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ဆက်လက် ထုတ်ပြန်ရန် အဆိုတင်မည်
ဝင်းကိုကိုလတ်| သောကြာနေ့၊ မေလ ၃၀ ရက်၊ ၂၀၁၄ခုနှစ်
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ(ကာ/လုံ)၏ ထောက်ခံချက်နှင့်အညီ အထွေထွေလွတ် ငြိမ်းချမ်းသာခွင့် ဆက်ထုတ်ပြန်ပေးရန် သမ္မတဦးသိန်းစိန်အား ပြည်သူ့လွှတ်တော်က တိုက်တွန်းကြောင်း အဆိုကို သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က တင်သွင်းသွားမည်ဟု ဆိုသည်။
အထက်ပါ လွတ်ငြိမ်းချမ်းသာခွင့်အဆိုကို ယနေ့ကျင်းပသည့် ပထမအကြိမ်၊ ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ဒုတိယနေ့အစီအစဉ်တွင် ပါဝင်သော်လည်း ရက်ရွှေ့ဆိုင်းဆွေးနွေးရန် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဦးသိန်းညွန့်က “လွှတ်တော်ဥက္ကဋ္ဌက ကာ/လုံမှာလည်းပါတယ်။ ဘာပဲဖြစ်ဖြစ် Agenda မှာ ထည့်ပေးတာ ကျေးဇူးတင်ပါတယ်။ မလွဲမသွေဆွေးနွေးရမှာပါ” ဟု ယနေ့လွှတ်တော်အပြီးတွင် မီဒီယာများအား ပြော ကြားသည်။
ယနေ့တင်သွင်းသည့်အဆိုကို ပြီးခဲ့သည့် ပထမအကြိမ်၊ န၀မပုံမှန်အစည်း အဝေး ဇန်န၀ါရီလ ၇ ရက်တွင် စတင်တင်သွင်းခဲ့ပြီ ယနေ့ဆွေးနွေးရန် အစီအစဉ်တွင် ပါသော်လည်း ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး သည် နိုင်ငံရေးလုပ်ငန်းစဉ် များတွင် အားလုံးပါဝင်နိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၄(ခ)အရ အထွေထွေလွတ် ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ပေးရန် အဆိုတင်သွားမည်ဟု ဦးသိန်းညွန့်က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄(ခ)တွင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းခွင့်ပေးပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/TYNjqN
Comments
Post a Comment